2012년 2월 12일 일요일

[အလုပ်ခွင်ရေးရာ အမေးအဖြေ] မတရား အလုပ်ခိုင်းတာကို ဘယ်လို ဖြေရှုင်းမလဲ

အမေး။   ။
ကိုစိုးမိုးသူခင်ဗျား.....

ကျနော့်အကြောင်းပြောပြရင်းနဲ့ အကြံတောင်းချင်လို့ပါ..ကျနော်အခုလုပ်နေတဲ့အလုပ်က ပထမစက်ရုံ ကနေပြောင်းပြီး ၀င်တဲ့အလုပ်ပါ..ခု ဒီရုံမှာ ၂နှစ်ကျော်လာပါပြီ..ဒီရုံမှာကျနော်အပါအ၀င်နောက်၁ယောက် ကတရားဝင်ဖြစ်ပြီးကျန်တာက အိုတွေပါ...
အလုပ်ကတော့ ခြေအိတ်အလုပ်ပါကျနော်တို့တရားဝင်၂ယောက်ကနေ့လုပ်ရပြီး အိုတွေကတော့ ညဆိုင်း လုပ်ရပါတယ်...
ညဆိုင်းမှာ အို စုစုပေါင်းက ၄ယောက်ပါ(ခြေအိတ်ပိတ်နေရာမှာ ၂ ယောက်.ခြေအိတ်ယက်တဲ့နေရာ ၂ ယောက်) ခြေအိတ်လုပ်ငန်းမှာလူ၁ ယောက်ကိုစက် ၁၃လုံး ။၁၄လုံးလုပ်ရလေ့ရှိပါတယ်။ ကျနော်တို့ရုံမှာတော့ ၁ ယောက်ကို ၁၅လုံးပေါ့။(စုစုပေါင်းစက်အလုံး ၃၁ လုံးရှိပါတယ် ၂ယောက်ကို၁ ဆိုင်း ပေါ့ )။
ဒီလိုနဲ့ လွန်ခဲ့တဲ့ ၆ လကျော်ကစပြီး boss ကခေါ်ပြောပါတယ်ညဆိုင်းက အို၂ယောက်ကို ထုတ်လိုက်လို့ ကျနော်တို့ကိုနေ့၊ည ဆင်းပြီး စက်အလုံး၂၀လုပ်ဖို့ပြောပါတယ် ။ လူမရှိတော့ လည်းလုပ်ပေးပါ့မယ်၊ ဒါပေမယ့်စက်အလုံး၂၀ဆိုတာ အလွန်ဆုံးပဲ ဒီထက်ပိုမလုပ်နိုင်ဘူးလို့ ပြောလိုက်ပါတယ် နောက်ပြီး နေ့၊ ညဆင်းရမှာနဲ့ စက်တွေ ၁ယောက်စာထက် ပိုလုပ်ရမှာဆိုတော့ လစာကရော ဘယ်လိုပေးမှာလဲ မေးတော့ ဒီအတိုင်းပဲ ပိုမပေးဘူးလို့ပြောပါတယ် ။ ဒါနဲ့ဒီလိုဆိုရင်တော့မလုပ်နိုင်ဘူးပြောတော့ ထမင်းဖိုး ၁ သိန်းပဲပေးပြီးလုပ်ခိုင်းပါတယ်။
တကယ်တော့ ညဆိုင်းက အို ၂ယောက်လုံးကိုမထုတ်ပဲ ၁ ယောက်ပဲထုတ်ပါတယ်။ ဒီလိုနဲ့နေ့မှာ၁ယောက် ညဘက်၂ယောက်လုပ်ရပြီး နေ့လုပ်ရတဲ့အခါ လူ၂ ယောက်လုပ်စာ စက်အားလုံးကို လုပ်ခိုင်းပြီး ညဘက် တီ ကိုစက် အလုံး၂၀ နဲ့ အိုကတော့စက်၁၀လုံးနဲ့နေ့ဘက်မှာမနိုင်တော့လို့ အိတ်ထဲထည့်ထားတဲ့ ခြေအိတ်တွေ ကို လှန်ရပါတယ်။ နေ့ဘက်ဆိုရင်ဘယ်လိုမှမနိုင်ပါဘူး ခြေအိတ်တင်လှန်ရတာမဟုတ်ပါဘူး တခြား လုပ်စရာတွေလည်းအများကြီးရှိပါသေးတယ်။အဆိုးဆုံးကထမင်းစားချိန်မရှိတာပါပဲ။
