(၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့ထုတ် ပြည်သူ့ခေတ် ဂျာနယ်က တွေ့ဆုံမေးမြန်းခန်း ဖြစ်ပါတယ်။ အသစ်ပြဋ္ဌာန်း ထားတဲ့ အလုပ်သမား ဥပဒေအကြောင်း လေ့လာနိုင်အောင် ဖော်ပြပေး လိုက်ပါတယ်။ )
မေး- အလုပ်သမား အဖွဲ့အစည်း ဥပဒေကို ပြဌာန်းလိုက်ပြီး ဥပဒေထဲမှာပါတဲ့ အချက်တွေနဲ့ ပတ်သက်၍ ဆရာရဲ့ အမြင်လေး ပြောပြပေးစေ ချင်ပါတယ်။
ဖြေ- အလုပ်သမား အဖွဲ့အစည်း ဥပဒေကို ၂၀၁၁ ခုနှစ်၊ ဥပဒေအမှတ် ၇ နဲ့ ပြဌာန်းလိုက်ပြီး ဒီဥပဒေနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် အရင်တုန်းက မရှိတဲ့ ဥပဒေနဲ့ ပတ်သက်တာတွေ ပြောမှ ပြည့်စုံမှာ။ တက်လာတဲ့ အစိုးရတွေ ကတော့ လယ်သမား၊ အလုပ်သမား၊ အကျိုးစီးပွား အတွက် ဥပဒေတွေ ပြဌာန်း ခဲ့ကြတာပဲ။ ၁၉၄၇ ခုနှစ် ဖွဲ့စည်း အုပ်ချုပ်ပုံ ပုဒ်မ ၃၁ မှာ အလုပ်သမားများအား စည်းရုံးနိုင်ခွင့် ပေးစေရန် လည်းကောင်း၊ အလုပ်လုပ်သော အချိန်နာရီ တို့ကို ကန့်သတ်စေရန် လည်းကောင်း၊ နှစ်စဉ် အားလပ်ရက်များ ရရှိအောင် စီမံစေရန် လည်းကောင်း၊ အလုပ်ခွင်၏ အခြေအနေကို ကောင်းမွန် အောင် ပြုစေရန် လည်းကောင်း ရည်ရွယ်၍ နိုင်ငံတော်သည် ဥပဒေ ပြုပေးခြင်းဖြင့် အလုပ်သမားများကို ကာကွယ် စောင့်ရှောက် ရမည်တဲ့၊ ထို့ပြင် အကြောင်း ညီညွတ်လျှင် ညီညွတ်ခြင်း နေခင်းထိုင်ခင်းနှင့် ထောက်ပံ့မှု အာမခံစနစ် တို့အတွက် စီမံချက် များကို အားပေးခြင်း ဖြင့်လည်း ကာကွယ် စောင့်ရှောက် ရမယ်တဲ့။ လွတ်လပ်ရေး ရပြီးတဲ့ နောက်ပိုင်း ဖွဲ့စည်းပုံထဲမှာ ပါတာပေါ့။ အဲဒီဖွဲ့စည်းပုံ မပေါ်ပေါက် ခင်မှာပဲ အလုပ်သမား ဥပဒေတွေက အများကြီး ပြဌာန်းထားတယ်။ အင်္ဂလိပ်ခေတ် ကတည်းကပေါ့။ ၁၉၅၁ ခုနှစ် အလုပ်ရုံများ အက်ဥပဒေတို့၊ ဆိုင်များနှင့် အလုပ်ဌာနများ အက်ဥပဒေ၊ အလုပ်သများ လျှော်ကြေး အက် ဥပဒေ၊ ၁၉၅၄ ခုနှစ် လူမှုဖူလုံရေး ဥပဒေ၊ ဝါဏိဇ္ဇ ပဋိပက္ခ အက်ဥပဒေ၊ အလုပ်သမား အစည်းအရုံး အက်ဥပဒေတို့က အရင် ကတည်းက ရှိတာ။ ရှိပြီးတော့ ၁၉၆၂ ခုနှစ်မှာ တော်လှန်ရေး ကောင်စီ အစိုးရ တက်လာတယ်။ တက်ပြီး ၁၉၆၄ ခုနှစ်မှာ ပြည်သူ့ အလုပ်သမားများ၏ အခြေခံ ရပိုင်ခွင့်နဲ့ တာဝန်များ ပြဌာန်းတဲ့ ဥပဒေကို ပြဌာန်းလိုက်တယ်။ သူလည်း တက်လာတာ ကတော့ အလုပ်သမား၊ လယ်သများ လူတန်းစား ကိုယ်စားပြုတာပေါ့။ နောက် ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြဌာန်းလိုက်တဲ့ အထဲမှာလည်း အလုပ်သမား၊ လယ်သမားတွေနဲ့ ပတ်သက်ပြီး ဥပဒေတွေ ပြဌာန်းထားတာပဲ။ ဥပဒေပုဒ်မ ၉ မှာ ဆိုရင် နိုင်ငံတော်သည် တောင်သူလယ်သမား များနှင့် အလုပ်သမားများကို အခြေခံသော လုပ်သားပြည်သူ တို့၏ အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်သည်တဲ့။ အဲ့ဒီတော့ သူလည်း အလုပ်သမား၊ လယ်သများနဲ့ ပတ်သက်ပြီး ကြွေးကြော် ခဲ့တာပဲ။ ကြွေးကြော်ပေမယ့် ၁၉၆၄ ခုနှစ် ပြည်သူ့ အလုပ်သမားများ၏ အခြေခံ ရပိုင်ခွင့်နဲ့ တာဝန်များ အက်ဥပဒေက အရေးကြီးတယ်။ ဒါပေမယ့် အရင် ရှိနှင့်ပြီးသား ဖြစ်တဲ့ အက်ဥပဒေတွေ ကိုလည်း ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံထဲမှာ အကျုံးဝင်တယ်လို့ ထည့်ထားတယ်။ အဲဒီ ဥပဒေတွေ ထဲမှာ ထည့်ထားတဲ့ အလုပ်သမား တွေရဲ့ ရပိုင်ခွင့်တွေ ကတော့ အရမ်း ကောင်းတာပဲ။ အလုပ်လုပ်ခွင့် အခွင့်အရေးတို့ အလုပ်ခွင် တည်မြဲ ပိုင်ခွင့်တို့ အားလပ်ချိန် ရပိုင်ခွင့်တို့ ပညာသင် ပိုင်ခွင့်တို့ မီးဖွားခွင့် အခွင့်အရေးတို့ ပညာသင်ပိုင်ခွင့်တို့ နာမကျန်း ဖြစ်တဲ့အခါ လုံခြုံမှု ရပိုင်ခွင့်တို့ အလုပ်ခွင် ထိခိုက် ဒဏ်ရာရတဲ့ အခါ လျှော်ကြေး ရပိုင်ခွင့်တို့ အိုမင်း မစွမ်းတဲ့အခါ လုံခြုံမှု ရပိုင်ခွင့်တို့ နေထိုင် စားသောက်မှု အဆင့်အတန်း တိုးတက် ရပိုင်ခွင့်တို့ စသဖြင့် အများကြီးပဲ။ အခွင့်အရေးတွေ အများကြီး ပေးထားတယ်။ အဲဒီ အချိန်တုန်းက အလုပ်သမားတွေနဲ့ ပတ်သက်ပြီး နိုင်ငံပိုင် လုပ်ငန်း ရှိရမယ်။ ပုဂ္ဂလိကပိုင် လုပ်ငန်း ရှိရမယ်။ သမပိုင် လုပ်ငန်းရှိမယ်။ အဲဒီလုပ်ငန်းတွေမှာ အလုပ်ရှင်၊ အလုပ်သမားတွေ ပဋိပက္ခ ဖြစ်ရင် ပုဒ်မ ၈ နဲ့ ၉ မှာ ဆိုထားသေးတယ်။ ပုဒ်မ ၈ မှာ ပြည်သူပိုင် လုပ်ငန်း၊ သမဝါယမပိုင် လုပ်ငန်းနဲ့ ပုဂ္ဂလိကပိုင် လုပ်ငန်းများတွင် လုပ်ငန်း စီမံ ဆောင်ရွက်မှုနဲ့ ပတ်သက်ပြီး အလုပ်ရှင်နဲ့ အလုပ်သမား အဖွဲ့အစည်းတို့ မည်သို့ ညှိနှိုင်းစီစဉ် ရမည်ကို အစိုးရက နည်းဥပဒေနဲ့ ပြဌာန်းပေးမယ်လို့ ဆိုထားတယ်။ အဲဒီတော့ ပြည်သူပိုင်ပဲ ဖြစ်ဖြစ်၊ သမပိုင်ပဲ ဖြစ်ဖြစ်၊ ပုဂ္ဂလိကပိုင်ပဲ ဖြစ်ဖြစ် အလုပ်ရှင်၊ အလုပ်သမားတွေ ပြဿနာတွေ ဖြစ်ရင် ဘယ်လို ညှိနှိုင်းရမယ် ဆိုတာ နည်းဥပဒေ ပြဌာန်းပေး ဆိုတဲ့ သဘောပဲ။ နောက်ပုဒ်မ ၉ မှာကျတော့ ပြည်သူ့ အလုပ်သမား တစ်ရပ်လုံး လူမျိုး ခွဲခြားခြင်း၊ ဘာသာ ခွဲခြားခြင်း၊ အယူဝါဒ ခွဲခြားခြင်း၊ ဂိုဏ်းဂဏ ခွဲခြားခြင်း မရှိဘဲ တစ်စည်း တစ်လုံးတည်း မိမိစိတ်တိုင်းကျ ပါဝင်၍ ပြည်သူ၊ အလုပ်သမားများတို့ ကိုယ်ပိုင် အဖွဲ့အစည်း တစ်ရပ်ဖြင့် အလုပ်သမား အဖွဲ့အစည်းကို ဖွဲ့စည်းနှိုင်ရန် အစိုးရက နည်းဥပဒေ ပြဌာန်း ပေးမယ်တဲ့။ ပြဌာန်း ထားပေမယ့် အဲဒီပြဿနာတွေ ဖြစ်တဲ့အခါကျရင် အရေးကြီးတာက အလုပ်သမားတွေက သူတို့ရဲ့ ရပိုင်ခွင့်တွေ မရဘူး ဆိုရင် သူတောင်းဆိုမယ်။ တစ်ယောက်ထဲ သွားပြီး တောင်းဆိုလို့ ကတော့ အလုပ်ရှင်က မင်း နောက်နေ့ အလုပ်ထွက်ဖို့ စာ တင်တော့လို့ ပြောမှာပေါ့။ ဘာလို့ဆို အလုပ်သမားမှာ အင်အားမှ မရှိတာ။ သူ့ကို ကိုယ်စား