2011년 10월 9일 일요일

လယ်လုပ်ငန်းက အီးပီအက်စ် အလုပ်သမားများရဲ့ ဘ၀ဆိုးများ

"မင်းတို့ အိမ်ကို ပြန်၊ ကမ်ဘောဒီးယားကိုပြန်"
လွန်ခဲ့တဲ့ သြဂုတ်လ ၁၄ရက် ညနက်ပိုင်း၊ ဂန်ဝန်ဒို ရန်းဂူးအပိုင်ရှိ တခုသော ဖရုံခြံပိုင်ရှင် သူဌေးဟာ အလုပ် စာချုပ်ပါ အလုပ်ရှင်ဆီပို့ပေးဖို့တောင်းဆိုသူ ကမ်ဘောဒီးယားအလုပ်သမား မာဒါနဲ့  နာရာကို ဦးတည်ပြီး  အော်ဟစ်ပြောဆိုလိုက်တဲ့ အော်သံဖြစ်ပါတယ်။




မနေနိုင်လို့ ထွက်ပြေးကြရပြီ
နောက်တနေ့ အာရုဏ်၊
သူတို့၂ဦးဟာ သူဌေးက နေထိုင်ရန်ပေးထားတဲ့ လယ်ကွင်းတွင်းရှိ အခန်းမှ နေပြီး အထုပ်ပိုက်ထွက်ပြေး ခဲ့ကြပါတယ်။
သွားစရာနေရာ မရှိတဲ့အတွက် ကမ်ဘောဒီးယားလူမျိုးတွေ အများကြီးနေထိုင်နေကြတယ်လို့သိထားတဲ့ အန်ဆန်းမြို့ကို ပြေးလာခဲ့ကြပါတယ်။ သူတို့၂ဦးဟာ လမ်းတလျှောက်မှာ ရဲတွေ၊ လူဝင်မှုကြီးကြပ်ရေးဌာန ၀န်ထမ်းတွေကို ရှောင်ရှားရန်အတွက် အသိ ကမ်းဘောဒီးယားမိတ်ဆွေက လာခေါ်တဲ့အထိ ၄နာရီကြာ လယ်ကွင်းအနီး ဘုရားကျောင်းတွင်းမှာ ပုန်းအောင်းနေခဲ့ကြပါတယ်။ အဲဒီနောက် မိတ်ဆွေရဲ့ အကူအညီနဲ့ ဘတ်စ်ကားစီးပြီး  ဂန်ဝန်ဒိုကို ကျော်လွန်ကာ အန်ဆန်းမြို့ရှိ ရွှေ့ပြောင်းသူ များအတွက် မီဒီယာစင်တာသို့ ထွက်ခွာပြီး ၇နာရီအကြာမှာ ရောက်ရှိခဲ့ကြပါတယ်။


စင်တာမှာတော့ သူတို့အရင် ရောက်ရှိနေထိုင်နေကြသူ ကမ်ဘောဒီးယားနိုင်ငံသား အလုပ်သမား၁၈ဦး ကို တွေ့ရပါတယ်။ သူတို့၁၈ဦးဟာလည်း စာချုပ်ပါ အချက်အလက်အတိုင်း မဟုတ်တဲ့ ဆိုးဝါးလှတဲ့ လုပ်ငန်းခွင် အခြေအနေ၊ အလုပ်ရှင်ရဲ့ လူမဆန်တဲ့ ဆက်ဆံမှုတွေကို သီးမခံနိုင်လို့ စိုက်ပျိုးရေးလုပ်ငန်း ကနေ ထွက်ပြေးလာခဲ့သူများနဲ့ အလုပ်မှ မတရား အလုပ်ထုတ်ခံရသူများ ဖြစ်ကြပါတယ်။

သူတို့တွေဟာ အများအားဖြင့် မနက် ၅နာရီ၊ ၆နာရီကစပြီး အလုပ်ရှင်နှင့်အတူ စိုက်ပျိုးရေးကွင်းသို့ ထွက်ခွာ တနေကုန် ဖရုံ၊အာလူး၊ငရုတ်နဲ့ပန်းသီးပင်များကြား အလုပ်လုပ်ကိုင်ကြရပြီး ညနေ၇နာရီ၊ ၈နာရီမှ အလုပ်ကို သိမ်းကြရပါတယ်။

