2012년 2월 5일 일요일

အသိပေးအပ်ပါတယ်

ကိုရီးယားရောက် မြန်မာနိုင်ငံသား အလုပ်သမားများခင်ဗျား။

ကိုရီးယားရောက်မြန်မာနိုင်ငံသားအလုပ်သမားများအနေနဲ့ အလုပ်သမားအခွင့်အရေးကို
အပြည့်အ၀ ရရှိနိုင်စေရန် ရည်ရွယ်ပြီး ဒီ ဘလော့ဂ်ကို ဖွင့်လှစ်ဖြစ်ခဲ့ပါတယ်။

နေ့စဉ် ဘလော့ဂ်သို့ ပြည်တွင်း ပြည်ပမှ မြန်မာနိုင်ငံသားများ လာရောက် လည်ပတ်ကာ ကိုရီးယားတွင်း
သတင်းများကို ရယူကြပြီး သိလိုရာ အချက်အလက်များကို မေးမြန်းကြတာကိုလည်း ဖြေကြားနိုင်သလောက် ၀မ်းမြောက်ဝမ်းသာစွာ ဖြေကြားပေးခဲ့ပါတယ်။

ဒါပေမယ့် နိုင်ငံခြားသား အလုပ်သမားများကို ဖိနှိပ်ဆက်ဆံကြတဲ့ ကိုရီးယား အလုပ်ရှင်များရဲ့ လူမဆန်မှု
ကြောင့် အလုပ်သမားပြဿနာများကလည်း အစဉ်မပြတ် ဖြစ်ပွားနေဆဲပါ။

ဘလော့ဂ်ကို ဖွင့်လှစ်ပြီး နောက်ပိုင်း ကျနော့်ဖုန်းသို့ နေ့စဉ်လိုလို အလုပ်သမားပြဿနာဆိုင်ရာ မေးခွန်းများ၊ ပြဿနာကို ကိုင်တွယ်ဖြေရှင်းပေးရန် တောင်းဆိုမှုများက အဆက်မပြတ် လာလေ့ရှိပါတယ်။

ဒါပေမယ့် အားလုံးနဲ့ ဘ၀တူ ရွှေ့ပြောင်းအလုပ်သမားတဦးဖြစ်သူ ကျနော့်အနေနဲ့ အလုပ်ချိန်တွင်း ဖုန်းကို အချိန်ပြည့် မကိုင်ပေးနိုင်တာကြောင့် အကူအညီတောင်းခံသူများရော၊ ကျနော်ပါ နှစ်ဦးနှစ်ဘက် အခက်အခဲ တွေ့ကြုံကြရပါတယ်။
ဒါကြောင့် ကျနော် ကူညီနိုင်တာကို တိတိကျကျ သတ်မှတ်ပေးရတော့မယ့် အခြေအနေကို ရောက်လာတာမို့ အခုလို သတ်မှတ်လိုက်ရပါတယ်။

ကျနော်ကူညီနိုင်တာက
အီးမေးလ်၊ စီဘောက်နဲ့ ဖုန်းမှ တဆင့် မေးမြန်းလာတဲ့ အလုပ်သမားပြဿနာဆိုင်ရာ ဥပဒေ၊ သတင်းဆိုင်ရာ မေးခွန်းများ။

မကူညီနိုင်တာက
- အလုပ်ရှင်နဲ့ အလုပ်သမားအကြား ၀င်ရောက် ဘာသာပြန်ပေးခြင်း၊
- လစာကိုယ်စားတောင်းခံပေးခြင်း၊
- အလုပ်နေရာပြောင်းရွှေ့ခွင့် ကိုယ်စားပြောပေးခြင်း၊
စတဲ့ ၁ကြိမ်အထက် ဖုန်းကိုင်ပြီး ကိုယ်ထိ လက်ရောက်ဖြေရှင်းမှ ရမယ့် ပြဿနာများအား
ကူညီပေးနိုင်ခွင့် မရှိတာကို စိတ်မကောင်းစွာ အသိပေးအပ်ပါတယ်။
အကူအညီ လိုအပ်လာပါက လက်ရှိ မြန်မာသံရုံးမှာ အသစ်ဖွဲ့ထားတဲ့ အလုပ်သမားပြဿနာဖြေရှင်းပေးတဲ့
ဌာနထံ အကူအညီတောင်းကြည့်ပါ။
ဖုန်းနံပါတ်က 02-790-3848 (ဒေါ်အေးမွန်စိုး)ဖြစ်ပါတယ်။
အားလုံး အဆင်ပြေကြပါစေ။

စိုးမိုးသူ

댓글 없음:

댓글 쓰기