2011년 4월 12일 화요일

နင်းချေမွခံလိုက်ရတဲ့ Korean Dream

၂၀၁၁ ဧပြီ ၁၂

လွန်ခဲ့တဲ့နှစ် မတ်လက ဂန်ဝန်းဒို ချွန်းချွန်းမှာ ဖြစ်ပွားခဲ့တဲ့ ကမ်ပူးချားအမျိုးသမီး မီးလောင်သေဆုံးမှုဟာ အာမခံငွေ ကြေးကို ရယူလိုတဲ့ ခင်ပွန်းသည် ကိုရီးယားအမျိုးသား ဂန်(၄၅နှစ်)က တမင်ဖန်တီးတဲ့ လုပ်ရပ်ဖြစ်ကြောင်း စုံစမ်းသိရှိရပါတယ်။

ရဲဌာနရဲ့ အဆိုအရ ဂန်နဲ့ ကွယ်လွန်သူ ကမ်ပူးချားအမျိုးသမီးဟာ လွန်ခဲ့တဲ့ ၂၀၀၈ခုနှစ်မှာ အိမ်ထောင်ပြုခဲ့ကြပြီး ၂၀၀၉ခုနှစ် ဧပြီလမှ စတင်ကာ ကိုရီးယားနိုင်ငံတွင်း အတူနေထိုင်ခဲ့ကြပါတယ်။ ဂန်ဟာ ၂၀၀၉ခုနှစ် ၉လမှ ၁၂လအထိ ဇနီးသည်အမည်နဲ့ အာမခံဌာနမှာ အာမခံ၆ခု ၀ယ်ယူခဲ့ပါတယ်။ အာမခံများအနက် အသက်အာမခံဆိုရင် လျော်ကြေး ၀မ်သန်း၁၂၀တန်ဘိုးရှိပါတယ်။

ရဲဌာနက ဂန်ဟာ ဇနီးသည်ကို အိပ်ဆေးများတိုက်ကာ အိပ်ပျော်စေပြီးနောက် အိမ်ကို မီးရှို့ခြင်းဖြင့် ဇနီးသည်ကို မီးလောင်သေဆုံးစေခဲ့ပါတယ်။

အခင်းဖြစ်ပွားပြီး မသင်္ကာသူအဖြစ် ခင်ပွန်းသည်ဂန်ဟာ ဖမ်းဆီးခံခဲ့ရပေမယ့် တိကျတဲ့ အထောက်အထားမပြနိုင် တာကြောင့် ပြန်လည် လွတ်မြောက်ခဲ့ပါတယ်။ ဒါပေမယ့် ရဲဌာနရဲ့ ဆက်တိုက် စုံစမ်းမှုတွေကြောင့် အခင်းဖြစ်ပွားပြီး တနှစ်အကြာ လွန်ခဲ့တဲ့ မတ်လမှာ အဖြစ်မှန်ပေါ်ပေါက်ခဲ့ပါတယ်။

ရွှေ့ပြောင်းသူအိမ်ထောင်သည်တွေရဲ့ အဖြစ်ဆိုးတွေဟာ ဒီတခုတင်မကပါ။ ၂၀၁၀ခုနှစ် ဂျူလိုင်လမှာလည်း ဗီယက်နမ် အမျိုးသမီးဟာ ကိုရီးယားနိုင်ငံသားနဲ့ အိမ်ထောင်ပြုပြီး ၈ရက်အကြာမှာ စိတ်ဝေဒနာရှင် ခင်ပွန်းသည်ရဲ့ ရက်စက်စွာ သတ်ဖြတ်မှုကို ခံခဲ့ရပါတယ်။

Korean Dream ကိုရင်ဝယ်ပိုက်ကာ အမိနိုင်ငံမှ ထွက်ခွာလာတဲ့ ရွှေ့ပြောင်းသူအိမ်ထောင်သည်အမျိုးသမီးတို့ဟာ သာယာပျော်ရွှင်ဖွယ်အိမ်ထောင်သည်ဘ၀ကို တမ်းတပြီး တိုင်းတပါးမှာ လာရောက်အခြေချကြပေမယ့် သူတို့ကို ကြိုဆိုနေတာကတော့ ခင်ပွန်းသည်တိုရဲ့ မတရား ထိုးကြိတ်ရိုက်နှက်မှုနဲ့ ကာမဆန္ဒ အတင်းအဓမ္မ ဖြည့်ဆည်းမှုတို့ပဲဖြစ်ပါတယ်။

လက်ရှိ ကိုရီးယားမှာ ရွှေ့ပြောင်းသူအိမ်ထောင်သည်အမျိုးသမီးစုစုပေါင်း၁သိန်း၈သောင်းရှိပြီး တနှစ်ကို လက်ထပ်ပွဲ အရေအတွက် ၃သောင်းအထက်ရှိနေသလို ကွာရှင်းပြတ်စဲမှုတွေကလည်း ၃၀ရာခိုင်နှုန်းရှိပါတယ်။ အများစုဟာ ခင်ပွန်းသည်နဲ့ ဆွေမျိုးတွေရဲ့ စွန့်ပစ်ခြင်းကို ခံနေရတာကြောင့် ကိုရီးယားနိုင်ငံအတွင်း လိင်ရောင်းချခံရခြင်းနဲ့ မခြားဖြစ်နေပါတယ်။

မူရင်း hankyung.com
ဘာသာပြန် စိုးမိုးသူ

댓글 없음:

댓글 쓰기