ပြုတဲ့ အဖွဲ့အစည်း၊ သူ့ကိုဝိုင်းပြီး ပြောပေးမယ့် ပံ့ပိုးပေးမယ့် အလုပ်သမား အဖွဲ့အစည်းက အမှန်တစ်ကယ် လိုအပ်တာ။ အဲဒီ အဖွဲ့အစည်း ရှိမှသာလျှင် အလုပ်သမား တစ်ယောက်က သူ့ရဲ့နစ်နာမှုကို ရဲရဲတင်းတင်း အခွင့်အရေး တောင်းဆိုရဲမှာပေါ့။ ဒီလို ကျောထောက်ခံ အဖွဲ့အစည်း မရှိဘဲ ဘယ်လို တောင်းလို့ ရမှာလဲ။ အရင်တုန်းက အလုပ်ရှင်နဲ့ အလုပ်သမား ပြဿနာ ဖြစ်ပြီဆိုရင် ညှိနှိုင်း ဖျန်ဖြေရေး အဖွဲ့ကို ဝါဏိဇ္ဇ ပဋိပက္ခ ဥပဒေအရ ဖွဲ့ပေးထားတယ်။ ပြဿနာ ဖြစ်လာရင် အဲဒီအဖွဲ့က အလုပ်သမားနဲ့ အလုပ်ရှင်ကို ခေါ်ပြီး ညှိနှိုင်းပေးပြီး သဘောတူ လက်မှတ် ထိုးခိုင်းပြီး ဖျန်ဖြေ ပေးလိုက်တယ် ဒါပဲ။ ဒါပေမဲ့ အဲဒီလို ဖျန်ဖြေပေးတယ် ဆိုပေမယ့် တစ်ကယ်တမ်း အလုပ်သမားက နစ်နာမြဲ နစ်နာနေတယ် ဆိုရင် ရှေ့ဆက် တိုးပြီးတော့ အရေး ဆိုဖို့ခက်တယ်။ ဘာလို့ ဆို သူ့မှာ အဖွဲ့အစည်း မရှိဘူး။ ဟိုအဖွဲ့ကလည်း ဖျန်ဖြေပေးရုံပဲ။ ဖျန်ဖြေပေးတယ် ဆိုတာ အလုံးစုံ အခွင့်အရေး တွေကို အလုပ်သမားက မရနိုင်ဘူး။ တောင်လှန်ရေး ကောင်စီ တက်လာပြီး ၁၉၆၄ ခုနှစ် ပြည်သူ့ အလုပ်သမား များ၏ အခြေခံ ရပိုင်ခွင့်နဲ့ တာဝန်များ ပြဌာန်း လိုက်ပြီးတော့ ပုဒ်မ ၈ နဲ့ ၉ ကိုကြည့်ပြီး အလုပ်သမားထုက မျှော်လင့်တာပေါ့။ ဒါပေမယ့် သိသလောက် ကတော့ နည်းဥပဒေနဲ့ ပြဌာန်းပြီး အဖွဲ့အစည်း ဖွဲ့ပေးခဲ့တာ မရှိခဲ့ဘူး။ မရှိခဲ့တော့ အလုပ်ရှင်၊ အလုပ်သမား ပြဿနာဖြစ်လာရင် ဝါဏိဇ္ဇ ပဋိပက္ခ ဥပဒေနဲ့ ဖွဲ့စည်းထားတဲ့ ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့နဲ့ ညှိ၊ ညှိလို့မှ မရရင် အဲဒီခေတ်တုန်းက ပြည်သူ့ အလုပ်သမားကောင်စီ ဆိုတာ ပေါ်ပြန်တယ်။ ဟိုမှာညှိလို့မရရင် အဲဒီကောင်စီက ဝင်ပြီး ပြဿနာတွေကို ဆုံးဖြတ်ပေးတာပေါ့။ အဲဒီပြည်သူ့ အလုပ်သမားကောင်စီ ဆိုတာကလည်း နိုင်ငံတော်က ဖွဲ့စည်းပေးထား တာပဲ။ အလုပ်သမား လူတန်းစားက ဖွဲ့စည်းတဲ့ အဖွဲ့အစည်း မဟုတ်ဘူး။ တစ်ကယ် အလုပ် လုပ်နေတဲ့ လူတွေက စုစည်း ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်း မဟုတ်ဘူး။ အဲဒီအချိန်လောက် ဆှိုရှယ်လစ် စီးပွားရေးစနစ် မအောင်မြင်တော့ မြန်မာနိုင်ငံမှာ စီးပွားရေး ချွတ်ခြုံကျလာရော၊ တချို့စက်ရုံ အလုပ်ရုံဆိုရင် အရှုံးနဲ့ လည်ပတ်နေရတယ်။ အလုပ်သမားတွေ ကလည်း သူတို့ရဲ့ စားဝတ်နေရေးက ခက်ခဲလာတယ်။ ခက်ခဲတော့ သူ့အခွင့်အရေးလည်း သူတောင်းတယ်။ တောင်းပေမယ့် အလုပ်ရှင်တွေ ဘက်က မပေးနိုင်ဘူး။ နောက်ဆုံးကတော့ အင်မတန် ဝမ်းနည်းစရာ ကောင်းတဲ့ အလုပ်သမား အရေးအခင်းတွေ ပေါ်ပေါက်ခဲ့တယ်။ အလုပ်သမား လူတန်းစားက သူတို့ဘဝ သိပ်မွန်းကျပ် လာတော့ သူတို့အတွက် တောင်းဆိုပေးမယ့် အဖွဲ့အစည်း တွေက မရှိဘူး။ အဲဒီတော့ ပေါက်ထွက်ပြီး စက်ရုံတွေ ဖျက်ဆီးတယ်။ မီးရှို့တယ်၊ သပိတ်မှောက်တယ်။ လမ်းမှာ တွေ့တဲ့ ပြည်သူပိုင် အဆောက်အဦ ပစ္စည်းတွေ အားလုံးကို ဖျက်ဆီးတယ်။ ဓါတ်တိုင်၊ မီးပွိုင့်ကအစ ဖျက်ဆီးခံရတယ်။ အရင်တုန်းက ပြဌာန်းထားတဲ့ ၁၉၅၁ ခုနှစ် အလုပ်ရုံများ အက်ဥပဒေဆိုရင် ပြဌာန်း ထားတာတွေက သိပ်ကောင်းတာပဲ။ အလုပ်သမားတွေ ခံစားရမယ့် ခံစားခွင့်တွေပေါ့။ အိမ်သာကအစ အမျိုးသမီး အိမ်သာ၊ အမျိုးသားအိမ်သာ၊ သန့်သန့်ရှင်းရှင်း လုပ်ပေးရမယ်၊ စက်ရုံရဲ့ ကြမ်းခင်းတွေက ရေမဝပ်ရဘူး။ တစ်လကို တစ်ခါ ဆေးကြောရမယ်၊ ရေအိုင်နေရင် မြောင်းတွေ လုပ်ပေးရမယ်၊ အလင်းရောင်က ဘယ်လိုလုပ်ပေးရမယ်၊ နားနေခန်းက ဘယ်လိုထားရမယ်၊ သက်သာ ချောင်ချိရေးအတွက် ဘယ်လို ဆောင်ရွက် ပေးရမယ်ဆိုပြီး အခွင့်အရေးနဲ့ ဥပဒေ ပြဌာန်း ထားတာတွေက သိပ်ကောင်းတာပဲ။ ရေနံမြေ အလုပ်သမား သက်သာ ချောင်ချိရေး အက်ဥပဒေ၊ ဆိုင်များနဲ့ အလုပ်ဌာနများ အက်ဥပဒေ၊ ခွင့်ရက်နဲ့ ပိတ်ရက် အက်ဥပဒေ တွေက ရှိပြီးသားပေါ့။ ပြဌာန်းထား တာတွေက သိပ်ကောင်းပြီး အဲဒီ အခွင့်အရေးတွေ မရတော့ အလုပ်သမားတွေက ကြေကွဲတာပေါ့။ ပေးထားတဲ့ အခွင့် အရေးတွေက ညွှန့်နေတာပဲ။ ဒါပေမဲ့ တစ်ကယ့် လက်တွေ့မှာ အဲဒါတွေက မရတော့ အရေးဆို ဆိုတဲ့အခါ ကိုယ်စား ပြုပေးမယ့် အဖွဲ့အစည်း မရှိဘူး။ ၁၉၂၆ ခုနှစ် The Trade Union Act ဥပဒေ ရှိတယ်။ ဒါပေမဲ့ အဲဒီ ဥပဒေက အင်္ဂလိပ်လို ပြဌာန်းထားတာ၊ မြန်မာလို မဟုတ်ဘူး။ မြန်မာလိုဆိုရင် အလုပ်သမား အစည်းအရုံး အက်ဥပဒေပေါ့။ သူကလည်း အဖွဲ့အစည်း ဖွဲ့မယ်ဆိုရင် မှတ်ပုံတင်တာတို့ ဘာတို့ လုပ်ရတာပေါ့။ ရှိပေမယ့် ၁၉၆၄ ခုနှစ် အက်ဥပဒေထဲမှာ အဲဒီဥပဒေကို မညွှန်းထားဘူး။ ပုဒ်မ ၉ ကိုပဲ ညွှန်းထားတာ။ ပုဒ်မ ၉ အရ အလုပ်သမား အဖွဲ့အစည်း ဖွဲ့လို့ရအောင် နည်းဥပဒေတွေနဲ့ ပြဌာန်း ပေးမယ်လို့ ပြောထားတော့ ၁၉၂၆ အက်ဥပဒေနဲ့ သပ်သပ်စီ ဖြစ်သွားတယ်။ ၁၉၂၆ ခုနှစ် အလုပ်သမား အစည်းအရုံး အက် ဥပဒေအရ ဆိုရင် ဖွဲ့စည်းချင်ရင် မှတ်ပုံတင်ရတယ်။ ဒါပေမယ့် အဲဒီဥပဒေ ကလည်း အင်္ဂလိပ်လို ရေးထားတာ ဖြစ်တယ်။ အလုပ်သမားထု ထဲမှာက ပညာတတ် ကလည်း ခပ်ရှားရှား ဆိုတော့ ထဲထဲဝင်ဝင် မလေ့လာနိုင်တော့ နည်းဥပဒေအရ ရှိရင်တော့ ရှိမယ်။ ဒါပေမယ့် အဲဒါကို မဖော်ဆောင်နိုင် ကြဘူး။ မှတ်ပုံတင်ရေး ကိစ္စကို မလုပ်ဆောင်နိုင်ဘူး။ တစ်ကယ်လို့ မှတ်ပုံတင်မယ် ဆိုရင်တောင် ၁၉၆၄ ခုနှစ်ဥပဒေက အလုပ်သမား အစည်းအရုံး အက်ဥပဒေ ကို မညွှန်းထားတော့ မှတ်ပုံတင်လည်း အလကားပဲ။ ၁၉၂၆ ခုနှစ် အလုပ်သမား အစည်းအရုံး အက်ဥပဒေကို အသက် မသွင်းထားပဲ ၁၉၆၄ ခုနှစ် ဥပဒေမှာက အလုပ်သမား အဖွဲ့အစည်း ဖွဲ့နိုင်ဖို့ နည်းဥပဒေနဲ့ သီးသန့်ကို ပြဌာန်း ပေးဦးမယ်လို့ ပြောထားတယ်လေ။ အဲဒီလိုဆိုတော့ အလုပ်သမား ဥပဒေတွေမှာ ရပိုင်ခွင့်တွေ ထည့်ပေးထား တာကောင်းပေမယ့် အရေးဆိုပေမယ့် အဖွဲ့အစည်းက မထွက်လာတော့ အလုပ်သမားတွေ ဘက်က နစ်နာတာပေါ့။ အလုပ်သမား အဖွဲ့အစည်း မရှိတာက အလုပ်သမားတွေ အတွက် နစ်နာစေတယ်။
