2012년 2월 29일 수요일

(မြန်ပြည်တွင်းဝယ်) အာဇာနည် ဗိမာန်ကို နှစ် ၂၀ ကျော် ပစ်ထား၊ ဇေကမ္ဘာက တရားစွဲမလား၊ ဂျပန်ခရီးသည် ပါးရိုက်မှု – journal news pieces

ညွန့်ထွေး
ဖေဖော်ဝါရီ ၂၆၊ ၂၀၁၂

Myanmar Post ဂျာနယ် – ဖေဖော်ဝါရီ ၂၂

အာဇာနည် ဗိမာန်ကို အနှစ် ၂၀ ကျော် ပစ်ထား


မန္တလေးက အာဇာနည် ၁၇ ဦး ဗိမာန်တော်ကို သန့်ရှင်းရေးလုပ်တယ် ဆိုတဲ့ သတင်းပါ။ ထိန်းသိမ်းစောင့်ရှောက်သူမဲ့နေတာ အနှစ် ၂၀ ကျော်ခဲ့ပြီလို့ ဆိုတယ်။ ချုံတွေ ပိတ်နေတာ ဗိမာန်ကို ဖုံးသွားမတတ်ပါပဲ တဲ့။ စာသင်ကျောင်း သမိုင်းဘာသာရပ်မှာ မန္တလေးက အာဇာနည် ၁၇ ဦး အကြောင်း သင်ခဲ့ပေမယ့် ဒီလိုပစ်ထားတဲ့အကြောင်းတော့ မသင်ခဲ့ရပါဘူး။

ဗိမာန်သန့်ရှင်းရေးကို မန်းစည်ပင်က ဆက်လက် တာဝန်ယူမယ်လို့ ဆိုတယ်။ မန်းစည်ပင်က အနှစ် ၂၀ လုံး ဘာတွေလုပ်နေပါလိမ့်နော်။

တလ ကျပ်တထောင် စီမံကိန်း၊ စင်ကာပူရောက်ရွှေများ ပါဝင်

One More လို့ ခေါ်တဲ့ တလ ကျပ်တထောင် လှူဒါန်းတဲ့ အစီအစဉ်ကနေ သိန်း ၁၄၀ နီးပါး ရခဲ့တယ် တဲ့။ စလုံးရောက် မြန်မာတွေ အယောက် ၅၀၀ ပါဝင်လာပြီလို့ ဆိုတယ်။

ဘားအံကဟိုတယ်မှာ ကြိုးမဲ့အင်တာနက်

နယ်မြို့တမြို့က ဟိုတယ်တခုမှာ ကြိုးမဲ့အင်တာနက် သုံးနိုင်ပြီ ဆိုတာ နိုင်ငံတကာအမြင်နဲ့ ကြည့်ရင်တော့ ဒီသတင်းက ပိစိကွေးဖြစ်နေတယ်။ နွေရာသီတွင် ပူအိုက်ပြီး ဆောင်းဥတုတွင် အနွေးထည်ဝတ်ရသည် ဆိုတဲ့ အရေးအသားပေါ့။

ဒါပေမယ့် ဒီသတင်းတိုက မြန်မာပြည်ထဲက လူတချို့အတွက်၊ ဘားအံဒေသခံတို့အတွက်တော့ စိတ်ဝင်စားစရာအချက်လေးတွေ ပါနေပါတယ်။ Wifi ကြောင့် တည်းခိုသူများ အဆင်ပြေတယ် လို့ ဆိုထားတာကတော့ Wifi ကို ဘာမှန်းမသိတဲ့သူ သို့လောသို့လော ဖြစ်သွားနိုင်ပါတယ်။ Wifi ဟာ ဘာပါလိမ့်၊ တယ်စွမ်းပါလားလို့ ထင်သွားနိုင်ပါတယ်။


iPay လာမယ် ဆိုပဲ

၂ကြောင်းပဲ ရေးထားတဲ့ ကြော်ငြာမှာ မြင်ရတဲ့အတိုင်းပါပဲ၊ ယာဉ်စီးခ ပေးချေတဲ့ကတ် တဲ့။


ဒီကတ် သုံးမယ် ဆိုရင် အရမ်းကောင်းပါတယ်။ ခရီးသည်က ပြန်အမ်းငွေ မရတော့မှာ မပူရတော့ဘူး၊ အကြွေကြောင့် စိတ်မညစ်ရ၊ သွေးမတိုးရတော့ဘူးပေါ့။

