2011년 6월 13일 월요일

အရူးဆိုပြီး အလုပ်ထုတ်ခံရသူ နီပေါအလုပ်သမား မိမိကိုယ်ကို သတ်သေသွား

ကိုရီးယားကို ၀င်ရောက်အလုပ်လုပ်ကိုင်ချိန်ကာလ ၉လရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားတဦး ကိုယ့်ကိုယ်ကို သတ်သေတဲ့ဖြစ်ရပ် ဖြစ်ပွားခဲ့ပါတယ်။

ဂျွန်လ ၁၂ရက်နေ့ည ၉နာရီခန့်မှာ ဒဲဂူးမြို့ ဆောင်းဆောစက်မှုဇုံတွင်း စက်ရုံတရုံတွင် အလုပ်လုပ်ကိုင်သူ နီပေါရွှေ့ပြောင်းအလုပ်သမား ဂျီ(၄၁နှစ်)ဟာ အတူအလုပ်လုပ်ကိုင်သူရဲ့ နေအိမ်မှာ လည်ပင်း ဇွဲကြိုးချ သတ်သေသွားခဲ့ပါတယ်။ ဂျီဟာ အီးပီအက်စ်စနစ်ဖြင့် ကိုရီးယားကို ၀င်ရောက်အလုပ်လုပ်ကိုင်ခဲ့သူဖြစ်ပြီး လွန်ခဲ့သောရက်များက စက်ရုံမှ အလုပ်ထုတ်ခံခဲ့ရတာကြောင့် အခြားအလုပ်ကို ရှာဖွေခဲ့ပါတယ်။

သူမသေမီ နီပေါနဲ့ အင်္ဂလိပ်လို ရေးထားခဲ့တဲ့ စာမှာ ငါဟာ အပြစ်မရှိပဲ အလုပ်က မတရား အထုတ်ခံခဲ့ရ တာကြောင့် အရမ်းဝမ်းနည်းတယ်၊ နီပေါမှာ ရှိတဲ့ ငါ့သားနဲ့သမီးကို ကြည့်ရှုစောင့်ရှောက်ပေးကြပါလို့ ပါရှိပါတယ်။ သူဟာ ဆက်လက်ပြီး စက်ရုံအလုပ်ရှင်ဟာ သူ့ကို စိတ်မနှံ့သူလို့ စွတ်စွဲ အလုပ်ထုတ်ခဲ့တာ ကို ကိုရီးယားအစိုးရအနေနဲ့ အဖြစ်မှန် ပေါ်ပေါက်အောင်လုပ်ပေးဖို့ အဲဒီစာထဲမှာ ရေးသား တောင်းဆို ထားခဲ့ပါတယ်။

ဒဲဂူး ဒီမိုကရက်တစ်အလုပ်သမားသမဂ္ဂတာဝန်ရှိသူက သေဆုံးသွားသူ ဂျီရဲ့ သူငယ်ချင်းတွေက ဂျီဟာ မတရားအလုပ်ထုတ်ခံရတဲ့အပေါ် အလွန် ၀မ်းနည်းခံစားနေခဲ့ကြောင်းကို ပြောပြကြောင်း ပြောဆိုပါတယ်။ ဒဲဂူး ဒီမိုကရက်တစ်အလုပ်သမားသမဂ္ဂဟာ သေဆုံးသွားသူဂျီရဲ့ မိသားစုများကို ဆက်သွယ်ခြင်း၊ ဂျီနှင့် အတူအလုပ်လုပ်ကိုင်သူ သူငယ်ချင်းများထံ စက်ရုံတာဝန်ရှိသူများက ဂျီကို မတရား အလုပ်ထုတ်ခဲ့တဲ့ အကြောင်းအရာကို စုံစမ်းခြင်းများကို ပြုလုပ်လျှက်ရှိနေပါတယ်။

သတင်း ယွန်ဟပ်
ဘာသာပြန် စိုးမိုးသူ

댓글 없음:

댓글 쓰기