2011년 8월 1일 월요일

ခရစ်ဘာသာကူးပြောင်းသူ အီရန်နိုင်ငံသား နိုင်ငံရေးခိုလှုံခွင့် တရားနိုင်

ဆိုးလ်မြို့ အီထဲဝန်ရှိ ဗလီအတွင်း အစ္စလန်ဘာသာဝင်များ ၀တ်ပြုနေစဉ်
ခရစ်ယန်ဘာသာကို ကူးပြောင်းလိုက်တာကြောင့် အီရန်ကို ပြန်ရင် အသက်အန္တရာယ်ရှိနို်င်လို့ မိမိတို့ကို နိုင်ငံရေးခိုလှုံခွင့်ပြုဖို့အတွက် တရားစွဲဆိုတောင်းဆိုသူ အစ္စလမ်ဘာသာဝင် အီရန်နိုင်ငံသား ၃ဦးကို တရား ရုံးက အနိုင်ပေးလိုက်ကြောင်း သတင်းရရှိပါတယ်။

ဂျူလိုင် ၂၇ရက်နေ့၊ ဆိုးလ် အောက်တရားရုံးတော်ရဲ့ တရားသူကြီး ဂျန်းဆန်ဂူးက အာဘာ့စ်(အသက်၄၁)နှစ်နဲ့ အပေါင်းအပါ၂ဦးရဲ့ နိုင်ငံရေးခိုလှုံခွင့်တောင်းဆိုခြင်းကို တရားရေးဝန်ကြီးဌာနက ပယ်ချလိုက်တာကို ပြန်လည် ရုတ်သိမ်းဖို့ အမိန့် ချမှတ်လိုက်ခြင်းပဲ ဖြစ်ပါတယ်။
တရားသူကြီးက အာဘာ့စ်ဟာ ခရစ်ယန်ဘာသာကို အမှန်တကယ် သက်ဝင်ယုံကြည်ကြောင်း စစ်မှန်မှုကို တွေ့ရှိရခြင်း၊ အီရန်သမ္မတရဲ့ အီရန်နိုင်ငံတွင်း ခရစ်ယန်ဘာသာဝင်တွေကို နှိပ်ကွပ်ခိုင်းတဲ့ အမိန့်က တည်ရှိ နေခြင်း စတာတွေကြောင့် သူတို့ဟာ အီရန်ကို ပြန်ရင် အသက်ဘေးအန္တရာယ်တွေ့ရှိနိုင်တယ်လို့  ယုံကြည်ရကြောင်း၊ ထို့ပြင် ခရစ်ယန်ဘာသာသို့ ကူးပြောင်းပါက သေဒဏ်ချမှတ်နိုင်တဲ့ အီရန်ဥပဒေက လွန်ခဲ့တဲ့ ၂၀၀၈ခုနှစ် ၉လပိုင်းကစပြီး အတည်ဖြစ်ခဲ့တာကြောင့် သူတို့ကို အီရန်ကို ပြန်သွားခိုင်းတာဟာ
သူတို့ယုံကြည်တဲ့ ခရစ်ယန်ဘာသာကို တိတ်တဆိတ် ခိုးဝှုက် ယုံကြည်ခိုင်းတဲ့ အပြုအမူဖြစ်ပြီး ဒါဟာ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်မှုကို ပိတ်ပင် တားမြစ်ခြင်း ဖြစ်တာကြောင့် အခုလို အမိန့်ချမှတ်လိုက်တာ ဖြစ်ကြောင်း ထုတ်ပြန်ပါတယ်။
အာဘာ့စ်ဟာ အစ္စလမ်ဘာသာကို နက်ရှိုင်းစွာ ယုံကြည်တဲ့ မိသားစုမှ မွေးဖွားလာသူဖြစ်ပြီး ၂၀၀၁ခုနှစ်မှာ ကိုရီးယားကို ၀င်ရောက်လာခဲ့ပါတယ်။ ၂နှစ်အကြာ သူဟာ အီရန်မိတ်ဆွေဖြစ်သူရဲ့ မိတ်ဆက်ပေးမှုကြောင့် နိုင်ငံခြားသားအလုပ်သမားများအတွက် ဖွင့်လှစ်တဲ့ ခရစ်ယန်သာသနာပြုကျောင်းမှာ အီရန်ဘာသာဖြင့် ကျမ်းစာ လေ့လာခြင်းကို စတင် ပြုလုပ်ခဲ့ပါတယ်။

အဲဒီနောက် ၂၀၀၈ခုနှစ် ၆လပိုင်းမှာ သူဟာ ခရစ်ယန် ဘာသာဝင်အဖြစ်သို့ ကူးပြောင်းခဲ့ပါတယ်။ သူဟာ သူနဲ့အတူ ဘာသာကူးပြောင်းသူ အီရန်၂ဦးနဲ့အတူ ၂၀၀၈ခုနှစ် ၈လပိုင်းမှာ တရားရေးဝန်ကြီးဌာနထံ နိုင်ငံရေးခိုလှုံခွင့်တောင်းဆိုခဲ့သော်လည်း ငြင်းပယ်ခံခဲ့ရတဲ့အတွက် တရားရုံးမှာတရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

ရွှေ့ပြောင်းသူအရေအတွက် ၁သန်း၃သိန်းရှိလာပြီ ဖြစ်တဲ့ ကိုရီးယားမှာ နိုင်ငံမျိုးစုံ ဘာသာမျိုးစုံနဲ့ နိုင်ငံခြား သားတွေ လာရောက်နေထိုင်လျှက်ရှိကြပါတယ်။ ဒါပေမယ့် သူတို့တွေ အထဲမှာ အစ္စလန်ဘာသာဝင်တွေ ကတော့ ကိုရီးယားလူ့အသိုက်အ၀န်းရဲ့ ငြိုငြင်မှုကို အများဆုံးခံနေကြရပါတယ်။

သတင်း စိုးမိုးသူ

댓글 없음:

댓글 쓰기