မေး- အဓိက အလုပ်သမားတွေမှာ ဘာအခက်အခဲတွေ ရှိလာလဲ။
ဖြေ- ဟိုဘက်ခေတ် အစိုးရတွေ ကလည်း အလုပ်သမား အဖွဲ့အစည်း ဖွဲ့စည်း မပေးခဲ့ဘူး။ နောက်ပိုင်း ဒီဘက်ခေတ် တပ်မတော် အစိုးရ လက်ထက်မှာလည်း အလုပ်သမား အဖွဲ့အစည်းကို ဖွဲ့စည်း မပေးခဲ့ဘူး။ ဒါပေမဲ့ စက်ရုံ၊ အလုပ်ရုံတွေ၊ စက်မှုဇုန်တွေ ပေါ်လာတယ်။ အလုပ်သမား တွေလည်း များလာတယ်။ သူ့ရဲ့ ပေါ်လစီက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို ဖိတ်ခေါ်တာ။ ဘယ်လို ဖိတ်ခေါ်လဲ ဆိုတော့ တို့နိုင်ငံက Labor Charges သက်သက် သာသာနဲ့ ရနိုင်တယ် ဆိုတဲ့ အခင်း အကျင်းနဲ့ ဖိတ်ခေါ်တဲ့ သဘော ဖြစ်သွားတယ်။ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံပြီး စက်ရုံတွေ တည်မယ် ဆိုရင်တော့ အလုပ်သမားခ သက်သက်သာသာနဲ့ စက်ရုံတွေ တည်ထောင် လို့ရမယ်ဆိုပြီး နိုင်ငံခြားက လူတွေလာကြတယ်။
စေတနာကတော့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ များလာအောင်လို့ လုပ်တာပဲ။ စက်ရုံတွေ များလာပေမယ့် အလုပ်သမား တွေလည်း များလာပေမယ့် အဲဒီ အလုပ်သမားထုက သူနစ်နာတဲ့ အခွင့်အရေးကို တောင်းဆိုဖို့ ကျတော့ အဖွဲ့အစည်း ကလည်း မရှိပြန်ဘူး။ မရှိတော့ လစာ တိုးပေးဖို့ကို တောင်းဆိုဖို့လည်း ခက်တယ်။ ပြီးတော့ အလုပ်သမား တစ်ယောက်ကို ထုတ်ပယ်တာတို့ ရသင့်တဲ့ အခွင့်အရေး မပေးတာတို့ တော်တော်များများ ဖြစ်လာတယ်။ အဲဒီတော့ စက်ရုံတွေမှာ ဆန္ဒပြ တာတွေ ဖြစ်လာတယ်။ နောက်ဆုံးတော့ တချို့ အလုပ်ရှင်တွေက အလုပ်သမား တစ်ယောက်ကို ထုတ်ချင်ရင် အမှု ဖြစ်အောင် လုပ်ပြီး ထုတ်ပစ်တယ်။ အမှုဖြစ်သွားလို့ တရားခံ ဖြစ်ပြီဆိုရင် အလုပ်ရှင် ကလည်း လျော်ကြေး ပေးစရာ မလိုဘဲ ထုတ်ပစ်လိုက်လို့ ရတယ်။ အဲဒီတော့ အခုလို အလုပ်သမား အဖွဲ့အစည် ဥပဒေကြီး ပေါ်ပေါက် လာတာက နေလိုလလို ပဲပေါ့။ တစ်ကယ် တောင့်တနေတဲ့ အရာကြီးက အသက်ဝင် လာတာပေါ့။ အလုပ်သမား တွေကို ကိုယ်စား ပြုပေးမယ့် အဖွဲ့အစည်းလေ။ အလုပ်သမား အခွင့်အရေးကို ကာကွယ် စောင့်ရှောက်ဖို့၊ အလုပ်သမား အချင်းချင်း ကြားမှာ၊ အလုပ်ရှင်နဲ့ အလုပ်သမား ကြားမှာ ဆက်ဆံရေး ကောင်းမွန်ရေး၊ အလုပ်သမား အဖွဲ့အစည်းများကို စနစ်တကျ လွတ်လပ်စွာ ဖွဲ့စည်း နိုင်ရန် ဒီဥပဒေကို ပြဋ္ဌာန်းပေးတာပေါ့။ အနှစ်နှစ် အလလ အလုပ်သမားထုကြီး တောင့်တနေတဲ့ အဖွဲ့အစည်းပဲ။ ဒါကြောင့်မို့ အင်မတန် လိုအပ်ပြီး အင်မတန် ကောင်းမွန်တဲ့ အဖွဲ့အစည်းပဲ။ အခုခေတ် အခုအခါမှာ ဖွဲ့စည်းခွင့်က ပေးကို ပေးရမယ်။ အလုပ်သမားတွေရဲ့ အဓိက အခက်အခဲတွေက လုပ်ခနဲ့ လုပ်ရတာနဲ့ မမျှတာပဲ။ လုပ်ရတဲ့ အလုပ်ချိန်နဲ့ လုပ်နေရတဲ့ အလုပ်နဲ့ ရတဲ့လစာ မမျှတာ အဓိကပဲ။ စက်မှုဇုန်က အလုပ်သမား လေးတွေ သူတို့ရတာ ၃ သောင်း၊ ၄ သောင်းပေါ့။ တစ်နေ့ ပျမ်းမျှ ဝင်ငွေနဲ့ တွက်ကြည့် လိုက်လေ။ အာဆီယံ မှာတောင် တစ်ပြေးညီ အနည်းဆုံးလုပ်ခ ဘယ်လောက်ဆိုပြီး သတ်မှတ် လိုက်တာပဲ။ အဲဒီစံနဲ့လည်း မညီဘူး။ တချို့ကျတော့လည်း အလုပ်ချိန် ပိုလုပ်ရတယ်။ ဒါပေမယ့် အချိန်ပိုခ ချက်ချင်း မထုတ် ပေးဘူး။ ထုတ်ပေးတော့လည်း အသားတင် လုပ်အားခ ထဲကနေ ဟိုဟာကြေး ဒီဟာကြေး ထပ်ဖြတ်သေးတယ်။ အဲဒါတွေက မဖြစ်သင့်ဘူး။ အလုပ်ရှင်နဲ့ အလုပ်သမားကြားမှာ အဲဒါတွေက အများဆုံး ပြဿနာတွေ ဖြစ်ပြီး အလုပ်သမားတွေ ဘက်ကလည်း အများဆုံး နစ်နာကြတယ်။ အဲဒါတွေကို တောင်းဆိုမယ် ဆိုရင်တော့ အရင်ဆုံး အလုပ်သမားတွေဘက်က အဖွဲ့အစည်း အရင်ဖွဲ့ရမယ်။ ဒီဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေဘောင် လမ်းကြောင်းနဲ့ သွားရမယ်။ တရားဝင် မှတ်ပုံတင် ရမယ်။ စည်းကမ်း တကျ ဖွဲ့စည်းရမယ့် စနစ်လေးတွေ ရှိတယ်။ အဲဒီအတိုင်း ဖွဲ့စည်း လုပ်ကိုင်ရမယ်။
မေး - အခု ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေရဲ့ အားသာချက် အားနည်ချက်တွေ ရှိရင်လည်း ပြောပြပေးပါဦး။
ဖြေ - အခု ဥပဒေမှာ လိုအပ်ချက်တော့ မရှိဘူး။ ဒီဥပဒေ ကတော့ ကောင်းပြီးသားပဲ။ ပြည့်စုံပါတယ်။ တစ်ခုပဲ ရှိတာပေါ့။ အခြေခံအဆင့်၊ မြို့နယ်အဆင့်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အဆင့် နောက်ပြီး အလုပ်သမား အဖွဲ့ချုပ်ကြီး ရှိမယ်။ တို့ဗမာ လူမျိုးကလည်း ထွက်ပေါက် သိပ်ရှာကောင်းတာပဲ။ ဆင်ခြေပေးလည်း သိပ်ကောင်းတယ်။ အားနည်းချက် ရှာတာလည်း သိပ်ကောင်းတယ်။ ဥပဒေ ထဲမှာလည်း အဲဒီအချက် ပါပါတယ်။ ဘာလဲဆိုတော့ အလုပ်ရှင်က သူ့လူယုံ အလုပ်သမားကို လက်သပ်မွေးပြီး တစ်ဖက်ကနေ အလုပ်သမား အဖွဲ့အစည်းထဲ ထည့်စည်းရုံးပြီး လုပ်တာမျိုးတော့ မဖြစ်သင့်ဘူး။ ဥပဒေထဲ မှာလည်း ပိတ်ပင်ထားတယ်။ ဒါပေမယ့် အဲဒါကို အားလုံး သတိရှိဖို့ လိုတယ်။ အလုပ်ရှင် ဆိုတာလည်း သူ့အကျိုး စီးပွား အတွက်ဆိုရင် တပည့်မွေးမှာပဲ။ အဲဒီလို မဖြစ်ဖို့ အရေးကြီးတာပေါ့။
မေး - အလုပ်သမားတွေရဲ့ ရပိုင်ခွင့်တွေကို ဘယ်လို တောင်းနိုင်လည်း။ ဘာတွေ ဆိုရင်တော့ဖြင့် မတောင်းနိုင်ဘူးလဲ။