စင်ကာပူမှာ ဒါမျိုးကတ်တွေပဲ သုံးတယ် တဲ့။ ကားစပယ်ယာ မလိုဘူး တဲ့ – စင်ကာပူက သယ်ရင်းတွေက လှမ်းပြောပြပါတယ်။ ကားတစီးလုံး ဒရိုင်ဘာတယောက်ပဲ ထိန်းတယ် ဆိုပဲ။ ယာဉ်စီးခပေးတဲ့ကတ်ကို စစ်ဆေးတဲ့စက်က ကားပေါ်အတက် ဒရိုင်ဘာခုံဘေး ဆင်ထားတယ် ဆိုပဲ။ ကတ်ကို အဲဒီစက်က မှန်ပြားမှာ တစက္ကန့်လောက် ပြလိုက်ရုံပဲ တဲ့။ ကတ်ကို ပိုက်ဆံအိတ်ထဲထည့်ထား၊ ထုတ်စရာတောင် မလိုဘူး၊ ကားပေါ်အတက်မှာ ပိုက်ဆံအိတ်ကို စက်ပေါ်ကမှန်ပြားပေါ် တချက် ပုတ်လိုက်၊ ပြလိုက်ရင် အသံမည်မယ် တဲ့၊ ကတ်ထဲ ငွေရှိရမယ်ပေါ့လေ။ အဲ – ကတ်ထဲကငွေ ဘယ်လိုနုတ်ယူသလဲဆိုတော့ ကားပေါ်ကအဆင်းမှာ စက်ကို တခါပြန်ပြရတယ် တဲ့။ အတက်တုန်းကလိုပဲ စက်က မှန်ပြားပေါ် တချက် တင်လိုက်တာပါပဲ တဲ့။ အဲဒီလို တင်လိုက်ရင် ကိုယ်စီးလာတဲ့ ခရီး ဘယ်လောက် ရှိတယ် ဆိုတာ စက်က တွက်ချက်ပြီး ကတ်ထဲက ပိုက်ဆံ နုတ်ထားလိုက်ရော ဆိုပဲ။ တယ်လည်း တန်ခိုးကြီးတဲ့ စက်ပါလား။ ကွန်ပျူတာနည်းပညာနဲ့ လုပ်ထားတာလို့ စင်ကာပူရောက် အမည်မဖော်လိုသူ မျိုးဇော်က ပြောပြပါတယ်။

သူတို့ဆီမှာ ဘတ်စ်ကားစီးဖို့ ငွေမကိုင်ဘူး၊ ဒီလိုကတ်ပဲ ကိုင်တယ် တဲ့။ ကတ်မရှိရင် ဘယ်လိုလုပ်မလဲ ဆိုတော့ ရောင်းတဲ့စက်မှာ ပိုက်ဆံထည့်ပြီးဝယ်နိုင်တယ် တဲ့။

ကျနော်တို့ရန်ကုန်မှာ ဒီစနစ် မိတ်ဆက်တဲ့အခါ စင်ကာပူနဲ့တော့ တူမယ် မဟုတ်ဘူး။ ခုမှ စမ်းတ၀ါးဝါး လုပ်ကြရမှာ မဟုတ်လား။ လူတိုင်းက စက်ပစ္စည်းနဲ့ အကျွမ်းဝင်တာမဟုတ်ဘူး။ အကြွေစေ့မသုံးတဲ့နိုင်ငံ ဆိုတော့ လမ်းဘေးစက်တွေ မရှိဘူးလေ။

