2011년 8월 16일 화요일

အလုပ်သမားဝန်ကြီးဌာန၊ အထောက်အထားမဲ့အလုပ်သမားဦးရေအများဆုံး နိုင်ငံက အလုပ်သမားတင်ပို့ခွင့်ရပ်ဆိုင်းပြစ်ရန် ဆွေးနွေးနေ

အလုပ်သမားဝန်ကြီးဌာနက အီးပီအက်စ်စနစ်နဲ့ လာရောက်အလုပ်လုပ်ကိုင်နေကြသူ ရွှေ့ပြောင်း အလုပ် သမားများအနေနဲ့ အထောက် အထားမဲ့(အိုဗာစတေး)အလုပ်သမားများအဖြစ်သို့ မရောက်ရှိအောင် တားမြစ်ရန်အတွက် အထောက်အထားမဲ့ အလုပ်သမားဦးရေအများဆုံး နိုင်ငံသားရဲ့ နိုင်ငံ ၂နိုင်ငံမှ အလုပ်သမား တင်ပို့ခွင့် ကို ရပ်ဆိုင်းပြစ်ရန် ဆွေးနွေးနေကြကြောင်း သတင်းရရှိပါတယ်။
လွန်ခဲ့တဲ့ သြဂုတ်လ ၁၆ရက်နေ့၊ ဆိုးလ်မြို့ ဂျောင်းဒုန် ဖရန်းချီစကူးလ်ခမ်းမမှာ ကျင်းပပြုလုပ်တဲ့  နိုင်ငံခြားသားအလုပ်သမားပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ပေါင်းချုပ်ရဲ့ "သက်တန်း၇နှစ်ရှိပြီဖြစ်တဲ့ အီးပီအက်စ်စနစ်အောက် ရွှေ့ပြောင်းအလုပ်သမား အခြေအနေများ စုံစမ်းစစ်ဆေးမှုရလာဒ် ဆိုင်ရာ ရှင်းလင်းပွဲနဲ့ အပြန်အလှန်ဆွေးနွေးပွဲ"မှာ အလုပ်သမားဝန်ကြီးဌာန လုပ်သားအင်အားစနစ်ဆိုင်ရာ ဦးစီးမှူးဖြစ်သူ မင်ဂီးလ်စူးက အခုလို ထုတ်ဖော်ပြောဆိုလိုက်တာဖြစ်ပါတယ်။
သူက လွန်ခဲ့တဲ့ ဂျွန်လအကုန်မှာ ၅နှစ်တာ အလုပ်လုပ်ကိုင်ခွင့် သက်တန်းပြည့်လို့ နိုင်ငံတွင်းက ထွက်ခွာ ပေးရမယ့် နိုင်ငံခြားသား အလုပ်သမားတွေအနက် ၁၆,၆၀၉ဦးဟာ မထွက်ခွာပေးပဲ ရှိနေကြကြောင်း၊ အလုပ်သမားကို တင်ပို့တဲ့ နိုင်ငံတွေအနက် အထောက်အထားမဲ့ အလုပ်သမားဦးရေ အများဆုံးနိုင်ငံ သို့မဟုတ် အလုပ်ရှင်က ပိုသဘောကျတဲ့ နိုင်ငံ စတာတွေကို သုံးသပ်ပြီး နိုင်ငံ၂နိုင်ငံရဲ့ အလုပ်သမား တင်သွင်းခွင့်ကို ရပ်တန့်ပြစ်တဲ့နည်းကို ဆွေးနွေးနေကြောင်း ပြောဆိုပါတယ်။
ဆက်လက်ပြီး သူက အထောက်အထားမဲ့အလုပ်သမားကို အသုံးပြုသူ အလုပ်ရှင်ကို ဖမ်းမိတဲ့အခါ ပထမ အဆင့်အနေနဲ့ သတိပေးတဲ့ စနစ်ကို သုံးမည်ဖြစ်ပြီး ထပ်မံ ဖမ်းဆီးမိပါက အလုပ်သမားအသုံးပြုခွင့်ကို ရပ် ဆိုင်းပြစ်မည်ဖြစ်ကြောင်း၊ ဒါ့အပြင် ယခုနှစ်ကုန်အထိ နိုင်ငံခြားသားအလုပ်သမားတွေ အများဆုံး နေထိုင်တဲ့ ဒေသတွေမှာ ဖမ်းဆီးရေးအဖွဲ့တွေကို စေလွှတ်ပြီး ဖမ်းဆီးသွားမည်ဖြစ်ကြောင်း ပြောဆိုပါတယ်။

