2011년 6월 11일 토요일

ကိုရီးယားနိုင်ငံတွင်း စာပေဟောပြောပွဲကျင်းပပြီးစီး



စာဖတ်တဲ့ အကျင့်ဓလေ့ဟာ လူတဦး တယောက်ချင်းအတွက်ရော လူ့အဖွဲ့အစည်းအတွက်ပါ ကောင်းကျိုးကို ဆောင်ကြဉ်းပေးနိုင်တဲ့ အရေးပါတဲ့ အရာတခုဖြစ်ပါတယ်။ ဘယ်အချိန်ဘယ်အရွယ် ဘယ်နေရာမှာ မဆို စာကို အဆက်မပြတ်ဖတ်နေတာဟာ အသိပညာကို တိုးပွားအောင် လုပ်နေခြင်းပါပဲ။

ကိုရီးယားရောက် မြန်မာတွေအနေနဲ့လည်း အလုပ်ပင်ပန်း အချိန်ရှားပါးတဲ့ကြားက စာပေအသိနဲ့ တိုးတက်မှုတွေကို တည်ဆောက်နိုင်ကြဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စာပေဟောပြောပွဲတခုကို ကျင်းပ ပြုလုပ်ခဲ့ကြောင်း တင်ပြပါ့မယ်။

(ဘူချွန်း ဘို့ဆာဂိုးလ် ယဉ်ကျေးမှုဖောင်ဒေးရှင်း ခမ်းမဆောင်)
လေးစားရတဲ့ စာရေးဆရာကြီးများရဲ့ စာအုပ်များကို ၀ယ်ယူကာ ဆရာကြီးများ ကိုယ်တိုင် လက်မှတ်ရေးထိုးပေးတာကို ရယူဖို့ တန်းစီနေတဲ့ စာပေချစ်မြတ်နိုးသူများ၊

များပြားလှတဲ့ စာဖတ်ပရိသတ်အတွက် လက်မှတ်များကို မမောမပန်း သေချာစွာ ရေးထိုးပေးနေတဲ့ စာရေးဆရာကြီး၂ဦး။ ဒီမြင်ကွင်းဟာ မြင်ရသူများအတွက် အထူး ကြည်နူးစရာကောင်းလှပါတယ်။

လွန်ခဲ့တဲ့ ဂျွန်လ၅ရက်နေ့က မြန်မာပြည်မှ ထင်ရှားတဲ့ စာရေးဆရာ ဦးဖေမြင့်နဲ့ ကာတွန်းဆရာ ဦးအော်ပီကျယ်တို့ရဲ့ စာပေဟောပြောပွဲကို ကျင်းပခဲ့ပါတယ်။

အဲဒီပွဲကို ကိုရီးယားရောက်မြန်မာအသင်းအဖွဲ့ပေါင်းစုံဖြင့် ဖွဲ့စည်းထားတဲ့ ၂၀၁၁စာပေဟောပြောပွဲ ကျင်းပရေးကော်မတီက ဦးဆောင်စီစဉ်ပြီး Beautiful foundation၊ ဘူချွန်းယဉ်ကျေးမှု ဖောင်ဒေးရှင်းနဲ့ ကိုရီးယားရောက်မြန်မာလုပ်ငန်းရှင်များက ထောက်ပံ့ခဲ့ကြပါတယ်။

စာပေဟောပြောပွဲကို ကိုရီးယားရောက် မြန်မာနိုင်ငံသားများနဲ့ ကိုရီးယားနိုင်ငံသားများ စုစုပေါင်း ၃၀၀ခန့် တက်ရောက်ခဲ့ကြပါတယ်။

ကိုဝိုင်း ၂၀၁၁စာပေဟောပြောပွဲ ကျင်းပရေးကော်မတီဝင်
စာဖတ်တဲ့ ဓလေ့ဝါသနာကို ရရှိစေချင်တာရယ်၊ အားလပ်တဲ့အချိန်မှာ မိမိတို့ ဘ၀တက်လမ်းအတွက် အောင်မြင်ခြင်း ခွန်အားတွေကို ဖြစ်စေမယ့် အရာတွေကို ရရှိနိုင်ဖို့အတွက် စာပေဟောပြောပွဲကို ကျင်းပရခြင်းဖြစ်ပါတယ်