ဒီစနစ်မကြာခင် လာမယ် တဲ့။ မကြာခင် ဆိုတော့ ခဏပေါ့ကွာ။

ထောက်လှမ်းရေးခဏ ရဲခဏ လိုမျိုးတော့ မဖြစ်စေနဲ့နော်။

ဇေကမ္ဘာရဲ့ ရှင်းချက်

ဇေကမ္ဘာက လယ်သိမ်းတဲ့အခါ တရားသဖြင့် လုပ်ခဲ့တယ် ဆိုတဲ့ ရှင်းလင်းပွဲပါ။ ဂျာနယ်တစောင် နဲ့ မီဒီယာတချို့မှာ ပါတဲ့ သတင်းကြောင့် ရှင်းတာပါ တဲ့။

ဇေကမ္ဘာ ဂုဏ်သိက္ခာ ညှိုးနွမ်းရတယ် လို့ ဆိုတယ်။ ဘာကြောင့် ဘယ်လိုညှိုးသလဲ သတင်းမှာ ရေးမထားပါ။ သတင်းရေးသူက သဘောပေါက်ပါလိမ့်မယ် ဒီအကြောင်းအရာကို။ စာဖတ်သူကတော့ ဖတ်ပြီး လည်သွားနိုင်ပါတယ်။ နားလည်တာကိုပြောခြင်းမဟုတ်၊ ချာချာလည်သွားနိုင်တာပါ။


Hot News ဂျာနယ် – ဖေဖော်ဝါရီ ၂၄


Hot News ရဲ့ ရှင်းချက်

ဇေကမ္ဘာ ပြောတဲ့ ဂျာနယ်တစောင် ဆိုတာ Hot News ဂျာနယ်ကို ပြောတာ ဖြစ်နိုင်ပါတယ်။ နောက်ဆုံးထုတ် Hot News က ဒီသတင်းကို အကြီးအကျယ် ရှင်းချက် ထုတ်ထားလို့ပါပဲ။

တရားစွဲနိုင်တယ်၊ ဥပဒေအရ တုံ့ပြန်ဖို့အသင့်ပဲ ဆိုပြီး ခေါင်းစဉ်တပ်ထားပါတယ်။

လယ်သမားများ ဂျာနယ်ကို အားကိုးကြသည်

မွန်ပြည်နယ်မှာ ဧက နှစ်ထောင် မတရားသိမ်းမယ့် အစီအစဉ်ကို ဂျာနယ်မှာ ဖွင့်ချလိုက်လို့ ဧက နှစ်ရာပဲ အသိမ်းခံရတယ်၊ ဒါကြောင့် လယ်သမားတွေက ဂျာနယ်ကို အားကိုးကြတယ် တဲ့။ ဘယ်ဒေသမှာ ဘာတွေ ဖြစ်နေသလဲ ဖတ်ကြည်ပါနော်။ ဒီအင်တာဗျူးကလည်း ဇေကမ္ဘာနဲ့ ဆိုင်ပါတယ်။

မိုးပျံပူဖောင်းကြောင့် ဆေးရုံရောက်၊ တရားရုံးရောက်


မိုးပျံပူဖောင်း မြင်ရင် ကလေးတွေ ပျော်ကြတယ်၊ သူတို့ပျော်တော့ လူကြီးများလည်း ပျော်ကြတယ်။ ဒါပေမယ့် မိုးပျံပူဖောင်းတွဲနား မီးခြစ် ခြစ်လိုက်တော့ ကြေကွဲစရာတွေ ဖြစ်လာပါတယ်။ အဲဒီအကြောင်း ဒီမှာ ဖတ်ပါ။

အောင်ဆန်းစုကြည်၊ အောင်ဆန်းစုနိုင်

ဝမ်းတွင်းမြို့ နဘဲကန်ရွာကြီးမှာ ကလေး ၂ ယောက်ကို အောင်ဆန်းစုကြည် ဆိုပြီး အမည်ပေးခဲ့ဖူးတယ် တဲ့။

