2011년 8월 29일 월요일

နောင်နှစ်တွင်းမှာ အီးပီအက်စ်အလုပ်သမား ၁သိန်းခန့် ဌာနေပြန်ကြတော့မှာလား

နိုင်ငံခြားသားအလုပ်သမားများရဲ့ အလုပ်အင်အားနဲ့ လည်ပတ်နေရတဲ့ ကိုရီးယားနိုင်ငံတွင်း အသေးစားနဲ့ အလတ်စားလုပ်ငန်းအများစုမှာ အလုပ်သမားတွေရဲ့ အလုပ်လုပ်ကိုင်ခွင့်သက်တန်းတွေက ပြီးဆုံးပြီးနောက် ပိုင်း လစ်လပ်သွားမယ့် အလုပ်နေရာလွတ်တွေကို ဘယ်လို ဖြေရှင်းကြမလဲဆိုတာဟာ လက်ရှိမှာ မရေရာ တဲ့ အခြေအနေဖြစ်ပါတယ်။ ယခုနှစ်၂၀၁၁နဲ့ နောင်နှစ်၂၀၁၂မှာ နိုင်ငံခြားသားအလုပ်သမား ၁သိန်းခန့် ကိုရီးယားက ထွက်ခွာတော့မှာဖြစ်တာကြောင့် သူတို့အစား ၀င်ရောက်လုပ်ကိုင်မယ့်သူက မရှိမှာကို လုပ်ငန်းရှင်တွေက စိုးရိမ်နေကြပါတယ်။

အလုပ်သမားဝန်ကြီးဌာနရဲ့ ယခုလ ၁၆ရက်နေ့ ထုတ်ပြန်ချက်အရ ယခုနှစ် အလုပ်လုပ်ကိုင်ခွင့် သက်တန်း ပြီးဆုံးမယ့် နိုင်ငံခြားသားအလုပ်သမားအရေအတွက်က ၃သောင်း၄၉၀၀ဦးရှိပါတယ်။ ဒါဟာ လက်ရှိ ကိုရီး ယားမှာ လုပ်ကိုင်နေကြတဲ့ နိုင်ငံခြားသားအလုပ်သမားဦးရေ ၇သိန်း၁သောင်း ၆ထောင်အနက် ၄.၈% ပမာ ဏပါ။ နောင်နှစ်မှာ အလုပ်သမား ၆သောင်း၇ထောင်ရဲ့ သက်တန်းပြီးဆုံးတာကိုပါ ထည့်တွက်ရင် ယခုနှစ်နဲ့ နောင်နှစ်အတွင်း အလုပ်သမား၁သိန်းခန့်ဟာ လုပ်ငန်းခွင်တွေကနေ အပြီး ထွက်ခွာပေးရတော့မှာ ဖြစ်ပါ တယ်။

၂၀၀၄ခုနှစ်က စတင်ကျင့်သုံးလာခဲ့တဲ့ အီးပီအက်စ်စနစ်ဟာ ၃နှစ် အလုပ်လုပ်ကိုင်ပြီး နောက် နေရပ်သို့ တလတာ ပြန်လည်ထွက်ခွာပေးရပြီး ပြန်လည် ၀င်ရောက်ကာ ၃နှစ်ထပ်မံ အလုပ်လုပ်ခွင့်ရတဲ့
၃နှစ်+၃နှစ်ပုံစံကို စတင် ကျင့်သုံးခဲ့ပါတယ်။ ဒါပေမယ့် တလတာ နေရပ်ကို ထွက်ခွာပေးစရာမလိုပဲ ၄နှစ်၁၀လတာ အလုပ်စာချုပ်ချုပ်ဆို အလုပ်လုပ်ခွင့်ပေးတဲ့ ပုံစံကို ပြောင်းလဲလိုက်တာကြောင့် မနှစ်တုန်းက သက်တန်းပြီးဆုံးသူ အလုပ်သမားဦးရေဟာ ၅၅၀၀ပဲ ရှိခဲ့ရာမှ ယခုနှစ်မှာတော့ ၆ဆခန့်တိုးလာပါတယ်။

အလုပ်သမားတွေဟာ ၄နှစ်၁၀လတာ လုပ်သက်ရှိသူများဖြစ်ကြတာကြောင့် သူတို့ရဲ့ လုပ်ကိုင်စွမ်းရည်တွေ ကို လက်လွှတ်လိုက်ရမှာက သူတို့တွေတင်မက လုပ်ငန်းရှင်တွေလည်း အပါအ၀င်ဖြစ်ပါတယ်။ ဒါကြောင့် သူတို့တွေကို ထွက်သွားခိုင်းရင် အလုပ်လည်ပတ်မှုနှုန်းတွေ အများကြီးထိခိုက်သွားနိုင်တယ်ဆိုတဲ့ စိုးရိမ်မှု တွေက တိုးပွားလာနေပါတယ်။

ဒါနဲ့ ပတ်သက်ပြီး ဆိုးလ် နိုင်ငံခြားသားအလုပ်သမားစင်တာ ရုံးအဖွဲ့မှူး လီဂျဲဆန်က နိုင်ငံခြားသား အလုပ် သမားတွေရော၊ အလုပ်ရှင်တွေကပါ လုပ်ငန်းကျွမ်းကျင်သူတွေကို ကိုရီးယားမှာ ဆက်လက်ပြီး နေစေချင် ကြပေမယ့် အီးပီအက်စ်စနစ်ရဲ့ ပြဿနာရှိတဲ့ ကန့်သတ်ချက်တွေကြောင့် ထွက်ခွာပေးကြရတော့မှာဟာ လက်ရှိ အခြေအနေဆိုးပါပဲလို့ ပြောဆိုလိုက်ပါတယ်။

အီးပီအက်စ်စနစ်အရ နိုင်ငံခြားသားအလုပ်သမားရဲ့ ကိုရီးယားတွင်း အလုပ်လုပ်ပိုင်ခွင့် ကာလဟာ ၃နှစ်က နေ အများဆုံး ၄နှစ်၁၀လ အထိ ဖြစ်ပါတယ်။ လက်ရှိ ကိုရီးယားဥပဒေအရ တရားဝင် ၅နှစ် နေထိုင်ပြီးသူ နိုင်ငံခြားသားအနေနဲ့ အမြဲနေထိုင်ခွင့်ကို လျှောက်ထားနိုင်တာကြောင့် အစိုးရဟာ အခုလို ကာလကို ကန့်သတ်ထားတာ ဖြစ်ပါတယ်။

အလုပ်သမားဝန်ကြီးဌာနက အခုလို အခြေအနေတွေကို ဖြေရှင်းဖို့အတွက် လုပ်ငန်းခွင်တွေမှာ ရိုးသား ကြိုး စား အလုပ်လုပ်ကိုင်ခဲ့သူ အလုပ်သမားတွေကို ကိုရီးယားသို့ ဦးစားပေး ပြန်လည်ဝင်ရောက်စေတဲ့ နည်းလမ်းကို ကျင့်သုံးဖို့ ဆွေးနွေးနေဆဲဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားပါတယ်။ ဒါပေမယ့် ဒါကလည်း လက်တွေ့မှာ အလုပ်သမားကို တင်ပို့မယ့် နိုင်ငံအသီးသီးရဲ့ အလုပ်သမားအင်အား တင်ပို့ခွင့် ကန့်သတ် ချက်နဲ့ အလှည့်ကျ တင်သွင်းခြင်းဆိုတဲ့ စနစ်တွေအရ ထွက်ခွာသွားသူ အလုပ်သမားအနေနဲ့ ကိုရီးယားကို ပြန်လည်ဝင်ခွင့် အနည်းဆုံး တနှစ်အထက်  စောင့်ပေးရမှာ ဖြစ်ပါတယ်။

ရုံးအဖွဲ့မှူး လီဂျဲဆန်က ၆လအကြာ ပြန်လည်ဝင်ရောက်ခွင့်ကို ပေးမယ်ဆိုပေမယ့်လည်း နိုင်ငံအသီးသီးရဲ့ အလုပ်သမားအင်အား တင်ပို့ခွင့် ကန့်သတ်ချက်က ရှိနေတာကြောင့် တကယ်ဝင်ခွင့် ရ မရဆိုတဲ့ တိကျတဲ့ အာမခံချက်က မရှိကြောင်း၊ ဒါကြောင့် အီးပီအက်စနစ်ကို ရွှေ့ပြောင်းသူဆိုင်ရာ မူဝါဒအဖြစ် ပြောင်းလဲကျင့် သုံးကာ လုပ်အားစွမ်းရည်ကို ရေတို အသုံးပြုခြင်း မဟုတ်၊ ရေရှည် အသုံးပြု တဲ့ စနစ်ကို ပြောင်းလဲလိုက်ဖို့ လိုကြောင်း ထောက်ပြပါတယ်။

ဒါပေမယ့် အလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူက ဒါနဲ့ ပတ်သက်ပြီး လုပ်ငန်းကျွမ်းကျင်သူတွေကို မွေးထုတ်ဖို့ မဟုတ် ပညာမလို လူတကာ လုပ်နိုင်တဲ့ အလုပ်တွေမှာ အသုံးပြုဖို့ အတွက် နိုင်ငံခြား သားအလုပ်သမားတွေကို အလှည့်ကျ စနစ်နဲ့ အသုံးပြုနေခြင်း ဖြစ်တာကြောင့် လုပ်ငန်းခွင်တွေမှာ ထိခိုက်မှု မရှိနိုင်ကြောင်း ပြန်လည်ချေပလိုက်ပါတယ်။

ဘ၀နဲ့ အနာဂတ်အိပ်မက်တွေအတွက် ကိုရီးယားကို လာရောက်အလုပ်လုပ်ကိုင်နေကြသူ ရွှေ့ပြောင်း
အလုပ်သမားတွေက လူကို မလို အလုပ်အင်အားကိုသာ အလိုရှိတဲ့ အီးပီအက်စ်စနစ်ရဲ့ ကန့်သတ်ချက် တွေကို ဆန့်ကျင် တိုက်ပွဲဝင်ကြတော့မှာကို မကြာမီ အချိန်ကာလမှာ တွေ့မြင်ကြရတော့မှာ ဖြစ်ပါတယ်။

သတင်း စိုးမိုးသူ

댓글 없음:

댓글 쓰기