သူတို့ရဲ့ အလုပ်စာချုပ်မှာကတော့ အလုပ်လုပ်ချိန်ဟာ တလ ၂၂၀နာရီ(၂ရက်နားရက်)နှင့် ဥပဒေအရ သတ်မှတ်ထားတဲ့ အခြေခံလစာ ၉သိန်း၇သောင်းကို ရရှိမယ်လို့ပါရှိပေမယ့် တကယ်တမ်းကြတော့ သူတို့ဟာ တလကို နာရီ ၃ရာနဲ့ ၃၉၀ကျော်အလုပ်လုပ်ခဲ့ကြရပြီး လစာကိုတော့ ၀မ်၁၀သိန်းစီပဲ ရရှိကြပါတယ်။ သူတို့၁၈ဦးအနက် ၁၃ဦးရဲ့ အလုပ်ရှင်ထံမှ မရရှိခဲ့ကြတဲ့ အချိန်ပိုလုပ်ခစုစုပေါင်းဟာ ၀မ်သိန်း၁၅၀ကျော်ရှိပါတယ်။


နားမလည်တဲ့ ကိုရီးယားစကားနဲ့ မကျွမ်းကျင်တဲ့ လုပ်ငန်းကြောင့် သူတို့ဟာ အစဦးကတည်းက အလုပ်ကို ကျွမ်းကျင်ဖို့ဆိုတာ မဖြစ်နိုင်ပေမယ့်လည်း အလုပ်ရှင်ကတော့ သူတို့ကို အစဦးကတည်းက အရည်အချင်း
ပြည့် အလုပ်သမား အနေနဲ့ လိုလားခဲ့ပါတယ်။ ၅လတိုင် အလုပ်ရှင်၎ယောက်အောက်မှာ အလုပ်လုပ်ခံဖူးသူ ရုထားက အလုပ် လုပ်တာ မှားတိုင်း အလုပ်ရှင်က ကျနော့်ကို ငပျင်းဆိုပြီး ဒေါသတကြီး ဆဲဆိုတယ်၊ တခါတုန်းက သားရေကြိုးနဲ့လည်း ရိုက်တယ်လို့ ရင်ဖွင့်ပါတယ်။

ကမ်ဘောဒီယားသူ ဆိုးဖီးအုကလည်း ညနက် အလုပ်ပြီးလို့ ပြန်လာတိုင်း အလုပ်ရှင်က ညစာအတူသွား စားဖို့ ခဏခဏခေါ်လေ့ရှိပါတယ်။ ကျမက ငြင်းတဲ့အခါ အရက်ပုလင်းကို ပစ်ပေါက်ပြီး ဒေါသတကြီး ဆဲဆိုတယ်လို့ ပြောဆိုပါတယ်။

ကမ်ဘောဒီးယားသူ ဖွန်ကလည်း အလုပ်ပိတ်ရက်မှာ ရပ်ကွက်ထဲမှာ ဖွင့်တဲ့ ဈေးကို တယောက်တည်းသွား ခဲ့လို့ အလုပ်ရှင်က ဆူပူပါတယ်။ နားတဲ့ရက်တောင် အခန်းထဲမှာပဲနေနေခဲ့ရပါတယ်လို့ ကြုံခဲ့ရတဲ့ ခါးသီး မှုတွေကို ရင်ဖွင့်ပြန်ပါတယ်။

သူတို့တွေက ပင်ပန်းလွန်းတဲ့ အလုပ်နဲ့ လူမဆန်တဲ့ ဆက်ဆံမှုတွေထက် ပိုပြီးကြောက်ရွံ့ကြတာကတော့ ဖမ်းဆီးပြန်ပို့ခြင်းပဲဖြစ်ပါတယ်။ သူတို့က မန်နေဂျာလို့ ခေါ်တဲ့ စိုက်ပျိုးရေးသမဂ္ဂမှူး မစ္စကမ်ဟာ မည်သည့် ဥပဒေအထောက်အထားမှ မပါပဲ သူတို့ကို အလုပ်စာချုပ်ပါ လုပ်ငန်းခွင်မဟုတ်တဲ့ အလုပ်ရုံတွေကို ပို့ပြီး အလုပ်ခိုင်းကာ သူတို့ရဲ့ ပတ်စ်ပို့စာအုပ်တွေကိုလည်း မတရား သိမ်းယူထားပါတယ်။

