2011년 10월 15일 토요일

နိုင်ငံခြားသားဖြစ်လို့ ရေချိုးခန်းဝင်ခွင့်မရတဲ့ လူမျိုးရေးခွဲခြားဆက်ဆံမှု ပေါ်ပေါက်

လူမျိုးရေးခွဲခြားမှု ကြုံတွေ့ခဲ့ရတဲ့ ဥဇဘက်သူက သတင်းစာရှင်းလင်းပွဲပြုလုပ်နေစဉ်
ကိုရီးယားနိုင်ငံသားခံယူထားတဲ့ ရွှေ့ပြောင်းအမျိုးသမီးကို ရေချိုးခန်းထဲ ၀င်ခွင့်မပေးတဲ့ လူမျိုးရေး ခွဲခြားဆက်ဆံမှု ပြဿနာက ပေါ်ပေါက်ပြန်ကြောင်း သတင်းရရှိပါတယ်။

ဥဇဘက်နိုင်ငံဖွား ကိုရီးယားအမည် ဂူးဆူးဂျင်ဟာ သူမရဲ့ သားငယ်နှင့် အတူ လွန်ခဲ့တဲ့လ ၂၅ရက်နေ့ နေ့လယ်က ဘူဆန်း ချိုရန်းဒုန်ရှိ တခု သော ဆာအူးနာ(ရေနွေးခန်း)ကို ရေချိုးဖို့ သွားခဲ့ပေမယ့် ရေချိုး ခန်းစောင့် အလုပ်သမားက ၀င်ခွင့် မပေးတဲ့ စိတ်မသက်သာဖွယ် လူမျိုးရေးခွဲခြားဆက်ဆံမှုကို ကြုံ တွေ့ခဲ့ရပါတယ်။

သူမက မိမိဟာ ကိုရီးယားနိုင်ငံသား ခံယူထားသူဖြစ်ကြောင်း ပြောဆိုခဲ့ပေမယ့်လည်း ရုပ်ရည်က နိုင်ငံခြားသူပုံစံဖြစ်ပြီး အသားအရောင်ကလည်း ကွဲပြားတာကြောင့် ရေချိုးခန်းတွင်း ၀င်ခွင့် မရရှိခဲ့တာပဲ ဖြစ်ပါတယ်။

သူမဟာ ကိုရီးယားနိုင်ငံသားနဲ့ တန်းတူ အခွင့်အရေးမခံစားရတာဟာ လူမျိုးရေးခွဲခြားမှုဟု ဆိုကာ ဒီဖြစ်ရပ်ကို ရဲဌာနထံ တိုင်ကြားခဲ့ပါတယ်။

ဒါပေမယ့် ရဲဌာနက လက်ရှိမှာ ပုဂ္ဂလိကပိုင် လုပ်ငန်းတွေက နိုင်ငံခြားသားတွေကို ၀င်ခွင့်မပေးတာကို အရေးယူလို့ရတဲ့ ဥပဒေက မရှိသေးဘူးလို့ ဖြေကြားပါတယ်။

ကိုရီးယားနိုင်ငံသားခံယူသူ ဥဇဘက်သူ ဂူးဆူးဂျင်
နိုင်ငံခြားသားကို ၀င်ခွင့်မပြုတာနဲ့ ပတ်သက်ပြီး ရေချိုးခန်း ပိုင်ရှင်က ရေချိုးခန်း အသုံးပြု အဖွဲ့ဝင်တွေ စုဆောင်းစဉ် အစဦးပိုင်းကတည်းက နိုင်ငံခြားသား တွေကို ၀င်ခွင့် မပြုကြောင်းကို ကတိပေးပြီး စုဆောင်းခဲ့တာကြောင့် ၀င်ခွင့်ပေးလိုက်လို့ အဖွဲ့
ဝင်တွေ နှုတ်ထွက်သွားရင် ကျမတို့ အတွက် ထိခိုက်မယ်လေလို့ တုံ့ပြန်ဖြေကြားပါတယ်။

ဒါပေမယ့် သူမကို ၀င်ခွင့်မပြုတာဟာ နိုင်ငံခြား သားဖြစ်တာကြောင့် အေ့စ်ရောဂါသည် ဖြစ်နိုင်ပြီး ညစ်ပတ်တာကြောင့် လုံးဝ လက်မခံတာ လို့ ပိုင်ရှင်က ကျမကို ပြောခဲ့ကြောင်း ဂူးဆူးဂျင်က ဖြစ်ရပ်ကို စိတ်မကောင်းစွာ ရှင်းပြခဲ့ပါတယ်။

လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းတွေက ဒီကိစ္စဟာ လုံးဝ လူမျိုးရေးခွဲခြားမှုဖြစ်တာကြောင့် ပိုင်ရှင်ကို တရားစွဲဆို ဖို့ပြင်ဆင်နေပြီး နိုင်ငံတော် လူ့အခွင့်အရေး ကော်မရှင်ကိုလည်း တိုင်ကြားခဲ့ပါတယ်။
ရေချိုးခန်းဆိုင်းဘုတ်

