2011년 8월 26일 금요일

အလုပ်ချိန်မှာ အိမ်သာသွားရင် ဒဏ်ကြေးဆောင်ရမယ်ဆိုတဲ့ စက်ရုံ

အလုပ်ချိန်မှာ အိမ်သာတက်ရင် ပေးဆောင်ရမယ့် ဒဏ်ငွေများပြ စာရင်း
အလုပ်ချိန်မှာ အိမ်သာသွားတဲ့ ရွှေ့ပြောင်း အလုပ် သမားကို ဒဏ်ငွေ ၅ထောင်မှ ၂သောင်းအထိ ပေးစေတဲ့ ကိုရီးယားအလုပ်ရှင်ရဲ့ လူမဆန်တဲ့ လုပ်ရပ်က ကိုရီးယားလူမှုအသိုက်အ၀န်း အတွင်း တုန်လှုပ်မှုကို ဖြစ်သွားစေခဲ့ကြောင်း တင်ပြပါ့မယ်။

လွန်ခဲ့တဲ့ သြဂုတ် ၂၅ရက်က ဆိုးလ်ဂယောင်ဂီ ဒေသ ရွှေ့ပြောင်းအလုပ်သမားသမဂ္ဂက ဂယောင်ဂီဒို ဖိုချွန်းမှာ အလုပ်လုပ်ကိုင်သူ ဘင်္ဂလားဒေရှ့်နိုင်ငံသား ရွှေ့ပြောင်းအလုပ်သမား ရဲ့ လုပ်ငန်းခွင်တွင်း လူ့ အခွင့်အရေး ချိုးဖောက် ခံရတဲ့ အကြောင်းကို ထုတ်ဖော် လိုက်ပါတယ်။

အဲဒီ စက်ရုံဟာ အလုပ်ချိန်မှာ အိမ်သာသွားခွင့်မပြုကြောင်း စာတမ်းကို အလုပ်ရုံတွင်းမှာ ကပ်ထားကြောင်း၊ အဲဒီ စည်းကမ်းကို ချိုးဖောက်ပြီး အိမ်သာသွားပါက ၁ကြိမ်သွားရင် ၀မ်၅ထောင်၊ ၂ကြိမ်သွားရင် ၁သောင်း၊ ၃ကြိမ်သွားရင် ၂သောင်း စသည့် ဒဏ်ငွေကို လစာထဲမှ ဖြတ်တောက်ပါတယ်။

ဒါ့အပြင် အလုပ်ချိန်မှာ Mp3အသုံးပြုပါက ၀မ်၅သောင်း၊ အလုပ်ရုံတွင်း သန့်ရှင်းရေး ပြုလုပ်ခြင်းဆိုင်ရာ စည်းကမ်းချိုးဖောက်ပါက ၀မ်၅သောင်းကို ဒဏ်ငွေပေးဆောင်ရပါတယ်။
သမဂ္ဂက အဆိုပါ ကိစ္စကို ဆက်လက် စုံစမ်းနေပြီး အတိအကျ သိရှိရပါက သမဂ္ဂတာဝန်ရှိသူများနှင့် ဆွေးနွေးကာ နိုင်ငံတော်လူ့အခွင်အရေးကော်မရှင်သို့ တိုင်ကြားခြင်း၊ အလုပ်သမားဝန်ကြီးဌာနသို့ တိုင်ကြားခြင်းများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောဆိုပါတယ်။
အလုပ်သမားဥပဒေတွင် အလုပ်သမားထံ သူရဲ့ လစာငွေ အားလုံးကို အပြည့်အ၀ပေးရမယ်လို့ ပါရှိပြီး ဒဏ်ငွေ စတာတွေကို လစာကိုအကုန်လုံး ပေးပြီး နောက်ပိုင်းကျမှ ပေးဆောင်စေရမယ်လို့ ပါရှိပါတယ်။

ဒါ့အပြင် ဂျွန်လ၃၀ရက်နေ့က ဂယောင်ဂီဒို ရမ်းဂျူးရှိ လုပ်ငန်းရှင်တယောက်ဟာ သူ့စက်ရုံမှာ အလုပ်လုပ် သူ နီပေါရွှေ့ပြောင်းအလုပ်သမားဟာ အလုပ်ထွက်သွားကြောင်း အကြောင်းကြားစာကို အဲဒီ ကာယကံရှင် နီပေါအလုပ်သမားကို အသိမပေးပဲ အလုပ်သမားဝန်ကြီးဌာနထံ အကြောင်းကြားစာတင်ခဲ့ပါတယ်။

ဒါကို မသိခဲ့တဲ့ နီပေါအလုပ်သမားဟာ အလုပ်ထွက်ပြီးနောက် တလအတွင်း အလုပ်ထပ်မံ ရှာဖွေခွင့် လျှောက်လွှာကို တင်ရမယ်ဆိုတဲ့ အီးပီအက်စ် ဥပဒေအရ လျှောက်လွှာကို အချိန်မီ မတင်နိုင်ခဲ့တာကြောင့် ဥပဒေချိုးဖောက်မှုအရ ကိုရီးယားက အနှင်ခံရမယ့် ပြဿနာကို ရင်ဆိုင်နေရပါတယ်။
အဲဒီ အလုပ်ရှင်ဟာ အလုပ်သမားဝန်ကြီးဌာနထံ နီပေါအလုပ်သမားက အလုပ်ထွက်သွားကြောင်း အကြောင်းကြားစာကို တင်ပြီး နောက်ပိုင်းမှာလည်း အဲဒီနီပေါအလုပ်သမားကို ဆက်ပြီး အလုပ်ခိုင်းခဲ့ ပါတယ်။
သမဂ္ဂက မိမိ အလုပ်ထုတ်ခံရတာ၊ အလုပ်က ထွက်သွားတာ ဆိုတာကို အလုပ်ရှင်က မပြောပြရင် အလုပ်သမားက သိခွင့်မရှိဆိုတဲ့ အီးပီအက်စ်စနစ်ရဲ့ အားနည်းချက်ကို ထောက်ပြကာ အလုပ်သမားဝန်ကြီး ဌာနအနေနဲ့ နီပေါအလုပ်သမား ရဲ့ အလုပ်လုပ်ခွင့်ကို ပြန်လည် အသက်သွင်းပေးရမည်ဖြစ်ကြောင်း တောင်းဆိုလိုက်ပါတယ်။

သတင်း စိုးမိုးသူ

댓글 없음:

댓글 쓰기