ဒေါ်စုကို လေးစားတဲ့ မိဘများက ဒေါ်စု နာမည်စကြီးချိန်မှာ မွေးတဲ့ ကလေးကို ဒီနာမည် ပေးထားတယ် တဲ့။ အောင်ဆန်းစုနိုင် လို့ တယောက်ကို နာမည်ပေးတာကတော့ ၁၉၉၀ NLD နိုင်တဲ့ ကာလမှာ မွေးလို့ပါ ဆိုပဲ။ နာမည်ပြောင်းဖို့ အကြံပေးသူတွေလည်း ရှိတယ် တဲ့။ မပြောင်းဘူးလို့ ကလေးဖေက ဆိုတယ်။ အဲဒီတုန်းက ကျောင်းမအပ်ရသေးလို့ မပြောင်းတာဖြစ်မယ် ထင်တယ်၊ ကျောင်းရောက်ရင် ဆရာ ဆရာမများက ပြောင်းခိုင်းမယ် ထင်ပါရဲ့။ စိတ်ဝင်စားစရာပါပဲ။ အချိန်ရရင် ဖတ်ကြည့်သင့်ပါတယ်။

အိုဘားမားကြောင့် ဆေးခြောက် ဖမ်းမိ

အိုဘားမားရဲ့ ပြည်တွင်းခရီးစဉ်တခုမှာ သူ့လမ်းကြောင်းကို လေယာဉ်ပိစိတစီးရောက်နေတယ်။ လုံခြုံရေးအရ အဲဒီ လေယာဉ်ပိစိကို လမ်းကြောင်းကနေ ဖယ်ခိုင်းတယ်။ ပြီးတော့ ဖမ်းပြီး စစ်ဆေးတယ်။ ဆေးခြောက်တွေ့တယ်။

ဒီသတင်းက ကမ္ဘာကျော်သတင်းဖြစ်သွားတယ်။ ဂျာနယ်မှာ ဘာသာပြန်တာ ဘယ်သတင်းကို ယူပြန်တယ် မသိပါဘူး။ F16 ပေါ်မှာ ဆေးခြောက်မိတယ် တဲ့။ အင်း – F16 ဆိုတာ စစ်ဘက်ဆိုင်ရာမှာပဲ သုံးတာလေ။ F16 မှာ အဲဒီလို မိတယ် ဆိုရင်တော့ ဧရာမသတင်းကြီးဖြစ်မယ်နော်။

ယောက်ျားလေးများ သံချပ်ကာအင်္ကျီဝတ်ရန်

ယောက်ျားလေးတွေ ဘတ်စ်ကားစီးတဲ့အခါ သံချပ်ကာအင်္ကျီဝတ်ဖို့ လိုနေပြီ ထင်ပါတယ်။


မဟုတ်ဘူးလေကွာ ဒီလိုအင်္ကျီက မိန်းမတွေ ၀တ်ရမှာ မဟုတ်ဘူးလား၊ ဘတ်စ်ကားစီးရင် မိန်းမတွေကပဲ အပွတ်အသပ်ခံရ အကိုင်အတွယ်ခံရတာလေကွယ်၊ မိုးမခ သတင်းထောက် ကြောင်သွားပြီလား လို့ ထင်ကောင်း ထင်ကြပေမယ်နော်။ အင်း – ကြောင်နေတာတော့ ကြာပါပြီလေ။

ကိုင်းဗျာ – သတင်း အရင် ဖတ်ပါဦးနော်။ ဘတ်စ်ကားပေါ်မှာ အမျိုးသမီးတွေကို ကာကွယ်ဖို့ ၀ီစီတွေ ပေးပြီ တဲ့။

တဏှာလွန်ကဲတဲ့ အပြုအမူတွေ ရပ်ဖို့ ရည်ရွယ်တယ် တဲ့။ ကောင်းမွန်တဲ့ ရည်ရွယ်ချက် ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရန်ကုန်မှာက သူခိုး၊ ခါးပိုက်နှိုက် ဆိုပြီး အစွပ်စွဲခံရသူဟာ ဆွမ်းကြီးလောင်းခံရတာ ထုံးစံပဲနော်။ ဆွမ်းကြီးလောင်းတယ် ဆိုတာ အဲဒီ အစွပ်စွဲခံရသူကို အုပ်စုလိုက် ကြိုက်သလို ကန်ကျောက်ကြ၊ လက်သီးနဲ့ ထိုးကြ၊ တံတောင်နဲ့ ထောင်းကြတာကို ပြောတာနော်။