ဖြေ - ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေရဲ့ အခွင့်အရေး တွေကို သူတို့ရမယ်။ မရရင် ဒီဥပဒေမှာ အဓိက (၂)ချက်ရှိတယ်။ အလုပ် ပိတ်ခြင်းနဲ့ သပိတ် မှောက်ခြင်းက အဓိက ကျတယ်။ အလုပ်ရှင်နဲ့ အလုပ်သမား အငြင်းပွားရင် ဖျန်ဖြေရေးအဖွဲ့က ညှိနှိုင်း တဲ့အခါ အလုပ်ရှင်က မကျေနပ်ဘူးဆိုရင် အလုပ်ကို ပိတ်ပစ် လိုက်တာတွေ လုပ်လို့ရတယ်။ ဒါပေမယ့် ဖျန်ဖြေရေး အဖွဲ့ကို ၁၄ ရက်ကြိုပြီး အကြောင်းကြားရမယ်။ အဲဒီအဖွဲ့က ခွင့်ပြုမှ ပိတ်လို့ ရတယ်။ အဲဒီလိုပဲ အလုပ်သမား ဘက်ကလည်း ညှိနှိုင်းလို့ မရရင် သပိတ် မှောက်တော့မယ်။ အဲဒါကိုလည်း ၁၄ ရက်ကြိုပြီး အကြောင်းကြားရမယ်။ ခွင့်ပြုရင် သပိတ်မှောက်ပေါ့။ သပိတ်မှောက်ရင် သူလည်း သူ့အခွင့်အရေးတွေ တောင်းပေါ့။ ဒါက ဖျန်ဖြေရေး အဆင့် ကျော်သွားပြီလေ။ ဟိုအရင်ကတော့ ဖျန်ဖြေတဲ့ အဆင့်နဲ့ ပြီးသွားတယ်။ အခုတော့ အလုပ်ရှင်ကလည်း မကျေနပ်လို့ အလုပ်ပိတ်ရင် အလုပ်သမားတွေ နစ်နာ မယ်။ အလုပ်သမား ဘက်က သပိတ်မှောက်ရင်လည်း အလုပ်ရှင်က နစ်နာမယ်။ ဒါပေမယ့် ကိုယ်ရသင့်တဲ့ အခွင့်အရေးတွေ ရလာမယ်။ တချို့ အလုပ်သမားတွေ ကလည်း မရသင့်တဲ့ အခွင့်အရေးတွေ တောင်းတတ်တယ်။ ဥပဒေထဲမှာ အလုပ်သမား လျော်ကြေး ဥပဒေ ဆိုတာ ရှိတယ်။ အဲဒီ အမှုအခင်း တွေက ဘယ်လို ဟာမျိုးလဲ ဆိုရင် ဥပမာ- အလုပ်ချိန်က မနက် ၉နာရီကနေ ညနေ ၄နာရီကို အလုပ်ချိန်လို့ သတ်မှတ်ထားတယ် ဆိုပါတော့။ ညနေ ၄ နာရီ ရုံးဆင်းတဲ့အခါ အလုပ်သမားက အလုပ်ကနေ မပြန်သေးဘဲ ရေမိုးချိုး သူ့ပစ္စည်းတွေ သိမ်းဆည်းတော့ ၄ နာရီခွဲ ၅ နာရီ ထိုးချင် ထိုးမယ်ပေါ့။ အဲဒီမှာ အဲဒီ အလုပ်သမားက လျှပ်စစ်ခလုတ် တစ်ခုခုကို ပိတ်လိုက်တာ ဓါတ်လိုက်ပြီး သေသွားတယ် ဆိုပါတော့။ သေသွားရင် အလုပ်သမား လျော်ကြေး ရသင့်သလား။ မရသင့်ဘူးလား။ ဆက်ခံတဲ့ လူတွေက တောင်းမှာပေါ့။ အဲဒီမှာ အလုပ်သမား လျော်ကြေး ဥပဒေက ဆုံးဖြတ်ပေးတာ ရှိတယ်။ အလုပ်ချိန် ပြင်ပ စွန်းသွားတဲ့ အချိန်မှာ အသက်ဆုံးတာ မှန်ပေမယ့် အလုပ်ချိန်နဲ့ တဆက်တည်း ဖြစ်တဲ့အချိန်မှာ အလုပ်ခွင်က မထွက်ခွာမီ သေဆုံးတာ ဖြစ်လို့ အလုပ်သမား လျော်ကြေး ရသင့်တယ်လို့ ဆုံးဖြတ်တယ်။ ဒါ သူ့ရဲ့ ရပိုင်ခွင့်။ တချို့ အလုပ်သမား တွေက ကျတော့ အိမ်ရှိရာကနေ အလုပ်ခွင်ကို လာတဲ့အခါ ဘတ်စ်ကား စီးလာရင်း ကားတိုက်ပြီး တစ်ခုခု ထိခိုက်မိကြတဲ့ အခါမှာ အလုပ်ရှင်ဆီက လျော်ကြေး တောင်းကြတယ်။ လာရင်းနဲ့ ကားတိုက်ပြီး ခြေကျိုး၊ လက်ကျိုး၊ သေဆုံးလို့ လျော်ကြေး ရသင့်တယ်လို့ အခွင့်အရေး တောင်းတာ မျိုးတွေပေါ့။ ဒါပေမယ့် အလုပ်ခွင်တောင် မရောက်သေးဘူး ဆိုတော့ အဲဒီ အခြေအနေ မှာတော့ လျော်ကြေး မရသင့်ဘူး။ မဟုတ်ရင် အပြင်မှာ တစ်ခုခု ဖြစ်တိုင်း အလုပ်ခွင်ကို လာတုန်း ဖြစ်တာဆိုပြီး တောင်းနေ တော့မှာပေါ့။ အလုပ်သမားများ ကလည်း ရမယ်ထင်တာ တောင်းတာတွေလည်း ရှိတယ်။
မေး - အလုပ်သမားတွေ အနေနဲ့ အလုပ်ခွင် ထဲမှာပဲ အချိန်ကုန်နေတော့ သူတို့ရဲ့ ရပိုင်ခွင့်တွေ အခွင့်အရေးတွေကို လေ့လာဖို့၊ ဘယ်လို နည်းလမ်းနဲ့ ရယူသင့်လဲ ဆိုတာ မလေ့လာနိုင်တာ များတော့ ဒါကိုရော ဆရာ့အနေနဲ့ ဘယ်လို လမ်းညွှန်ပေးချင်လဲ။
