2011년 8월 18일 목요일

(အင်တာဗျူး) သမ္မတ၏ ပြည်တော်ပြန်ဖို့ဖိတ်ခေါ်မှုအပေါ် သူတို့အမြင်

ကိုဝိုင်း ဗုဒ္ဓဟူးနေ့၊ သြဂုတ်လ ၁၇ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၄၆ မိနစ် .

သမ္မတ ဦးသိန်းစိန်က ဗုဒ္ဓဟူးနေ့ နေပြည်တော်တွင် မိန့်ခွန်းပြောကြားရာ ပြည်ပရောက် အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ အနေဖြင့် သက်ဆိုင်ရာ တိုင်း/ပြည်နယ် အစိုးရများကို တိုက်ရိုက် ဆက်သွယ်၍ ပြန်လာနိုင်ကြောင်း ပြောသွားသည့် အပေါ် ဒီမိုကရေစီလိုလားသည့် ပြည်ပအခြေစိုက် နိုင်ငံရေးလှုပ်ရှားသူများ၏ တုံ့ပြန်ချက်ကို မဇ္ဈိမ သတင်းထောက် ကိုဝိုင်းက စုစည်း တင်ပြထားသည်။
ဒေါက်တာနိုင်အောင် အတွင်းရေးမှူးချုပ်
မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစု (Forum for Democracy in Burma - FDB)

“ပထမတခုကတော့ ဒီသူတို့က ဒီလိုမျိုး နှုတ်နဲ့ ပြောတာမျိုးထက်ပေါ့ဗျာ ဥပဒေတို့ အမိန့်တို့ ဒီဂရီ တို့ပေါ့လေ အဲဒီလိုမျိုး တရားဝင် ထုတ်ပြန်ပေးဖို့ လိုမယ်လို့ထင်တယ်။ ဆိုတော့ အဲဒါကမှ ပြောရင်တော့ လွတ်ငြိမ်းချမ်းသာခွင့်လား၊ ဘာလား ညာလားဆိုတဲ့ ဥစ္စာမျိုး ကျနော်တို့ ထင်ထင်ရှားရှား သိရမှာဖြစ်တယ် ပေါ့နော်။ ဒါ့အပြင်တခုကတော့ ကျနော်တို့ ဒီဘက်ကိုရောက်ကြတယ်ဆိုတာကလည်း ကျနော်တို့ နိုင်ငံရေးအင်အားစုတွေအနေနဲ့ ပြောမယ်ဆိုရင်တော့ တိုင်းပြည်မှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး မရလို့၊ နောက် ဖိနှိပ်မှုတွေရှိနေလို့၊ နိုင်ငံရေး လွတ်လပ်ခွင့်တွေ မရှိလို့ ဒါတွေကို တိုက်ပွဲဝင်ဖို့လာတာပဲ။”
“အဲဒီအခွင့်အရေးတွေ ရမယ်၊ ရှိမယ် ဆိုလို့ရှိရင်တော့ ကျနော်တို့ ကျနော်တို့တိုင်းပြည်မှာပဲ ပြန်အလုပ်လုပ်မှာပေါ့။ ဒီမှာ ဘာအလုပ်လုပ်နေစရာရှိမှာလဲ။ အဲဒီအခွင့်အရေးတွေ အာမမခံဘူး၊ မရှိဘူးဆိုလို့ရှိရင်တော့လည်း ကျနော်တို့ လိုချင်တဲ့ အခြေအနေ မဖြစ်ဘူးပေါ့။ တကယ်လို့များ ဒီ ဦးသိန်းစိန်ရဲ့ အစိုးရကနေပြီးတော့မှ တကယ်ကို စိတ်ရင်း စေတနာမှန်နဲ့ ခုနပြောတဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးတို့ ငြိမ်းချမ်းရေးတို့ ဆိုတဲ့ စိတ်တွေအမှန်နဲ့ ခေါ်တယ် ဆိုလို့ရှိရင်တော့ ကျနော်တို့ကို သေသေချာချာ တိတိကျကျလေး တရားဝင် ထုတ်ပြန်ပြီးတော့ ဖိတ်ခေါ်ဖို့ လိုမယ်။

နောက်ပြီးတော့ ကျနော်တို့ အမြဲတန်း တောင်းဆို နေတဲ့ ခုနပြောတဲ့ နိုင်ငံရေး လွတ်လပ်ခွင့်တွေကို အဲဒါတွေကို အာမခံမှု ရှိတယ်။ အားလုံးကိုလည်း ဘာပြစ်ဒဏ်နဲ့မှ အရေးမယူပါဘူးဆိုတဲ့ ဥစ္စာလေး တိတိကျကျ ပြောပြဖို့တော့ လိုမှာပေါ့ဗျာ။”