အီးပီအက်စ်စနစ်ဆိုတာ အလုပ်သမားတင်ပို့ရန် သဘောတူ စာချုပ်ချုပ်ဆိုထားတဲ့ နိုင်ငံ၁၅နိုင်ငံမှ အလုပ်သမားတွေကို ကိုရီးယားသို့ နှစ်စဉ် ခေါ်ယူကာ အများဆုံး ၅နှစ်ခန့် အလုပ်လုပ်ခွင့်ပေးတဲ့ စနစ်ဖြစ်ပြီး လက်ရှိ အလုပ်သမား ၁သိန်းကိုးသောင်းကိုးရာငါးဆယ့်ခုနှစ်ဦး(၁၉၀,၉၅၇)ဟာ စက်မှုလုပ်ငန်းတွေမှာ အလုပ်လုပ်ကိုင်လျှက်ရှိကြပါတယ်။ တင်သွင်းတဲ့ အလုပ်သမားဦးရေအနက် ဗီယက်နမ်နိုင်ငံသားက ၂၈%ဖြင့် အများဆုံးဖြစ်ပြီး အင်ဒိုနီးရှားနဲ့ ထိုင်းက ၁၁%ဖြင့် ဒုတိယ အများဆုံးဖြစ်ပါတယ်။

ဒါပေမယ့် သက်တန်းပြီးဆုံးပြီးတဲ့ အလုပ်သမားဦးရေ ၅,၂၄၃ဦး(၂၀၁၀ခုနှစ်)နဲ့ ၃၃,၉၄၄ဦး(ယခုနှစ် ဂျွန်လကုန်)တို့အနက် ၁၆,၆၀၉ဦးတို့ဟာ အထောက်အထားမဲ့ အလုပ်သမားအဖြစ်နဲ့ ဆက်လက် အလုပ်လုပ်ကိုင်လျှက်ရှိကြပါတယ်။

 ဒါ့အပြင် နောင်နှစ်မှာ အလုပ်သမားဦးရေ ၆၇,၁၁၈ဦးတို့ဟာ အလုပ်လုပ်ကိုင်ခွင့် သက်တန်းပြည့်မှာဖြစ်ပြီး လက်ရှိအတိုင်းသာဆိုရင် နောင်နှစ်မှာ အထောက်အထားမဲ့အလုပ်သမားဦးရေဟာ ၂သောင်း၅ထောင် အထိ တိုးပွားလာဖွယ်ရှိတယ်လို့ ခန်းမှန်းနေကြပါတယ်။

အဆိုပါ  ဆွေးနွေးပွဲမှာ ပါဝင်ဆွေးနွေးသူ ပြည်သူ့ရှေ့နေများအဖွဲ့ရဲ့ ရှေ့နေတဦးဖြစ်သူ ဂျန်းဆောရွန်က
ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ လုပ်ငန်းခွင်ပြောင်းရွှေ့ခွင့်ကို ၃ကြိမ်ဆိုပြီး ကန့်သတ်ထားတာဟာ  ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ လွတ်လပ်စွာ အလုပ်လုပ်ပိုင်ခွင့်ကို အဓမ္မ တားဆီးတာဖြစ်ကြောင်း၊ လုပ်ငန်းခွင်ပြောင်းရွှေ့ခွင့်ကို ကန့်သတ်မှုဟာ အပြည်ပြည်ဆိုင်ရာစာချုပ်ပါ ခွဲခြားဆက်ဆံမှုပပျောက်ရေး ဆိုတာကို ချိုးဖောက်နေတာဖြစ်ပြီး၊ ဒါဟာ စနစ်နဲ့ အလုပ်သမားတွေကို ဖိနှိပ်ထားတာလည်း ဖြစ်ကြောင်း ထောက်ပြ ဝေဖန် ပြောဆိုလိုက်ပါတယ်။
လိုအပ်တဲ့ အလုပ်အင်အားကို ဖြည့်ဆည်းပေးတာဟာ အလုပ်သမားတွေဖြစ်ပြီး၊ အဲဒီ အလုပ်သမားတွေဟာ တကယ့်တော့ စက်ရုပ်တွေ မဟုတ်၊ လူသားတွေဖြစ်ပါတယ်။ အနာဂတ်အိပ်မက်တွေကို အကောင်အထည် ပြုဖို့ ကိုရီးယားကို လာရောက် အလုပ်လုပ်ကိုင်သူ အလုပ်သမားတွေကို လေးစားခြင်း၊ သူတို့ရဲ့ လွတ်လပ် ခွင့်ကို အသိအမှတ်ပြုခြင်းနဲ့ အလုပ်သမားအခွင့်အရေးတို့ကို အပြည့်အ၀ ရရှိစေခြင်း တို့သည်သာ အထောက်အထားမဲ့ အလုပ်သမားကို လျော့ချနိုင်တဲ့ အထိရောက်ဆုံး နည်းစနစ်ဖြစ်ပါတယ်။

ဒါပေမယ့် လူကို မကြည့် အမြတ်ကိုသာကြည့်လိုတဲ့ ကိုရီးယားအရင်းရှင်အစိုးရအနေနဲ့ လူ့တန်ဘိုးကို လေးစားတဲ့ စိတ်၊ တန်ဘိုးထားတဲ့ စိတ် မထားတတ်မချင်း ဘယ်လိုပဲ နည်းနာတွေသုံးပြီး ဖမ်းဆီးပြန်ပို့နေ လည်း အထောက်အထားမဲ့ အလုပ်သမားဦးရေကတော့ တိုးပွားရင်း တိုးပွားနေဦးမှာ ဖြစ်ပါတယ်။

သတင်း စိုးမိုးသူ

댓글 없음:

댓글 쓰기