DVB news
ဒီနေ့ ညနေလေးနာရီထိ တနိုင်ငံလုံးမှာရှိတဲ့ အကျဉ်းထောင်အသီးသီးက နိုင်ငံရေးအကျဉ်းသား ၁၈၄ ဦး လွတ်မြောက်လာကြောင်း သတင်းရတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သတင်းထုတ်ပြန်ပါတယ်။
ဒေသအသီးသီးက ထောင်ဘူးဝတွေအရောက် သွားရောက်စာရင်းကောက်ယူခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲဝင်တွေကပေးပို့တဲ့ စာရင်းတွေကိုအခြေခံပြီး ခုလို သတင်းထုတ်ပြန်တာလို့ အမျိုးသားဒီမိုကရေစီ ဗဟိုပြန်ကြားရေးအဖွဲ့ဝင် ဦးအုန်းကြိုင်ကပြောပါတယ်။
“အကျဉ်းထောင်ထဲက လွတ်မြောက်လာတဲ့ အကျဉ်းသားတွေကတော့ မြစ်ကြီးနားထောင်က ဦးဇာဂနာ(ခ) ဦးသူရအပါအဝင် ၄ ဦး၊ မန္တလေးထောင်က ထက်အောင်အပါအဝင် ၁၈ ဦး၊ ပူတာအို အကျဉ်းထောင်မှ မထက်ထက်ဦးဝေ အပါအဝင် ၃ ဦး၊ ကသာထောင်မှ ဦးစောလှိုင် (အင်းတော်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်) အပါအဝင် ၅ ဦး၊ ခန္တီးအကျဉ်းထောင်မှ မစုစုနွေးအပါအဝင် ၆ ဦး၊ ဘူးသီးတောင်အကျဉ်းထောင်မှ ကိုအောင်စိုး အပါအဝင် ၃ ဦး၊ တောင်ကြီးထောင်က တောင်ကြီးပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ခင်၊ ဗန်းမော်အကျဉ်းထောင်က ကိုနိုင်စိုးအပါအဝင် ၄ ဦး၊ ကျိုင်းတုံအကျဉ်းထောင်က ဦးစိန်ဝင်းမောင်အပါအဝင် ၄ ဦး၊ ကလေးအကျဉ်းထောင်က ကိုသိန်းလွင်ဦး အပါအဝင် ၆ ဦး၊ ရွှေဘိုအကျဉ်းထောင်က မလေးလေးမွန် အပါအဝင် ၁၀ ဦး၊ မုံရွာအကျဉ်းထောင်က ဦးပလာဘောမား၊ သီပေါက ကိုသိုက်မင်း၊ လားရှိုးအကျဉ်းထောင်က ကိုအောင်ဇော်ဦး အပါအဝင် ၄ဦး၊ မြင်းခြံအကျဉ်းထောင်က ကိုသီဟဝင်းတင်၊ မိတ္ထီလာ အကျဉ်းထောင်က ကိုညွန့်ဝင်းအပါအဝင် ၃ ဦး၊ ဘားအံအကျဉ်းထောင်မှ ကိုနေကျော်၊ မော်လမြိုင် အကျဉ်းထောင်က မိုးထက်လျှံ အပါအဝင် ၃ ဦး၊ မြိတ်အကျဉ်းထောင်က ကိုထွန်းထွန်းဝင်း၊ မအူပင် အကျဉ်းထောင်က မနွဲ့နှင်းရီ (ခ) နိုးနိုး၊ မြောင်းမြအကျဉ်းထောင်က ကိုဇော်တူး (ခ) မောင်မောင်တူးအပါအဝင် ၅ ဦး၊ ဟင်္သာတ အကျဉ်းထောင်က ကိုသန်းဇော်အပါအဝင် ၂ ဦး၊ စစ်တွေအကျဉ်းထောင်က ကိုဇော်မင်း (ခ) တေဇ အပါအဝင် ၃ ဦး၊ ကျောက်ဖြူအကျဉ်းထောင်က ကိုအာကာဘို အပါအဝင် ၃ ဦး၊ တောင်ငူအကျဉ်းထောင်က ကိုညီညီဦးအပါအဝင် ၆ ဦး၊ ပဲခူးအကျဉ်းထောင်က ကိုဝဏ်ဏအောင်အပါအဝင် ၂ ဦး၊ သာယာဝတီအကျဉ်းထောင်က ကိုကြည်လွင်အပါအဝင် ၂၆ ဦး၊ သရက်အကျဉ်းထောင်က မနီမိုလှိုင်အပါအဝင် ၁၆ ဦး၊ လွိုင်ကော်အကျဉ်းထောင်က မတ္တရာပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းလွင်၊ ပခုက္ကူအကျဉ်းထောင်က ကိုချစ်ကိုလင်း၊ ရမည်းသင်းအကျဉ်းထောင်က ကိုနေမာမျိုးဝင်း အပါအဝင် ၆ ဦး၊ အင်းစိန်ဗဟိုအကျဉ်းထောင်က ကိုထွန်းထွန်းဦးအပါအဝင် ၃၀ ဦးတို့ ဖြစ်ပါတယ်။ စုစုပေါင်း ၁၈၄ ဦးကို ကျနော်တို့ စာရင်းရရှိထားပါတယ်။”
၁၈၄ ဦးစာရင်းဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင်တွေချည်းမဟုတ်ဘဲ နိုင်ငံရေးအကျဉ်းသားအားလုံး စာရင်းဖြစ်တယ်လို့လည်း ဆိုပါတယ်။
댓글 없음:
댓글 쓰기