-------------------------------------------------------------------------------------------------------------

ဦးငွေလင်း
အထွေထွေ အတွင်းရေးမှူး
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ

“ပြန်ဝင်ချင် ဝင်လို့ရပြီ ဒို့ပြန်ဝင်မလား ဆိုတဲ့ ကိစ္စက အဓိက ဆိုလို့ရှိရင်တော့ ကနေ့ ကျနော်တို့ လိုချင်တဲ့ ဒီမိုကရေစီမျိုး၊ ကျနော်တို့လိုချင်တဲ့ လူ့အခွင့်အရေးမျိုး၊ ကျနော်တို့လိုချင်တဲ့ ဖက်ဒရယ် ပြည်ထောင်စုမျိုးကို
ကနေ့အခြေအနေမှာ ဆောင်ရွက်လို့ရ၊ မရဆိုတဲ့ကိစ္စက အဓိကပြဿနာ ဖြစ်လိမ့်မယ်။”

“ဒီဥစ္စာမျိုးက ဦးသိန်းစိန်အစိုးရရဲ့အောက်မှာ သို့မဟုတ် ၂ဝဝ၈ အခြေခံဥပဒေရဲ့ အောက်မှာ ဘယ်လိုမှ ရနိုင်မှာ မဟုတ်ဘူးလို့ ကျနော်တို့ အဲဒီလိုပဲ နားလည်ပါတယ်။ ဒါကြောင့်မို့လို့ သူဘယ်လိုပဲ ပြောပြော အဲဒီဥစ္စာက ကျနော်တို့အတွက် ဘာမှ အဓိပ္ပါယ်ထူးတဲ့ စကားရပ် မဟုတ်ဘူး။”

“သူတကယ်လို့ တကယ့် ဖက်ဒရယ် ပြည်ထောင်စုစစ်စစ် ထာဝရ ငြိမ်းချမ်းတဲ့ နိုင်ငံတော်သစ်၊ ဒီမိုကရေစီပြည့်ဝတဲ့ နိုင်ငံမျိုးကို တကယ် ဖန်တီးချင်တယ် ဆိုလို့ရှိရင် သူပထမဦးဆုံး လုပ်ရမယ့် အလုပ်တွေ ကတော့ နိုင်ငံရေး အကျဉ်းသားတွေ အကုန်လုံးထုတ်၊ နေရာတိုင်းမှာ တကယ့်ငြိမ်းချမ်းရေးတွေ ရသွားအောင်ဆောင်ရွက်၊ ပြီးရင် အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေးလုပ်။ အဲဒီလို လုပ်ငန်းစဉ်တွေ မလုပ်ဘဲနဲ့ ဒီလို လူကြားကောင်းအောင် ဖိတ်ခေါ်တာမျိုး၊ တခုကို ထုတ်ပြောတာ မျိုးကတော့ ဘာမှ အဓိပ္ပါယ်မရှိဘူး၊ သဘာဝမကျဘူးလို့ ကျနော် အဲဒီလိုပဲ နားလည်ပါတယ်။”

“တကယ်ကတော့ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် ဆိုတဲ့ဥစ္စာမျိုး ၈ဝ ခုနှစ်လောက်က ဖန်တီးတာ မျိုးပေါ့ဗျာ အဲဒီလို ကြေညာချက်မျိုး ထွက်တယ်ဆိုရင်တော့ တချို့ စိတ်ကူးယဉ်တဲ့သူတွေ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်ဗျာ။ တချို့ပေါ့ဗျာ ဒီလိုမျိုးကြေညာလိုက်ရင်တော့ စဉ်းစားတာမျိုးတွေ ရှိကောင်းရှိနိုင်ပါတယ်။ အခုလို ဘာမှ တိကျတဲ့ အလားအလာပေါ့ဗျာ အနာဂတ်ကို ဘာမှတောင် မျှော်စရာ လင်းပွင့်တဲ့အနာဂတ်မျိုး မရှိဘဲနဲ့တော့ ကျနော်ထင်တယ် ဘယ်သူမှ စိတ်ကူးယဉ်မယ် မထင်ပါဘူး။ တကယ်လို့ စိတ်ကူးယဉ်တယ်ဆိုရင်လည်း တော်တော်လွဲချော်တဲ့ စိတ်ကူးယဉ်မှုပဲ ဖြစ်မှာပါ။”
---------------------------------------------------------------------------------------------------------------------
ဦးညိုအုန်းမြင့်
နိုင်ငံခြားရေး တာဝန်ခံ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)