နိုင်ငံတော်လူ့အခွင့်အရေး ကော်မရှင်ရဲ့ ကင်အွန်းမီ ခွဲခြားဆက်ဆံမှုစစ်ဆေးရေးဌာနမှူးက လူမျိုးမတူမှုကို အကြောင်းပြုပြီး အသုံးပြုခွင့် မပြုတာကို ခွဲခြားဆက်ဆံမှုရယ်လို့ လူ့အခွင့်အရေးဆိုင်ရာအရ သတ်မှတ် ထားတာကြောင့် ဒီကိစ္စကို အထူး အလေးပေးဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဖြေကြားပါတယ်။

နိုင်ငံတော်လူ့အခွင့်အရေးကော်မရှင်မှာလည်း လွန်ခဲ့တဲ့ ၂နှစ်အတွင်း လူမျိုးရေးခွဲခြားဆက်ဆံမှုဆိုင်ရာ တိုင်ကြားမှုက စုစုပေါင်း ၃၄မှုရှိခဲ့ပါတယ်။ ဒါပေမယ့် စစ်ဆေးမှုများအရ ကော်မရှင်ကနေ လူမျိုးရေး ခွဲခြားမှုဖြစ်တယ်လို့ ဆုံးဖြတ်ချက် ထွက်လာခဲ့ပေမယ့်လည်း ကော်မရှင်အနေနဲ့ သတိပေးခြင်းသာ ပြုလုပ်နိုင်တာဟော လက်ရှိ အခြေအနေပါပဲ။

ဒါကြောင့် လူမျိုးရေးခွဲခြားမှုကို ပြင်းထန်စွာ အရေးယူနေတဲ့ ဥရောပနိုင်ငံများလို လူမျိုးရေးခွဲခြားမှု တားဆီးရေးဥပဒေ က ကိုရီးယားနိုင်ငံတွင်းမှာလည်း အလျှင်အမြန် ပေါ်ပေါက်လာဖို့ လိုနေပါတယ်။

မကြာမီကလည်း လူ့အခွင့်အရေးကော်မရှင်က တရားရေးဝန်ကြီးထံ နိုင်ငံခြားသားတွေ အပေါ် လူမျိုးရေးခွဲခြားတဲ့ ဖော်ပြမှုတွေကို အင်တာနက်တွင် ရေးသားဖော်ပြနေကြတာတွေနဲ့ ပတ်သက်ပြီး ကိုင်တွယ် ဖြေရှင်းပေးရန် တောင်းဆိုခဲ့ဖူးပါတယ်။

ကော်မရှင်ဟာ ၂၀၁၀ခုနှစ် ၁၀လပိုင်း တလကြာ အင်တာနက်ပေါ် စစ်ဆေးခဲ့ရာတွင် အင်တာနက်ပေါ်တွင် သွေးစပ် ကပြားတွေ လျှော့ချပြစ်ဖို့အတွက် နိုင်ငံခြားသားတွေနဲ့ လက်ထပ်နေတာကို လုံးဝ ရပ်ဆိုင်းပြစ် ရမယ်ဆိုတဲ့ ဖော်ပြမှုတွေ၊ နိုင်ငံခြားသားတွေကို အကြမ်းဖက်သမားတွေ အဖြစ် ဖော်ပြနေတဲ့ အရေးအသား တွေကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် တချို့ အင်တာနက် ကဖေးတွေမှာဆိုရင် နိုင်ငံအချို့အပေါ် ဦးတည်ပြီး အဲဒီ နိုင်ငံသားတွေရဲ့ အသားအရောင် အပေါ် သုံးသပ် ပြစ်တင်မှုတွေ ပြုလုပ်တဲ့စာ၊ အချို့နိုင်ငံခြားသားတွေအပေါ် အကြမ်းဖက် မှုတွေကို ထိရောက်စွာ ပြုလုပ်ပေးရမယ်ဆိုတဲ့ လှုံ့ဆော်စာတွေကိုလည်း တွေ့ရှိခဲ့ရတယ်လို့ ကော်မရှင်က ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံခြားသား ၁သန်း၃သိန်းကျော်နှင့်အတူ နေထိုင်နေနေကြတဲ့ ကိုရီးယားနိုင်ငံရဲ့ လက်ရှိ လူမှုအသိုင်းအ
ဝန်းမှာ သွေးမရောတဲ့ လူမျိုးတမျိုးတည်းဆိုတဲ့ လူမျိုးရေး အယူအဆသည်းသူ ကိုရီးယားနိုင်ငံသား အချို့
ရဲ့ နိုင်ငံခြားသားများအပေါ် မတူမတန် ခွဲခြားဆက်ဆံမှုတွေဟာ အသိပညာပိုင်းအရသာမက ဥပဒေပိုင်း ဆိုင်ရာ အရပါ ထိရောက်တဲ့ လှုပ်ရှားမှုတွေ လိုအပ်နေပြီဖြစ်ကြောင်း ဖော်ပြလိုက်ပါတယ်။
သတင်း စိုးမိုးသူ

댓글 없음:

댓글 쓰기