2011년 7월 24일 일요일

2011 Migrants’ Song Festival ပထမအဆင့် အကြိုပြိုင်ပွဲ ကျင်းပပြီးစီး

ပထမဆုရရှိသူ မွန်ဂို သားအမိ
2011 Migrants’ Song Festival ပထမအဆင့် အကြိုပြိုင်ပွဲကို ဒီနေ့ ဂျူလိုင် ၂၄ရက်နေ့ နေ့လယ် ၃နာရီက စတင်ပြီး ဆိုးလ်မြို့ ဒုန်ဒဲမွန်းရှိ ဂူးမင်းခမ်းမ ဆောင်မှာ ပြုလုပ်ခဲ့ပါတယ်။
အဲဒီ ပြိုင်ပွဲကို နီပေါ၊ ရုရှား၊ ဗီယက်နမ်၊ ဘင်္ဂလားဒေရှ့်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် အစရှိတဲ့ ၁၂နိုင်ငံမှ ၄၅သင်းဟာ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး စိတ်ပါ
ဝင်စား သူ ရွှေ့ပြောင်းသူများနဲ့ ကိုရီးယားများ စုစုပေါင်း၁၀ခန့်တက်ရောက်ကြည့်ရှုခဲ့ကြပါတယ်။



ပါဝင်သီဆိုသူများကို အကဲဖြတ်ဒိုင်လူကြီးအဖြစ် အဆိုတော် ယွန်းယောက်ဆောက်၊ ဂီတတက္ကသိုလ် ပါမောက္ခ ဂန်ရှင်မိုး၊ အဆိုတော် ဂျောင်ဂျီအူးနဲ့ စတော့ခ်ခရက်ဒေါင်းအဆိုတော် စိုးမိုးသူတို့မှ ဆောင်ရွက်ခဲ့ပါတယ်။


ပြိုင်ပွဲစတင်တဲ့အခါ  ဒိုင်လူကြီးအဖြစ်ဆောင်ရွက်သူ စိုးမိုးသူမှ ပြိုင်ပွဲဝင်သူများအား အကဲဖြတ်ဒိုင်များရဲ့ အမှတ်ပေးပုံ စနစ် (သီချင်းဆိုနည်း၊ သံစဉ်ညီညာမှု၊ သီဆိုဟန်နဲ့ ပရိသတ်အပေါ်ဆွဲဆောင်နိုင်မှု) ကို ဦးစွာရှင်းလင်း ပြောပြပါတယ်။

အဲဒီနောက် ပြိုင်ပွဲကို စတင်ပြီး ယှဉ်ပြိုင်သူများ ပြီး အချိန်က မလုံလောက်တာကြောင့် သီဆိုသူများ အနေနဲ့ သီချင်းရဲ့ တ၀က်ကိုသာ သီဆိုဖျော်ဖြေတဲ့ ပုံစံနဲ့ ယှဉ်ပြိုင်ကြပါတယ်။ ပြိုင်ပွဲမှာ သီဆိုသူများ ဟာ တဦးချင်း၊ အုပ်စုလိုက်နဲ့ မိသားစုလိုက် စသဖြင့် ပုံစံမျိုးစုံ ဖျော်ဖြေခဲ့ကြပါတယ်။

 ညနေ၅နာရီမှာ ပြိုင်ပွဲဝင်သူများရဲ့ သီဆိုခြင်း အစီ အစဉ် ပြီးဆုံးကာ ကျင်းပသူများမှ  အမှတ်များကို ပေါင်းနေ စဉ်အတွင်း ဒိုင်လူကြီးဖြစ်သူများက တေး သီချင်းများကို ဖျော်ဖြေသီဆိုပေးခဲ့ပါတယ်။ အဲဒီ နောက် အမှတ်အ များဆုံးရရှိသူများကို အဆင့်၃မှ စတင်ပြီး ကြေငြာပါတယ်။

ပထမဆုကို သားငယ်နဲ့အတူ ပါဝင်ယှဉ်ပြိုင်သူ မွန်ဂိုလ်အမျိုးသမီး ချိုလုံဘာထာရုက ရရှိသွားပြီး ဒုတိယ ဆုကို ဖိလစ်ပိုင်အဖွဲ့ အဲ့လီဆဲအား ထိုရဲ့စ်နဲ့ တတိယဆုကို နီပေါက ဂူးရွမ်းဘောရော့တို့က အသီးသီး ရရှိသွား ခဲ့ပါတယ်။

 ထို့နောက် ပြိုင်ပွဲဝင်သူ အသီးသီးအား အမှတ်တရ လက်ဆောင်များကို ပေးကာ မှတ်တမ်း ဓါတ်ပုံများ ရိုက်ယူခြင်းဖြင့် ပြိုင်ပွဲကို ရုတ်သိမ်းလိုက်ပါတယ်။

ပထမအဆင့် ပြိုင်ပွဲကို အောင်မြင်သူများဟာ သြ ဂုတ်လမှာ ဒုတိယအဆင့် ပြိုင်ပွဲကို ထပ်မံပါဝင် ယှဉ် ပြိုင်ရ ဦးမှာ ဖြစ်ပြီး ဒုတိယ အဆင့် အောင်မြင်သူ များဟာ စက်တင်ဘာလမှာ ကျင်းပမယ့် နောက် ဆုံး ပြိုင်ပွဲမှာ ပါဝင် ယှဉ်ပြိုင်နိုင်မှာ ဖြစ်ပါတယ်။


2011 Migrants’ Song Festivalပြိုင်ပွဲကို 2009ခုနှစ်က စတင်ခဲ့ပြီး ယခုနှစ်တွင် ၃ကြိမ်မြောက်ဖြစ်ပါတယ်။
ပထမအကြိမ်နဲ့ ဒုတိယအကြိမ်တို့မှာ မြန်မာနိုင်ငံသားများ ပါဝင်ယှဉ်ပြိုင်ကာ ဆုအသီးသီးများရရှိခဲ့ဖူး သော်လည်း ယခုနှစ်တွင်မူ ပါဝင်ယှဉ်ပြိုင်သူမရှိကြောင်း သိရပါတယ်။

စက်တင်ဘာမှာ ကျင်းပမယ့် နောက်ဆုံးပြိုင်ပွဲရဲ့ ပထမဆုဟာ ၀မ်သိန်း၁၀၀၊ ဒုတိယဆု ၀မ်သိန်း၅၀၊ တတိယဆု ၀မ်သိန်း၃၀ဖြစ်ကြပြီး နောက်ဆုံးအဆင့်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်သူအားလုံးကို ၀မ်၅သိန်းစီ ပေးမှာဖြစ်ပါတယ်။

သတင်း  စိုးမိုးသူ

댓글 없음:

댓글 쓰기