2011년 6월 11일 토요일

အစာအိမ် ရောဂါနှင့် ကိုယ်တွေ့


သာမန်အရပ်သားတစ်ယောက်၏ အသိအရ အစာအိမ်ရောဂါသည် နှစ်မျိုး နှစ်စားရှိသည်ဟုသိရပါသည်။ တစ်မျိုးမှာ အစာမကြေချက်သော (ဝမ်းမီးညံ့သော) အစာအိမ်ရောဂါ ဖြစ်၍ နောက်တစ်မျိုးမှာ အစာ အိမ်တွင် အနာဖြစ်နေသော အစာအိမ် ရောဂါ ဟူ၍ ဖြစ်ပါသည်။

ကျွန်တော့်တွင် ဖြစ်နေသော အစာအိမ်ရောဂါမှာ အစာမကြေချက်သော (ပါစက ဝမ်းမီးညံ့သည့်)ရောဂါ ဖြစ်ပါသည်။ ထိုရောဂါမှာ မွေးရာပါ အတိတ်ကံကြောင့် ဖြစ်သောရောဂါဟုလည်း အချို့က ဆိုကြပါသည်။ ကျွန်တော့်အနေဖြင့် ဤသို့မယူဆပါ။ အနေအထိုင်အစား အသောက်မှားယွင်းမှု၊ ကျန်းမာရေး အသိ မရှိမှုတို့ကြောင့် အများဆုံး ဖြစ်သည်ဟု ယုံကြည်ပါသည်။ ရှေးလူကြီးများ ပြောစကားအရ လူမှာ အမျိုးကြက်မှာအရိုးဟု ဆိုပါသည်။ မျိုးရိုးဗီဇများ စွန့်နိုင်ခဲသည်ဟုလည်း ဆိုကြပါသည်။ ကျွန်တော်၏ မျိုးရိုးမှာ ထမင်းစားအလွန်မြန်သော မျိုးရိုးအကျင့်ရှိပါသည်။ ထို့အပြင် ငရုတ်သီးထောင်းလည်း အလွန်စားပါသည်။ ထမင်းစားလျှင် ထမင်းလုပ်ကြီးကြီးဖြင့် ငရုတ်သီးထောင်း၊ ငပိချက်စပ်စပ်တို့ကို ရောနယ်ကာ အားရပါးရ ခပ်မြန်မြန်စားလေ့ရှိပါသည်။ ဤသည်မှာ အဘိုးလက်ထက် ကတည်း ကဖြစ်ပါသည်။ ကျွန်တော်ကိုယ်တိုင် ထမင်းစားမြန်ကာ ငရုတ်သီးစားလွန်းသဖြင့် အမေက မကြာခဏ သတိပေးရပါသည်။
ထို့ပြင် ကျန်းမာရေး အသိ မရှိ၊ကျန်းမာရေး လိုက်စားရကောင်းမှန်းမသိဘဲ နေ့စဉ် ထမင်းစားပုံ စရိုက် ဆိုးရှိသည့် အပြင် မကြာမကြာ ထမင်းကြမ်း(အညာအခေါ်)လည်း စားတတ်ပြန်ပါသည်။ ထို့အပြင် အညာသူ၊ အညာသားများမှာ ငစိန်ဆန်သာ စားလေ့ရှိပြီး ငစိန်ဆန်မှာ ဆန်ကြမ်းဖြစ်ကာ အစာကြေ ခဲပါသည်။ ထမင်းကြမ်းဆိုလျှင် (အားလုံးစားကြပြီး ကျန်သော ထမင်း) အေးစက်မာကြော နေတတ်ပါသည်။ ထိုစရိုက်ဆိုးကြောင့် ကျွန်တော်သည် ငယ်စဉ်က တည်းကပင် ဆီးပူခြင်း၊ မကြာမကြာ ရင်ပြည့် အော့အန်ခြင်း ဖြစ်ပါသည်။