အီးပီအက်စ် စနစ်ပါ နိုင်ငံခြားသားအလုပ်သမားအသုံးပြုခြင်းဆိုင်ရာဥပဒေနဲ့ လူဝင်မှုကြီးကြပ်ရေး ဥပဒေအရ ရွှေ့ပြောင်း အလုပ်သမားဟာ အလုပ်စာချုပ်ပါ လုပ်ငန်းခွင်မဟုတ်တဲ့ အလုပ်ရုံမှာ အလုပ်လုပ်ပါက ဗီစာဖျက်သိမ်းခံရပြီး နိုင်ငံတွင်းမှ နှင်ထုတ်ခံရမှာ ဖြစ်ပါတယ်။

ဒီလို ဥပဒေပါ အကြောင်းအရာကို သိလိုက်ရတဲ့ အလုပ်သမားတွေဟာ လွန်ခဲ့တာ ဂျူလိုင်နဲ့ သြဂုတ်လက စတင်ပြီး အလုပ်စာချုပ်ပါ အလုပ်ရုံမှာ အလုပ်လုပ်ချင်တယ်လို့ တောင်းဆိုခဲ့ပေမယ့် အလုပ်ရှင်တွေက မလိုက်လျောခဲ့ပါဘူး။ ကမ်ဘောဒီးယားအလုပ်သမားတဦးက အီးပီးအက်စ် အလုပ်သမားတင်သွင်းရေး ဌာနကို တိုင်ကြားလိုက်လို့ သက်ဆိုင်ရာများက အလုပ်ရုံအထိ လာရောက် စစ်ဆေးကြပေမယ့်လည်း မစ္စကင်မ်က လာရောက်စစ်ဆေးမည့်သူများ အလုပ်ရုံကို လာမယ့်နေ့မှာ ကမ်ဘောဒီးယား အလုပ်သမား
တွေကို စာချုပ်ပါ အလုပ်ရှင်တွေထံ ကြိုတင်ပို့ထားခဲ့ပါတယ်။  နောက်တနေ့မှာတော့ သူတို့ကို အရင်ပုံစံအတိုင်း ထပ်မံ အလုပ်ခိုင်းခဲ့ပါတယ်။


သူတို့ ၁၈ဦးဟာ လွန်ခဲ့တဲ့ သြဂုတ်လ အလယ်မှာ ရွှေ့ပြောင်းအလုပ်သမားမီဒီယာစင်တာရဲ့ အကူအညီဖြင့် ဂန်ဝန်အလုပ်သမားဝန်ကြီးဌာနထံ သူတို့ရရှိရမယ့် အချိန်ပိုလုပ်ခနဲ့ လုပ်ငန်းခွင်ပြောင်းရွှေ့ရေး အတွက် တိုင်ကြားလွှာတွေကို တင်နိုင်ခဲ့ပါတယ်။

ဒါပေမယ့် သူတို့ ၁၈ဦးအနက် ၈ဦးပဲ အချိန်ပိုလုပ်ခနဲ့ လုပ်ငန်းခွင်ပြောင်းရွှေ့နိုင်ခဲ့ကြပါတယ်။ ကျန်၁၀ဦး ကတော့ အလုပ်နေရာ မရှာနိုင်ဖြစ်နေကြသလို ရာသီဥတုက အေးလာလေလေ ပိုပြီး စိုးရိမ်နေ ရလေလေ ဖြစ်နေကြပါတယ်။ အေးမြတဲ့ ရာသီဥတုဟာ စိုက်ပျိုးရေးကာလမဟုတ်တဲ့အတွက် အလုပ် နေရာလည်း ရှားပါးလာလေ့ရှိတာကြောင့်ဖြစ်ပါတယ်။

သူတို့က အလုပ်ဘယ်လောက်ပင်ပန်းပင်ပန်း သီးခံနိုင်ပါတယ်။ စာချုပ်ပါနဲ့ ဥပဒေအတိုင်း အလုပ်လုပ်ခွင့်ရလိုပါတယ်လို့ပြောဆိုပါတယ်။

ကမ်ဘောဒီးယားနိုင်ငံသားတို့အတွက် မကြာခင်မှာ ဘ၀မှာ ပထမဦးဆုံးအကြိမ်အနေနဲ့ ကြုံတွေ့ကြရမယ့် ကိုရီးယားရဲ့ အလွန် အေးမြတဲ့ ဆောင်းရာသီဟာ  တုန်လှုပ်ဖွယ်ရာများ အတိဖြစ်နေရပါတယ်။

သတင်း စိုးမိုးသူ

댓글 없음:

댓글 쓰기