ကိုရီးယားသို့ ခရီးသွားလာသူများ ပိုမို များပြားလာစေရန် ရည်ရွယ်ချက်ဖြင့် ကိုရီးယားအစိုးရသည် ယခုနှစ် ဧပြီ၁ရက်နေ့မှ စတင်ပြီး အရှေ့တောင်အာရှ ၁၁နိုင်ငံအနေနဲ့ ကိုရီးယားပြည်ဝင်ခွင့် ခရီးသွားဗီစာကို အလွယ်တကူ ရယူနိုင်မည့် စနစ်သစ်ကို ပြဌာန်းရန် စီစဉ်နေကြောင်း သိရှိရပါတယ်။
တရားရေးဌာနရဲ့ မတ်လ ၂၉ရက်နေ့ ထုတ်ပြန်ချက်ပါ စနစ်သစ်အရ ခရီးသွားဗီစာလျှောက်ထားသူတို့ရဲ့ ပိုင်ဆိုင်မှု၊ လုပ်ငန်းအနေအထားဆိုင်ရာ သက်သေစာရွက်စာတမ်းများ တင်ပြစေခြင်းများအား လျှော့နည်း စေမည် ဖြစ်ပါတယ်။
ထို့အပြင် ပြည်တွင်း ခရီးသွားလုပ်ငန်းဌာနများ အနေဖြင့် မိမိတို့ရဲ့ ခရီးသည် အသီးသီး အပေါ် တာဝန်ယူ နိုင်မည်ဆိုပါက ခရီးသွားအစုများ အတွင်း တဦးချင်းဆိုင်ရာ စာရွက်စာတမ်းများ အသီးသီး တင်ပြစေခြင်း များလည်း လျော့နည်းသွားစေမည် ဖြစ်ပါတယ်။
ဗီစာလွယ်ကူစွာရယူနိုင်ခြင်း စနစ်သစ်ကို ကျင့်သုံးသွားမည့် နိုင်ငံများမှာ မြန်မာ၊ ကမ်ပူးချား၊ သီရိလင်္ကာ၊ လားအို့စ်၊ နီပေါ၊ ပါကစ္စတန်၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ အိန္ဒီးယားနဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံတို့ ဖြစ်ကြပါတယ်။
တရားရေးဌာနအရာရှိအဆိုအရ ကိုရီးယားသို့ အရှေ့တောင်အာရှမှ ခရီးသွားများ ၀င်ရောက်မှု များပြား လာတဲ့အလျှောက် လာရောက်သူ နိုင်ငံခြားသား အရေအတွက်အား ထပ်မံ တိုးမြင့်ဖို့အတွက် ဗီစာ လွယ်ကူစွာ ရယူနိုင်မည့် စနစ်သစ်ကို ဖန်တီးတာဖြစ်ပြီး ဆက်လက်ပြီး အခြားနိုင်ငံများမှာလည်း အဆိုပါ စနစ်သစ်ကို တိုးချဲ့ကျင့်သုံးသွားမှာ ဖြစ်ကြောင်းသိရှိရပါတယ်။
ဒါ့အပြင် တရားရေးဌာနက တရားမ၀င်နေထိုင်သူများအနေနဲ့ ဒီစနစ်သစ်ကို အသုံးချပြီး ၀င်ရောက်လာခြင်း မရှိစေဖို့ ကဏ္ဍအသီးသီးတွင်း မိုနီတာပြုလုပ်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
ပြည်ဝင်ခွင့်ဗီစာ လွယ်ကူစွာ ရယူနိုင်စေတဲ့ စနစ်သစ်အရ ကိုရီးယားသို့ ခရီးသွားများ ၀င်ရောက်လာမှု ပိုမို တိုးလာစေခြင်းရဲ့ အခြားတဘက်မှာလည်း တရားမ၀င်နေထိုင်သူတွေ များပြားလာမှာကို စိုးရိမ်မှုဖြစ်နေပေ မယ့် တရားမ၀င်နေထိုင်သူတွေကြောင့် ပြည်တွင်း ခရီးသွားများလာရောက်မှုကို တားဆီးဖို့ရန် မလိုတာ ကြောင့် ဗီစာလွယ်ကူစွာ ရယူနိုင်မည့် စနစ်သစ်ကို ဆက်လက်ကျင့်သုံးသွားမှာဖြစ်ကြောင်း တရားရေးဌာနအရာရှိက ပြောဆိုလိုက်ပါတယ်။
သတင်းထောက်-စိုးမိုးသူ
댓글 없음:
댓글 쓰기