“ဦးသိန်းစိန်ရဲ့ ကမ်းလှမ်းချက်ကတော့ အပြုသဘောဆောင်တယ်လို့တော့ ပြောလို့ရပါတယ်။ ဒါပေမယ့် ဒီနေ့ ပြဿနာက အပြည်ပြည်ဆိုင်ရာမှာ ရောက်နေကြတဲ့ နိုင်ငံရေးသမားတွေရော ကျန်တဲ့အကြောင်း အမျိုးမျိုးနဲ့ပေါ့နော် ထွက်တဲ့သွားတဲ့လူတွေရဲ့ အဓိကက ယုံကြည်ချက်နဲ့ ဒီလိုထွက်လာကြတာတွေဖြစ် ပါတယ်။ အဲဒီတော့ ဒီလိုလူတွေ ပြန်မယ်ဆိုရင် တချို့လူတွေ အတွက်က လုံခြုံရေးထက် စာရင် နိုင်ငံရေးရဲ့ အနှစ်သာရ ပိုပြီးတော့ပြည့်စုံဖို့ လိုမယ်လို့ ကျနော်ထင်ပါတယ်။”

“အဲဒီတော့ ဒီလူတွေကို ထွက်သွားတယ် ဟုတ်လား ထွက်သွားပေမယ့် သူတို့ရဲ့ နိုင်ငံရေး ခံယူချက်တွေကို အသိအမှတ် မပြုဘူးဆိုရင် ဒါမှမဟုတ်ရင်လည်း သူတို့ရဲ့ ဒီကထွက်သွားကြတဲ့လူတွေကိုပဲပေါ့နော် နိုင်ငံရေးအရ အသိအမှတ်ပြု မခံရတဲ့ အခါကျရင် ဒါက အမျိုးသား ရင်ကြားစေ့ရေးအတွက် တကယ်တမ်း လမ်းတခုလို့တော့ပြောလို့တော့ နည်းနည်းခက်ဦးမယ်လို့ ကျနော် ထင်ပါတယ်။”

“သူတို့ နိုင်ငံရေး အကျဉ်းသမားတွေလည်း တဖြည်းဖြည်းချင်း ခွဲပြီးတော့ လွှတ်မယ်လို့ ကျနော် ယုံကြည်တယ်။ ဒါပေမယ့် ခုနပြောသလို နိုင်ငံရေးအရ ကိုယ့်ရဲ့ ယုံကြည်ချက်တခုကို အသိအမှတ် ပြုမခံရဘဲနဲ့ ဒီလို ပြန်လာချင်ရင် လာလို့ ရပါတယ်ဆိုတာ သမ္မတရဲ့ ဆောင်ရွက်တဲ့ အပေါ်မှာတော့ နားလည်ပေး နိုင်တယ်လေ။ ဒါပေမယ့် တကယ့် တကယ်မှာ ဒီလူတွေရဲ့ လုံခြုံရေးနဲ့ သူတို့ရဲ့ နိုင်ငံရေး အာမခံချက်ပေါ့ မြန်မာပြည် ပြန်တယ် နိုင်ငံရေး မလုပ်ရဘူးဆိုရင် သူဘာအတွက် ပြန်မှာလဲပေါ့နော်။ အဲတော့ နိုင်ငံရေး အာမခံချက်ရှိတဲ့ ပြန်ကြိုဆိုမှုမျိုးဆိုရင် ပိုပြီးတော့ သင့်တော်မယ်လို့ ကျနော်ထင်ပါတယ်။”

---------------------------------------------------------------------------------------------------------------------

