2011년 10월 13일 목요일

ကိုရီးယားလယ်ယာလုပ်ငန်း ခေတ်သစ်ကျွန်စနစ်အောက်က ရွှေ့ပြောင်းအလုပ်သမားများ

ကမ်ဘောဒီးယားနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမား၁၀ဦးဟာ အလုပ်လုပ်ကိုင်နေထိုင်ရာ ဂန်ဝန်ဒိုကနေ အန်ဆန်းမြို့ကို ထွက်ပြေးလာကြပါတယ်။ သူတို့တွေဟာ အန်ဆန်းမှာ ရှိတဲ့ ရွှေ့ပြောင်းသူကူညီရေး အဖွဲ့
ဂျီဂူးချုံ ဂျောင်လျူးဂျန်းရဲ့ အကူအညီကို တောင်းခံခဲ့ကြပါတယ်။
လွန်ခဲ့တဲ့ ၆ရက်နေ့က ရွှေ့ပြောင်းအလုပ်သမားများအား ခွဲခြားဆက်ဆံမှုပပျောက်ရေးနဲ့ လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေးအတွက် ပူးပေါင်းအဖွဲ့အစည်းက ဦးဆောင်ပြီး ဆိုးလ် ဒီမိုကရက်တစ် အလုပ်သ မား သမဂ္ဂ ခမ်းမဆောင်မှာ လယ်ယာလုပ်ငန်းတွေမှာ အလုပ် လုပ်ကိုင်နေကြတဲ့ ရွှေ့ပြောင်းအလုပ် သမားတွေရဲ့ လက်ရှိ အခြေအနေဆိုးတွေကို သတင်းစာရှင်းလင်းပွဲကျင်းပကာ ထုတ်ဖော်ခဲ့ကြပါတယ်။
ကမ်ဘောဒီးယား နိုင်ငံသား အန်ဟာ လွန်ခဲ့တဲ့ မတ်လက နိုင်ငံတူ အလုပ်သမား၁၁ယောက်နဲ့အတူ ကိုရီး ယားကို ၀င်ရောက်လာခဲ့ပြီး ၃ရက်တာ သင်တန်းတက်ကာ ဂယောင်ဂီဒို ယန်းဂူးရှိ လယ်စိုက်ပျိုးရေးလုပ်ငန်း ၃ နေရာမှာ သြဂုတ်လအထိ အလုပ်လုပ်ခဲ့ပါတယ်။

ဒါပေမယ့် အန်က အလုပ်လုပ်နေတဲ့နေရာဟာ အလုပ်စာချုပ်ပါ လုပ်ငန်းခွင် လိပ်စာမဟုတ်ပါ။ လူ့အင်အား ထိမ်းသိမ်းရေး ပွဲစား ပီရဲ့ ထိမ်းသိမ်းမှုအောက်မှာ အန်အပါအ၀င် ရွှေ့ပြောင်းအလုပ်သမားတွေဟာ လယ်ယာ လုပ်ငန်းနေရာ မျိုးစုံမှာ လှည့်လည် အလုပ်လုပ်ကိုင်နေကြရတာဖြစ်ပါတယ်။ ဒါဟာ အီးပီအက်စနစ်အရ ဥပဒေကို ချိုးဖောက်ပြီး အလုပ်လုပ်ခိုင်းတဲ့ လုပ်ရပ်ပဲဖြစ်ပါတယ်။
ပွဲစားပီဟာ အလုပ်သမားဝန်ကြီးဌာနလို သက်ဆိုင်ရာ ၀န်ထမ်းတွေက လာရောက် စစ်ဆေးတဲ့ နေ့မျိုးမှာပဲ စာချုပ်ပါ လုပ်ငန်းခွင်မှာ အလုပ်လုပ်စေပြီး ကျန်နေ့တွေမှာတော့ ဥပဒေချိုးဖောက်ပြီး ဟိုဟိုဒီဒီ ပို့ဆောင်  အလုပ်ခိုင်းတဲ့ ပုံစံမျိုးကို ပြုလုပ်ခဲ့ပါတယ်။

ဒါ့အပြင် ပီဟာ အလုပ်သမားတွေကို နားချိန်နဲ့ အားလပ်ရက်တွေမှာတောင် အနားမပေးပဲ အဓမ္မ အလုပ် ခိုင်းစေခဲ့သလို အလုပ်သမားတွေကို ဆူပူခြင်း၊ ခြိမ်းခြောက်ခြင်းစတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကိုလည်း စိတ်တိုင်းကျ ပြုလုပ်ခဲ့ပါတယ်။
ဒီလိုအခြေအနေဆိုးကို ကြုံတွေ့နေရတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အခြေအနေကို အလုပ်သမားဝန် ကြီးဌာနကို တိုင်ကြားခဲ့ပေမယ့်လည်း အလုပ်သမားတွေ လုပ်ငန်းခွင်ပြောင်းရွှေ့ခွင့်ကို လျစ်လျူရှုနေရက်တဲ့ အလုပ်သမားဝန်ကြီးဌာနကိုလည်း အဆိုပါ သတင်းစာရှင်းလင်းပွဲမှာ ပြစ်တင်ရှုံ့ချခဲ့ပါတယ်။

ပွဲကျင်းပတဲ့ အဖွဲ့က လက်ရှိ ယန်းဂူးဒေသမှာ ရွှေ့ပြောင်းအလုပ်သမား၂၀၀ကျော်ဟာ အခုလို အခြေအနေ ဆိုးတွေကို ကြုံတွေ့နေကြရ ၊ လူ့အခွင့်အရေးတွေ ချိုးဖောက်ခံနေကြရတာကို စစ်ဆေးတွေ့ရှိရတယ်လို့ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။
လက်ရှိ အီးပီအက်စ်စနစ်အရ လယ်ယာစိုက်ပျိုးရေးမှာ အလုပ်လုပ်သူ ရွှေ့ပြောင်းအလုပ်သမားတွေဟာ အ ခြားလုပ်ငန်းတွေကို ပြောင်းရွှေ့လုပ်ကိုင်ခွင့်မရှိပါ။ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းမျိုးဟာ ဆောင်းရာသီမှာ ဆိုရင် အလုပ်မရှိလေ့ရှိတာမို့ အလုပ်လက်မဲ့ဖြစ်ကြရပါတယ်။

ဒါ့အပြင် ကုန်ထုတ်လုပ်ငန်းတွေလို တနေရာထဲမှာ စုစည်းပြီး ရှိနေကြတာ မဟုတ်တာကြောင့် လယ်ယာ လုပ်ငန်းတွင်း အလုပ်သမားတွေ အနေနဲ့ အကူအညီ တောင်းခံရယူဖို့ အခွင့်အရေးက နည်းပါးလှပါတယ်။

လယ်ယာ၊ငါးဖမ်းလုပ်ငန်းတွင်း ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ ဘ၀အခြေအနေတွေ တိုးတက်ဖို့အတွက် လက်ရှိမှာ မမြင်ရသေးတာကြောင့် သူတို့တွေဟာ မကြာခင် လာတော့မယ့် ဆောင်းရာသီရဲ့ အေးစက်မှုကို စိုးရိမ်မှု အပြည့်နဲ့ စောင့်ကြိုဖို့သာ ရှိနေပါတော့တယ်။
သတင်း စိုးမိုးသူ

댓글 없음:

댓글 쓰기