လူတယောက်ကို ချောက်ချချင်ရင် သူခိုးစွပ်စွဲပြီး လမ်းပေါ်မှာ ၀ိုင်းထိုး၊ ၀ိုင်းနှိပ်စက်လို့ရတဲ့မြို့ဟာ ရန်ကုန်မြို့ ဖြစ်ပါတယ်။
ကြည့်မြင်တိုင်က နိုင်ငံရေးသမားတယောက်ကို အာဏာပိုင်တွေက လိုက်ဖမ်းတုန်းက သူခိုး လို့ေ အ်ာပြီး လိုက်ဖမ်း၊ ၀ိုင်းပြီး ရိုက်လို့ သေပါရောလား။ ကိုသက်နိုင်ဦးလေ။ ရှေ့လဆို ၆ နှစ် ပြည့်ပြီ။ ရိုက်မှုဖြစ်တုန်းက တာဝန်ကျ ဒုရဲအုပ်တယောက်ဆို စခန်းမှူးတောင် ဖြစ်သွားပြီလို့တောင် သတင်းတပုဒ်မှာ ဖတ်ရသေးတယ်။

လိုရင်း ပြန်ကောက်ရရင်ဖြင့် မိန်းမတယောက်က ၀ီစီမှုတ်လို့ တဏှာကောင် ဆိုပြီး စွပ်စွဲခံရသူဟာ ရန်ကုန်ထုံးစံအတိုင်း ၀ိုင်းရိုက်တာ ခံရလေမလား စဉ်းစားမိတာပါ။ ဒါကြောင့် ယောက်ျားလေးတွေ ဘတ်စ်ကားစီးတဲ့အခါ သံချပ်ကာအင်္ကျီဝတ်ဖို့ လိုနေပြီ ထင်ပါတယ်လို့ ဆိုမိတာပါလေ။ စွပ်စွဲခံရ ရိုက်နှက်ခံရရင် ဒီလိုဝတ်ထားမှ သက်သာမယ် ထင်တာပဲနော်။
ဘတ်စ်ကားစီးရင် မိန်းမတွေကပဲ အပွတ်အသပ်ခံရ အကိုင်အတွယ်ခံရတာ နှစ် ၂၀ မကတော့ဘူးလို့ ဆိုသူတွေက ဆိုကြတယ်။ ဒါလည်း အင်မတန် ကြီးမားတဲ့ ပြဿနာပဲ။ ဒါကို ဖြေရှင်းဖို့ အမျိုးသမီးဘတ်စ်ကားတွေ များများ စီစဉ်ပေးတာမျိုးက ၀ီစီမှုတ်ခိုင်းတာထက် ပိုပြီး အဆင်ပြေတဲ့ ဖြေရှင်းနည်း ဖြစ်မယ် ထင်ပါတယ်လေ။ သတင်းဖတ်ပြီး စဉ်းစားမိ၊ လျှောက်ရေးမိတာပါနော်။ ၀ီစီမှုတ်ခိုင်းတာလည်း စိတ်ကူးကောင်းတခုပါပဲ။ သွေးထွက်သံယိုဖြစ်တတ်၊ လက်လွန်တတ်တဲ့ ဘေးထွက်ဆိုးကျိုး ရှိကြောင်း ထောက်ပြတာပါ။

သတင်းထောက်လစာနဲ့လည်း ကားဝယ်စီးဖို့ မဖြစ်နိုင်သေးတော့ ဘတ်စ်ကားကိုပဲ စီးရပေဦးမယ်လေ။
ဦးဟန်ရှင်ဝင်း အင်တာဗျူး


မေးတာတွေလည်း ကောင်း၊ ဖြေထားတာတွေလည်း စိတ်ဝင်စားစရာပါပဲ။ ဖတ်သင့်ပါတယ်။

ဦးဟန်ရှင်ဝင်း အရမ်းဖြေတတ်တာပဲလို့ ပြောရင်- ဟေ့ကောင် – ရော့ ပိုက်ဆံ – ပုဆိုးဝယ်ဝတ်ချည်လို့ ဆိုလေမလားပဲ။