ဒေါ်တင်တင်ညို
အတွင်းရေးမှူး
အမျိုးသမီးများအဖွဲ့ချုပ် - မြန်မာနိုင်ငံ
“အခု တောက်လျှောက်ဖြစ်ခဲ့တဲ့ ပြဿနာတွေ၊ ပြီးတော့မှ ဒီဘက်ကနေပြီးတော့ ဒီမိုကရေစီ တိုက်ပွဲ ဝင်နေတဲ့ သူတွေ အနေအထားနဲ့ ပေါ့လေ ပြောရမယ်ဆိုရင် အခုလိုမျိုး ပြန်လာချင် ပြန်လာလို့ရတယ် ဆိုတဲ့ ပြောဆိုချက် တခွန်းတည်းနဲ့က ယုတ္တိမရှိဘူးလို့ သဘောရတာပေါ့နော်။ ဒါမျိုးကိုပြန်ခေါ်မယ် ဆိုရင် တကယ်ပဲ နှစ်ဘက်အကြားမှာ အစီအစဉ်တွေ သေချာ ကောင်းကောင်း ရေးဆွဲပြီးတော့မှ ပြန်ပြီးတော့ ခေါ်ရမယ့်ကိစ္စမျိုးလေ။ ခုသူခေါ်တဲ့ ပုံစံက လာပြီးတော့မှ အလင်းဝင်ခိုင်း သလိုလို၊ အမှောင်ထဲပဲ လာဝင်ခိုင်း သလိုလို ဖြစ်တယ်။ ဆိုတဲ့အခါကျတော့ သူတို့ကို သွားပြီးတော့ အညံ့ခံပေါ့ ဒါမျိုးသွားဖြစ်မှာလေ။ ဆိုတော့ ဒါက ကောင်းသော ကြိုဆိုခေါ်ခြင်း မဟုတ်ဘူးလို့တော့ ကျမတော့ မြင်တယ်။ အရမ်းကြီး ပေါ့ပျက်ပျက်ဆန်လွန်းတယ်လို့လည်း သုံးသပ်လို့ရတာပေါ့။”

“အဓိကကတော့ အကြံပြုချင်တာပေါ့နော် သမ္မတ ဦးသိန်းစိန် အနေနဲ့က သူ့ရဲ့အထူး အလေးထား လုပ်ဆောင်ရမှာက အခု ဒီဘက်မှာ ရောက်နေတဲ့လူတွေကို ပြန်လာချင် ပြန်လာလို့ရတယ် မဟုတ်ဘဲနဲ့ လက်ရှိ နယ်စပ် တလျှောက်မှာဖြစ်နေတဲ့ စစ်ပွဲတွေ အမြန်ရပ်ဖို့၊ ပြီးတဲ့အခါ အခု ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောပြီးတော့မှ တကယ့်နိုင်ငံရေးအရ ဖြေရှင်းလို့ရမယ့် နည်းလမ်းတွေ ရှာဖွေပြီးတော့မှ အမြန်ဆုံး နိုင်ငံ အေးအေးချမ်းချမ်းနဲ့ ဖြစ်ဖို့၊ တကယ့်စစ်မှန်တဲ့ ဒီမိုကရေစီလမ်းကြောင်းကို လျှောက်နိုင်ဖို့ကို သူ့အနေနဲ့ စဉ်းစားပြီးတော့မှ လုပ်ဆောင်သွားဖို့ အရေးတကြီးလိုအပ်တယ်။ ပြီးတော့မှ တနိုင်ငံလုံးမှာ ဖြစ်နေတဲ့ စားဝတ်နေရေးအခက်အခဲပြဿနာ၊ စီးပွားရေး အကျပ်အတည်း ပြဿနာ ဒါမျိုးတွေ သူက ဦးစားပေး ဖြေရှင်းသင့်တယ်လို့ ကျမတို့မြင်တယ်။ အဲဒါကို အဓိကအကြံပြုပေးချင်တယ်။ ပြီးတော့မှ ဒီနယ်စပ်ဘက်မှာ ဖြစ်နေတဲ့ ဒုက္ခသည်တွေရဲ့ စားရမဲ့မဲ့ နေရမဲ့မဲ့ အခြေအနေမျိုးတွေကနေ လွတ်မြောက်အောင်လည်းပဲ သူ့အနေနဲ့ အထူးကြိုးပမ်းဆောင်ရွက်သင့်တယ်လို့ ကျမတို့ အကြံပြုချင်ပါတယ်။”
---------------------------------------------------------------------------------------------------------------------