ထမင်းစားချိန်ဆိုရင်စက်တွေကိုမရပ်ဘူး၊ အစားထိုးလုပ်ပေးမယ့်လူလည်းမရှိဘူး .ထမင်းကိုမြန်မြန်စားပြီး ချက်ချင်းဝင်လုပ်ရတာ ခြေအိတ်တွေ ဆိုပုံနေရောအဲဒါတွေကိုအမြန်ရှင်းရပါတယ၊် ချည်ပြတ်တာ အပ်ကျိုးတာတွေလည်းလုပ်ရပါသေးတယ်။
သဘောကတော့ ထမင်းစားချိန်မပေးပဲစားရင်းနဲ့လုပ်ရတဲ့သဘောလိုဖြစ်နေတာပေါ့
စားနေချိန်မှာစက်တွေကလည်နေတာကိုး၊ အဲဒါတွေကိုကိုယ်ပဲပြန်လုပ်ရတာပါ။ မလုပ်နိုင်လို့ boss ကိုပြောရင် လူရှာနေတယ်ပဲပြောပါတယ်။
ညဆိုင်းက အိုကမလုပ်နိုင်လို့ထွက်သွားရင် မကြာဘူး ချက်ချင်းလိုလိုကို သူ့ အစား၁ယောက် ရှာရှာ လာပါတယ်။ ဆိုလိုတာက ၄ ယောက်လုပ်ရမယ့်အလုပ်ကို ၃ယောက်ထဲနဲ့ ညာခိုင်းတာပါပဲ။မကြာပါဘူး ရှာလာတဲ့ ၁ ယောက်ထွက်သွားရင် နောက်၁ ယောက်ခေါ်လာပါတယ်။၎ယောက်ပြည့်အောင်တော့ မရှာဘူးမေးရင်တော့ ရှာနေတယ်ပဲပြောပါတယ်။ဒီဇင်ဘာ လရောက်တော့စက်ရုံကို အိုတွေ ၀င်ဖမ်းလို့ ကျနော်တို့တီ ၂ ယောက်ပဲကျန်တော့တယ်။
ဒါဆိုရင်တော့ boss လဲ ကျနော်တို့ကို ပတ်စရာအကြောင်းပြချက်မရှိတော့ပဲ လူ၁ ယောက်စီ လုပ်ရသ လောက်ပဲလုပ်ရတော့မယ်ထင်ပေမယ့် ကျနော်တို့ ၂ ယောက်ကပဲ ၄ယောက်စာအလုပ်ကို လုပ်ပေးနေရ တော့ သလိုဖြစ်နေတော့တာပါပဲ။
အနည်းဆုံးစက် ၂၅လုံးအထက်မှာချည်းပဲ လုပ်နေရပါတယ်ပြောပြန်ရင်လည်းအရေးကြီးလို့ဆိုတာချည်းပဲ
ဒါဆိုအရေးမကြီးတဲ့စက်ပိတ်ပေးဖို့ပြောရင် အလွန်ဆုံး ၁ ရက်ပါပဲပြောရတာလည်းများနေပါပြီ။
ဒါကြောင့် စက်ရုံကနေဘယ်လို ထွက်လို့ရနိုင်မလဲ လို့အကြံတောင်းပါရစေ ခင်ဗျာ။
၆လပိုင်း၂၂ ရက်နေ့ဆိုရင် ကိုးရီးယားမှာ ၃နှစ်ပြည့် မှာပါ။
အချိန်ရတုန်းလေးထွက်နိုင်အောင်ကြိုးစားရမလား ဒါမှမဟုတ်
ဒီမှာပဲသက်တမ်းထပ်တိုးပြီးမှပဲ ထွက်နိုင်အောင်လုပ်ရမှာလား ဆိုတာလေး အကြံပေးစေလိုပါတယ်။ ထွက်ဖို့ပြောလို့မရရင် ၃ နှစ်ပြည့်တဲ့အခါညစ်ပြီး သက်တမ်းမတိုးမှာလည်း စိုးရိမ်မိပါတယ်။ စာလည်းရှည်သွားပါပြီ
မအားတဲ့ကြားကဖတ်ပေးတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်ခင်ဗျား။