ဖြေ - အလုပ်ရုံ စက်ရုံတွေမှာ ဟောပြောပွဲတွေ လုပ်ဖို့လိုတယ်။ သူတို့ရဲ့ ရပိုင်ခွင့်တွေကို နားလည်အောင် ဟောပြောပေး ရမယ်။ အလုပ်ရှင်ကလည်း ခွင့်ပြုပေးသင့်တယ်။ အလုပ်ရှင်က ခွင့်မပြုရင်လည်း စက်မှုဇုန်တို့ စက်ရုံတို့ အလုပ်ရုံတို့ များတဲ့ နယ်မြေမှာ ဟောပြောရမယ်။ စာကြည့်တိုက်တွေ ထားပြီး စာဖတ်ခိုင်းရမယ်။ အသိအမြင်တွေ ကြွယ်ဝလာရမယ်။ ဒီလို အခွင့်အရေးတွေ ရှိပါလား။ ဒီလို အခွင့်အရေးတွေကို ဘယ်လို တောင်းဆိုရမယ် ဆိုတာ သူတို့တွေ သိရမယ်။ အဓိက ကတော့ အလုပ်သမားတွေရဲ့ အခွင့်အရေးနဲ့ အဲဒါတွေကို ဘယ်လို တောင်းရမလဲ ဆိုတဲ့ နည်းလမ်းတွေ သိရမယ်။ အဲတော့ ဒါတွေ နားလည်တဲ့ သိတဲ့လူတွေက ဟောပြောတာကို နားထောင်ဖို့လိုတယ်။ အလုပ်သမား အဖွဲ့အစည်း ဖွဲ့ပြီး ရင်လည်း အဲဒီအဖွဲ့က ပုဂ္ဂိုလ်တွေက ဆော်သြဖို့လိုတယ်။ ဖြစ်နိုင်ရင် စာစောင်တွေ ထုတ်ရမယ်။ အခွင့်အရေးတွေ ဘယ်လို ရှိတယ်။ ဘယ်လို တောင်းရမယ် ဆိုတာတွေ နည်းလမ်းတွေကို ကျယ်ကျယ်ပြန့်ပြန့် ရေးသားပြီးဖြန့်ဝေရမယ်။ အဖွဲ့အစည်း ရှိတဲ့ နေရာတွေမှာလည်း ဟောပြောပွဲတွေ လုပ်ရမယ်။ ဒီဥပဒေ အတိုင်း ဆိုရင် အလုပ်သမား ရေးရာ ကိစ္စတွေနဲ့ ပတ်သက်ပြီး ဆေးရုံ၊ စာသင်ကျောင်း၊ သာသနိက အဆောက်အအုံ၊ လေဆိပ်၊ ဘူတာရုံ၊ ခရီးသည်တင် ယာဉ်ရပ်နားစခန်း၊ ဆိပ်ကမ်း၊ သံတမန် အဖွဲ့အစည်းများ (သို့မဟုတ်) တပ်မတော် (သို့မဟုတ်) မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အဆောက်အအုံ တစ်ခုခုမှ ကိုက် ၅၀၀ အတွင်း ဆန္ဒပြခြင်း မပြုရဘူးလို့ ပါတယ်။ ဥပဒေထဲမှာ လိုက်နာရမှာတွေ ပါတယ်။ အဲဒီနေရာ တွေကိုလည်း ရှောင်ရမယ်။ စည်းကမ်းတကျနဲ့ ဥပဒေဘောင် အတွင်းက သွားရင် သက်ဆိုင်ရာက ဘာမှ မလုပ်နိုင် ပါဘူး။ ကိုယ့်မှာလည်း တောင်းဆိုခွင့် ရှိတယ်။ ဒါကို အလုပ်ရှင်တွေ ကလည်း လိုက်နာ နိုင်ရမယ်။ ဒီဥပဒေထဲမှာ အလုပ်သမား အဖွဲ့အစည်း ဖွဲ့ခွင့်ရှိသလို အလုပ်ရှင် အဖွဲ့အစည်း လည်း ဖွဲ့လို့ရမယ်။ အလုပ်ရှင်ကလည်း သူ့အခွင့် အရေးအတွက် ဥပဒေနဲ့ အညီ လုပ်လို့ရတယ်။ အလုပ်သမားကလည်း သူ့အဖွဲ့အစည်းနဲ့သူ ဥပဒေနဲ့အညီ လုပ်လို့ ရတယ်။ ဒီဥပဒေတွေ ထဲမှာ အလုပ်ရှင်ရော အလုပ်သမားရော အတွက် ဥပဒေအတိုင်း မလိုက်နာနိုင်ရင် ဘယ်လို ပြစ်ဒဏ်တွေ ရှိတယ်ဆိုတာလည်း အသီးသီး သတ်မှတ်ထားတယ်။ ဒီဥပဒေက အရင်ရှိပြီးသား အလုပ်သမား ဥပဒေ အားလုံးကို မလွှမ်းခြုံ နိုင်ပေမယ့် အဲဒီ အလုပ်သမား ဥပဒေတွေထဲက အလုပ်သမား တွေရဲ့ အခွင့်အရေးတွေ ရပိုင်ခွင့် တွေကို တောင်းဆိုဖို့ တစ်စိတ်တစ်ပိုင်း အထောက်အကူ ဖြစ်စေတဲ့ အဖွဲ့အစည်း ဖွဲ့ခွင့်ရှိတဲ့ ဥပဒေပေါ့။
댓글 없음:
댓글 쓰기