ဦးမျိုးဝင်း
ဒုတိယ ဥက္ကဋ္ဌ
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး

“အဓိက အရေးအကြီးဆုံး ပြဿနာကတော့ နိုင်ငံရေး ပြဿနာကို ဘယ်လိုနည်းနဲ့ အဖြေရှာမလဲ ဆိုတဲ့ဟာကို မပြောဘဲနဲ့တော့ အဲဒီလိုမျိုးခေါ်နေရုံ သက်သက်နဲ့တော့ ကျနော်တို့ တိုင်းပြည်မှာ ရှိနေတဲ့ ပြဿနာကို ပြေလည် အောင် ဖြေရှင်းလို့ မနိုင်ဘူး ထင်တယ်လေ။ အခုလက်ရှိ ဦးသိန်းစိန် အစိုးရအနေနဲ့ တိုင်းပြည် ပြဿနာကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အဖြေရှာချင်တယ်ဆိုရင် အဓိက အရေးအကြီးဆုံး ကတော့ ကျနော်တို့ အားလုံး တောင်းဆိုနေတဲ့ အတိုင်းပေါ့ လက်ရှိပဋိပက္ခမှာ ပါဝင်နေတဲ့ အင်အားစုအားလုံးနဲ့ နိုင်ငံရေးအရ တန်းတူရည်တူ ဆွေးနွေးဖို့ ပိုအရေးကြီးတယ်။”

"နိုင်ငံရေးအရ တန်းတူရည်တူ ဆွေးနွေးမှုမျိုးမဟုတ်ဘဲနဲ့ ပြန်လာကြပါ၊ လာကြပါလိုဟာမျိုးနဲ့တော့ နိုင်ငံရေုးပြဿနာကို အဖြေရှာဖို့မရှိဘဲနဲ့တော့ ပြေလည်မှာ မဟုတ်ဘူးလို့ ထင်တယ်။ ထိုနည်းတူစွာပဲ အခု ကျနော်တို့လက်ရှိ ဒီလက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်နေတဲ့ အနေအထားမှာလည်းပဲ အပစ်အခတ် ရပ်စဲရုံ သက်သက်နဲ့တော့ နိုင်ငံရေးပြဿနာကို အဖြေရှာနိုင်မှာ မဟုတ်ဘူး။ အပစ်အခတ်ရပ်စဲရေးလုပ်ပြီးပြီဆိုရင် နိုင်ငံရေးအရ ဘယ်လို လုပ်ငန်းစဉ် အကောင်အထည် ဖော်မလည်းဆိုတာ တိကျတဲ့ လုပ်ငန်းစဉ် ပါရမယ်လေ။”

“ထိုနည်းတူစွာပဲ ပြည်တွင်းနိုင်ငံရေး လှုပ်ရှားမှု ဖြစ်ဖြစ်၊ ပြည်ပနိုင်ငံရေး လှုပ်ရှားမှုဖြစ်ဖြစ် ဒီအင်အားစု အားလုံး ပါဝင်ပြီးတော့ တိုင်းပြည် ပြန်လည် ထူထောင်ဖို့ အကျိုးရှိရှိနဲ့ အသုံးချချင်တယ် ဆိုရင်တော့ ကျနော်မြင်တာတော့

နိုင်ငံရေး လုပ်ငန်းစဉ် သူတို့အနေနဲ့ ဘယ်လို သွားမလည်း ဆိုတာဟာမျိုး နိုင်ငံရေး လုပ်ငန်းစဉ် ချပြဖို့ အရေးကြီးတယ်။ တပြိုင်နက်တည်းမှာပဲ ခေါ်နေရုံနဲ့ မပြီးသေးဘူး တိုင်းပြည်တွင်းမှာ ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွှတ်ပေးဖို့အတွက် သူတို့မှာ ရည်ရွယ်ချက် ရှိရမယ်၊ လုပ်ငန်းစဉ် ရှိရမယ်။ ဒီအင်အားစု အားလုံးနဲ့ အတူတူ လက်တွဲပြီး တိုင်းပြည် ပြန်လည် ထူထောင်ဖို့ အတွက် နိုင်ငံရေး လုပ်ငန်းစဉ် သူတို့မှာ ရှိရမယ်။ အဲဒီလုပ်ငန်းစဉ် သူချပြပြီးတော့ ဒါတွေ ဒါတွေ ငါတို့ အကောင်အထည် ဖော်ချင်တယ်၊ ဒါတွေ လုပ်ဖို့ အတွက် အားလုံး တန်းတူ ရည်တူ ဆွေးနွေးပြီး လုပ်မယ်ဆိုရင်တော့ ဒါ အကျိုးရှိမယ့် ကမ်းလှမ်းမှု ဖြစ်လိမ့်မယ်လို့ ထင်တယ်။ ဒီလို ခေါ်ရုံနဲ့တော့ နိုင်ငံရေးပြဿနာကို ပြေလည်အောင် ဖြေရှင်းနိုင်မယ်လို့တော့ ကျနော့အနေနဲ့ မမြင်ဘူး။”

မဇ္ဈိမမှ တဆင့် ဖြန့်ဝေပါတယ်။

댓글 없음:

댓글 쓰기