အလုပ်ခွင်ထဲရောက်သည့်အခါ အလုပ်၏ ဖိစီးမှုကြောင့် အစားမမှန်ဘဲ ကြုံသလို လမ်းဘေး အစားအစာ များကိုပါ စားလာမိပါသည်။ အထူးသဖြင့် ဆီကြော်များကို မကြာမကြာစားလာသည့်အခါ ကျွန်တော်၏ အစာအိမ်မှာ ပို၍ ပို၍ ဆိုးလာပါသည်။ မိမိ၏ စရိုက်ဆိုးကို ပြုပြင်ရကောင်းမှန်းမသိဘဲ နေလာခဲ့ရာ တစ်နေ့တွင် ဒုက္ခလှလှကြီး တွေ့ပါတော့သည်။ ဗိုက်ထဲက နာကျင်ကိုက်ခဲသည့်ပြင် ဆီးအိမ်ကလည်း နာကျင်ကိုက်ခဲ လာပါသည်။ တစ်ညတွင် ဆီးရော အစာအိမ်ပါကိုက်ခဲ နေသဖြင့် ဧည့်ခန်းတွင် တစ်ယောက်တည်း လူးလှိမ့်နေရပါသည်။ ဆေးခန်းပြသော်လည်း အနည်းငယ်သာ သက်သာသဖြင့် အစာအိမ် နှင့် အူလမ်းကြောင်း ပါရဂူကြီး ဦးအောင်မြင့်နှင့် ဆီးနှင့် ကျောက်ကပ် ပါရဂူ ဆရာကြီး ဦးလှမွန်တို့ကို ပြသကာ ကုသမှုခံယူရပါသည်။

အစာအိမ်နှင့် ပတ်သက်၍ ခပ်ပျစ်ပျစ် အဖြူရည်တို့ကို သောက်ကာ ဓာတ်မှန်ရိုက်ရသည့်အပြင် လက်မောင်းကို ဆေးထိုးကာ ဓာတ်မှန်ရိုက်ရပါသည်။(လက်မောင်းကို ဆေးမထိုးမီ သဘောတူကြောင်း လက်မှတ်ရေးထိုးရပါသည်။ တချို့မှာ ယင်းဆေးသွင်းရင်းဖြင့် ဒုက္ခရောက်သွားကြသူများလည်းရှိ ကြောင်းနောင်မှ သိရပါသည်) သမားတော်ကြီး နှစ်ဦး ကြပ်မတ်ကုသ ပေးမှုကြောင့် တစ်လအတွင်း ကျန်းမာလာခဲ့ပါသည်။ ထို့ပြင် ဆီးရောဂါ ပါရဂူ၏ မှတ်ချက်အရ ရန်ကုန်ဆေးရုံကြီးတွင် ကျင်ချောင်းထဲ ပိုက်သွင်းကာ စစ်ဆေးမှုလည်း ခံယူခဲ့ရပါသည်။