လေးစားစွာဖြင့်
ကျော်မင်းထက်

အကြံပေး အဖြေ။  ။
ကိုကျော်မင်းထက်ခင်ဗျား


အလုပ်စာချုပ်ပါ အချက်အလက်တွေနဲ့လက်တွေ့လုပ်နေရတဲ့ အခြေအနေရဲ့ ကွာခြားချက်ကို သိချင်ပါတယ်။


လူသားတယောက်စွမ်းနိုင်အားထက်ပိုပြီး အလုပ်ကို ခိုင်းတာဟာ မတရားတဲ့ လုပ်ရပ်ဖြစ်ပါတယ်။

ဒီတော့ အခုအခြေအနေအတိုင်းဆိုရင် အလုပ်ဆက်လုပ်ဖို့ဖြစ်နိုင်မနိုင်ကို ကိုကျော်လွင်အနေနဲ့ အရင်ဆုံးဖြတ်စေချင်ပါတယ်။

မဖြစ်နိုင်ဘူးဆိုရင်တော့

၁) နီးစပ်ရာ အလုပ်သမားထောက်ပံ့ကူညီရေးစင်တာ(အင်န်ဂျီအို)ကို သွားရောက်အကူအညီတောင်းပါ

၂) ဒီလို ဖြစ်ရပ်မျိုး အတွေ့အကြုံများတဲ့ စင်တာက(ဘာသာစကား၊ ဥပဒေရေးရာ) အကူအညီ ပေးနိုင်ပါတယ်။

၃) စင်တာက သူဌေးနဲ့ စကားပြောတဲ့အခါ သူဌေးအနေနဲ့ ပါးစပ်ကတိမဟုတ် အတိအကျကတိကို ပေးရမှာ ဖြစ်ပါတယ်။

၎) သူဌေးအနေနဲ့ အတိအကျကတိကို မစောင့်ထိမ်းရင် နောက်တဆင့်အနေနဲ့ ဥပဒေအတိုင်း သွားရတော့မှာ ဖြစ်ပါတယ်။

၅) လက်ရှိစက်ရုံက ဒုတိယစက်ရုံဖြစ်တာကြောင့် နောက်ထပ် ပြောင်းခွင့်အခွင့်အရေးရှိပါသေးတယ်။
( မတရားအလုပ်ခိုင်းလို့ အလုပ်ပြောင်းရခြင်းဖြစ်တာကြောင့် အလုပ်ပြောင်းခွင့်အရေအတွက်ထဲ ထည့်တွက်မတွက်ကတော့ အလုပ်သမားဝန်ကြီးဌာနရဲ့ အဆုံးအဖြတ်ပေါ်မှာ မူတည်ပါတယ်။)

ဒါကြောင့် လုပ်ရမယ့် အစီအစဉ်က

အလုပ်သမားအကူအညီပေးတဲ့ အင်န်ဂျီအိုစင်တာ...>သူဌေးနဲ့ စကားပြော ...> တိကျတဲ့ ကတိကို ယူ...> ကတိမတည်ရင် အလုပ်သမားဝန်ကြီးဌာနမှာ ဥပဒေအတိုင်းဖြေရှင်း။

အကူအညီဖြစ်တဲ့ အကြံဥာဏ်ဖြစ်ပါစေ
လေးစားစွာဖြင့်
စိုးမိုးသူ

댓글 없음:

댓글 쓰기