နေ့လယ် ၁နာရီမှစတင်ခဲ့တဲ့ စာပေဟောပြောပွဲကို ဆရာ အော်ပီကျယ်က ရေကြည်ရာ မြက်နုရာဆိုတဲ့ ခေါင်းစဉ်နဲ့ စတင်ဟောပြောပါတယ်။ လက်ရှိ မြန်မာပြည်ရဲ့ အခြေအနေ၊ မြန်မာလူမျိုးတို့ရဲ့ ဘ၀ကို ကာတွန်းရုပ်ပုံများနဲ့ ဟာသ နှောကာ ထိထိမိမိ ပြောဆိုတဲ့ ဆရာ့ရဲ့ ဟောပြောသံနဲ့ ပရိသတ်များရဲ့ သဘောကျ လက်ခုတ်သံများဟာ ခမ်းမ တခုလုံး ပြည့်လျှံသွားရပါတယ်။

အဲဒီနောက် စာပေနယ်ပယ်မှာ တက်ကျမ်းများရေးသူ အဖြစ် ထင်ရှားတဲ့ ဆရာဖေမြင့်က စာဖတ်ခြင်းအကျိုးကျေးဇူးအကြောင်းကို ဆက်လက် ဟောပြောပါတယ်။

စာပေဖြင့် အမျိုးသားရေးစိတ်ဓာတ်ကို မြင့်တင်နိုင်ခဲ့တဲ့ ကိုလိုနီအောက်မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးကြိုးပမ်းမှုအကြောင်း၊ စာပေဖြင့် ကမ္ဘာကို ကိုင်လှုပ်နိုင်ခဲ့ခြင်းနဲ့ စာဖတ်ခြင်းဖြင့် ထူးချွန်ပေါက်မြောက်ခဲ့တဲ့ ကမ္ဘာနဲ့ မြန်မာ့ခေါင်းဆောင်များအကြောင်း စသဖြင့် ဆရာ့ရဲ့ ဟောပြောမှုဟာ တက်ရောက်သူ မြန်မာပရိတ်သတ်အတွက် အထူး မှတ်သားစရာကောင်းလှပါတယ်။

ဦးဝင်းပေါ်မောင်-ဥက္ကဌ ၂၀၁၁စာပေဟောပြောပွဲ ကျင်းပရေးကော်မတီ
အားလုံးကို ရစေချင်တာကတော့ ကိုယ့်နိုင်ငံအတွက် ကျနော်တို့ဟာ ဒီနေ့လက်တွေ့ တကယ်လုပ်ရတော့မယ် ဆိုတာကို နှလုံးသားထဲ နက်နက်ရှိုင်းရှိုင်း ရစေချင်တာပါပဲ။

၅နာရီကြာ ကျင်းပခဲ့တဲ့ စာပေဟောပြောပွဲဟာ ညနေ၆နာရီတွင် ပြီးဆုံးကာ တက်ရောက်သူများက ဆရာကြီးများနဲ့အတူ အမှတ်တရ ဓာတ်ပုံများ ရိုက်ကူးကြခြင်းဖြင့် အောင်မြင်စွာ အဆုံးသတ်ခဲ့ပါတယ်။

ဦးအော်ပီကျယ် ကာတွန်းဆရာ
တကယ်ကို ပင်လည်း အပင်ပန်းခံ၊ ပြောင်းလဲနေတဲ့အတိုင်းကို အံဝင်ခွင်ကျဖြစ်အောင် လူတိုင်းကြိုးစား နေထိုင်နေကြတာကို တွေ့ရတော့ ကျနော် ၀မ်းသာပါတယ်။

သတင်း၊ တည်းဖြတ် စိုးမိုးသူ

댓글 없음:

댓글 쓰기