ကျန်းမာလာပြီးနောက် ဌာနတွင် လုပ်သက်လည်းရလာကာရာထူးအဆင့်တာဝန်လည်း လေးလံစွာ ထမ်းလာရပါသည်။ ထြို့ပင် လြူကီးတစ်ယောက်၏ ကိုယ်ရေးလက်ထောက်အလုပ်ပါ တွဲလုပ်ပေးလာရ သဖြင့် သူ့စိတ်နှင့်ကိုယ့်ကို နေလာခဲ့ရပါသည်။ စိတ်ပင်ပန်း ကိုယ်ပင်ပန်း ဖြင့် နှစ်နှစ်ကျော်ရှိလာသည့် အခါ အစာအိမ်မှာ ပြန်ဖောက်လာပါသည်။ ထိုအခါ ဝမ်းခေါင်းပိုင်းဆိုင်ရာ ဆရာဝန် ပါရဂူဆရာဝန်ကြီး ဦးအုန်းခိုင်က ပါးစပ်မှတစ်ဆင့် အစာအိမ်ထဲသို့ မှန်ပြောင်းသွင်းကာ စစ်ဆေးကုသပေး ပါသည်။ ထိုအချိန်တွင် ကျွန်တော်သည် မိမိကိုယ်ကို မိမိ ပြန်လည်သုံးသပ်ကာ ကျန်းမာရေး အသိများကို အပတ်တကုတ် ရှာဖွေလေ့လာခဲ့ပါသည်။ ဆရာဝန်အားကိုး၊ ဆေးအားကိုးဖြင့်သာ နေနေပါက တစ်နေ့တွင် ဆေးကုသ၍ မရတော့သောအဖြစ်ကို မုချကြုံရပါတော့မည်ဟု သိလာပါသည်။ ထိုအသိဝင်လာခြင်းကြောင့် ကျွန်တော်၏မျိုးရိုး စဉ်ဆက်အမှားဖြစ်သော အစားမြန်လွန်ခြင်း၊ ငရုတ်သီးအဆမတန်စားခြင်းတို့ကို လုံးဝဆင်ခြင်ပစ်လိုက်ပါသည်။ (လပေါင်းများစွာ ကျင့်ယူခဲ့ရပါသည်) ထို့ပြင် အချိန်မှန်စားခြင်း၊ လမ်းဘေး အစားအစာနှင့် ဆီကြော်များကိုရှောင်ခြင်း၊ သင့်တင့်သောအစာကို သင့်တင့်ရုံသာ စားခြင်းတို့ဖြင့် မိမိကိုယ်ကိုမိမိ ပြန်လည်တည်ဆောက်လာခဲ့ပါသည်။

ထို့အပြင် အစာအိမ်၊ ဆီးရောဂါတို့နှင့်ပတ်သက်၍ အားကိုးလောက်သော တိုင်းရင်းဆေးဝါးကိုလည်း လေ့လာဆည်းပူးကာ မှီဝဲလာခဲ့ပါသည်။ မိမိအတွေ့အကြုံအရ ဖြူကောင်တံဆိပ် ကချင်အစာအိမ်ဆေး၊ ဆရာဦးထွန်းထွန်း(ရွှေခေါင်းပေါင်း)၏ အစာအိမ်ဆေးဝါမှုန့်၊ ဆရာကြီး ဦဉာဏ်လွင်၏ အစာအိမ်ဆေး၊ ဦးဘိုးကြီး ၏အစာအိမ်ဆေးနှင့် တပင်တိုင်မြနန်းဥ အနီတို့မှာ အားကိုးလောက်သော ဆေးဝါးများ ဖြစ်သည်ကို တွေ့ရပါသည။် ထြို့ပင် စနိုဂါးဒင်း အိမ်ရာသင်္ဃန်းကျွန်းမှ ထုတ်လုပ်သောမဟာ ဖြေဆေးမှုန့်နှင့် ဆရာကြီး ဦးလဇွမ်လရန်၏ တပင်တိုင်မြစ်ပွားနာ ပျောက်ဆေးမှုန့်တို့သည် အလွန်အစွမ်း ထက်သည်ကို တွေ့ရပါသည်။

အနှစ်ချုပ်ရပါက ကျန်းမာရေး အသိရှိရှိဖြင့် ကျန်းမာရေးလိုက်စားကာ အစာအိမ်အတွက် ငွေကုန် ကြေးကျမရှိ အလွန်ရိုးစင်းလွယ်ကူသောဆေးနည်းဖြင့် နိဂုံးချုပ်လိုပါသည်။ လက်တွေ့အကျိုးရှိသော ထိုနည်းမှာ ဗာဒံပင်မှ အရွက် (မှည့်ရင့်နေသောအနီရွက်) ကို သုံးခွက်တစ်ခွက်တင် ကြိုသောက်သော နည်းဖြစ်ပါသည်။ ရိုးစင်းလွယ်ကူလွန်း၍ ယုံကြည်ရခက်ပါသည် ဟုဆိုပါက မယုံလျှင် လုပ်ကြည့်လေ ဟုသာ တိုက်တွန်းလိုက်ရပါသည်။
သတင်း လမ်းသစ်အွန်လိုင်းဂျာနယ်

댓글 없음:

댓글 쓰기