အလင်းတန်းဂျာနယ် – ဖေဖော်ဝါရီ ၂၀
ဘားကမ့် ဆိုတာ ဒါပဲကွာ
မင်းတို့လုပ်နေတဲ့ ဘားကမ့်ဆိုတာ ဘာလဲ တဲ့။ ဒီလို အမေးခံရတာ ဆယ်ခါ မကတော့ဘူး။ ဒီတခါ မေးလာရင်တော့ ဒီဟာကို ဖတ်ခိုင်းလိုက်မယ်လို့ စိတ်ကူးပါတယ်။
ဆောင်းဦးလှိုင်ပွဲ

အမျိုးသားဇာတ်ရုံပြည့်ခဲ့တဲ့ ဆောင်းဦးလှိုင်ရဲ့ တကိုယ်တော်ဂီတပွဲအကြောင်း ဖြစ်ပါတယ်။ ဒီပွဲမရောက်ဖြစ်ခဲ့ဘူး ဆိုရင်တော့ ဒီသတင်းလေးတော့ ဖတ်သင့်ပါတယ်နော်။


ထင်ရှားသူများတက်တဲ့ မွေးနေ့ပွဲ

ကိုဂျင်မီ၊ မနီလာသိန်းတို့လည်း ကဗျာရေးတယ် တဲ့။ သူတို့မိသားစုလေးအကြောင်း၊ မွေးနေ့ပွဲလေးအကြောင်းပါ။

ကိုဂျင်မီက ဗိုလ်ချုပ်အောင်ဆန်းနဲ့ မွေးနေ့ တူပါတယ်။

ငါတို့ဗမာပြည်ဝယ် မိဘတိုင်းက ဗိုလ်အောင်ဆန်းလို သူရဲကောင်းမျိုး မွေးရမယ် ဆိုပြီး မွေးနေ့ပွဲမှာ ကိုကိုကြီးက ပြောတယ် တဲ့။

အိမ်ရှင်မ သတင်းဂျာနယ် – ဖေဖော်ဝါရီ ၂၅
FaceBook မှာ တွေ့ရတဲ့ ဂျာနယ်ဖြစ်ပါတယ်။ ဆိုင်တွေမှာတော့ ၀ယ်လို့ ရချင်မှ ရမယ်။ ဂျာနယ်တွေက ပေါတော့ ဆိုင်းတိုင်း ဒီဂျာနယ် မတင်ဘူး။
ဟိုတယ်ဝန်ထမ်း နဲ့ ဂျပန်ခရီးသည် ပါးရိုက်မှု

အရိုက်ခံရသူ ၀န်ထမ်းဟာ ၀ဲဘက်ပါး နာကျင်လို့ ရန်ကုန် ဆေးရုံကြီးမှာ ပြင်ပလူနာအဖြစ် ကုသခဲ့ရတယ်လို့ သတင်းမှာ ရေးထားပါတယ်။


အင်တာနက်မှာ မြင်ရတဲ့ ရုပ်သံမှတ်တမ်းအရ ဆိုရင် ဆေးရုံးတင်ရလောက်တဲ့အထိ ဒဏ်ရာ မရဘူးလို့ ယူဆရတယ်။ အင်း – ကိုယ်အရိုက်ခံရတာ မဟုတ်တော့လည်း လျှောက်ရေးလို့ မသင့်တော်ပါဘူးလေနော်။

ဒီဂျပန်ခရီးသည်တော့ လောလောဆယ် အမှု ရင်ဆိုင်နေရတယ်။

ဒီသတင်းနဲ့ ဆက်စပ် စဉ်းစားမိတာက ဟိုတလောက မလေးရှားမှာ ဖြစ်ခဲ့တယ် ဆိုတဲ့ မြန်မာအမျိုးသမီးတွေကို မြန်မာအမျိုးသားများက ၀ရုန်းသုန်းကား ၀ိုင်းဖွဲ့

ရိုက်နှက်မှု ရုပ်သံမှတ်တမ်းပါပဲ။ အဲဒီဖြစ်ရပ်က ပြည်ပမှာ ဖြစ်တာ ဆိုတော့ ရုံးရောက် ဂါတ်ရောက်ဟန် မရှိဘူး ထင်တယ်နော်။





댓글 없음:

댓글 쓰기