2011년 9월 28일 수요일

(ကဗျာကဏ္ဍ) ဆွဲအားတစ်ခုရဲ့ သီအိုရီ

''' ဆွဲအားတစ်ခုရဲ့ သီအိုရီ ''''


အဲဒီနေ့ဟာ အမှတ်တမဲ့နေ့ရက်များစွာတွေထဲက

အမှတ်တရ နေ့ရက်တစ်ရက်ပါ

တွေ့နေကျ မျက်နှာတွေဟာ

အရင်နေ့တွေကနဲ့ မတူခဲ့တာသေချာတယ်

ဘယ်သူက ခွဲခွာချင်မှာလဲ

ဘယ်သူက ခွဲခွာစေချင်လို့လဲ

ဘယ်သူက ဝေးနေချင်မှာလဲ

ဘယ်သူက ဝေးစေချင်လို့လဲ

ဘယ်သူက မေးနေချင်မှာလဲ

ဘယ်သူက မေးစေချင်မှာလဲ

ဘယ်သူက နှုတ်ဆက်ချင်မှာလဲ

ဘယ်သူက နှုတ်ဆက်စေချင်မှာလဲ

လုပ်ခဲ့တဲ့အရာတွေက

အမှားတွေတစ်ခုမှ မဟုတ်ခဲ့ပါဘူးလေ။

အပြုံးတွေနဲ့ နှုတ်ဆက်လက်ပြနေပေမယ့်

အားလုံးရဲ့ မျက်နှာတွေဟာအသက်မပါခဲ့ဘူး

ခွဲခွာခြင်းရဲ့ နောက်ကွယ်မှာ

ကြေကွဲခြင်းတွေဟာ အသင့်ရှိနေခဲ့တာပါ

မငိုပါနဲ့.......မငိုလိုက်ပါနဲ့
ဘယ်တော့မှ ပြန်မတွေ့နိုင်တော့တဲ့

ဘယ်တော့မှ ပြန်မဆုံနိုင်ကြတော့တဲ့

ခွဲခွာခြင်းနဲ့ ထွက်ခွာခဲ့တာမဟုတ်ဘူးလေ။

ဒါပေမယ့်..........

ဝေးကွာခြင်းရဲ့ အခြားတစ်ဖက်မှာ

လွမ်းဆွတ်သတိရခြင်းတွေက

စောင့်ကြိုနေကြတယ် မဟုတ်လား။

'' သွားတော့မှာလား ''' လို့

မမေးပါနဲ့ ......မမေးလိုက်ပါနဲ့

အခုတော့........

တကယ်ဝေးရတော့မယ်လေ။

နာကြင်မှုတွေပြည့်သိပ်နေတဲ့

ဒီနေရာက အမြန်ထွက်ခွာလိုက်ပါတော့

ဒါပေမယ့်.....

ခြေလှမ်းတွေဟာ လေးလံနေခဲ့တယ်

ဝေးလံတဲ့နေရာမှာ အထီးကျန်စွာနေရဖို့
ကြေကွဲမှုတွေတင်ဆောင်ရမယ့်

လေယာဉ်ပျံဟာ ''' မကြာမီ ထွက်ခွာပါတော့မည် ''' တဲ့

ဝေးပြီ.........အခုတော့တကယ်ဝေးခဲ့ကြပြီ

ရာသီအချိန်စက်ဝန်းများစွာ

ဖြတ်သန်းရမှာ မဟုတ်လား

ဒါတွေဟာ.......

ဘယ်သူ့အမှားလဲလို့

မမေးရဲခဲ့ပါဘူးလေ...။

အားလုံးဟာ .....

အားလုံးအတွက်ပဲ မဟုတ်လား။

ဖြစ်နိုင်ရင် မနက်ဖြန်ဆိုတာတွေဟာ

ခဏတာနဲ့ ကုန်ဆုံးသွားရင်ကောင်းမယ်။

''' ဘယ်သူမှားခဲ့လဲ ''''

''' ဘာကြောင့်လဲ '''' ဆိုတဲ့မေးခွန်ေးတွနဲ့

ကိုယ့်ကိုယ်ကို ရိုက်ချိုးခဲ့တဲ့

နေ့ရက်တွေလည်း မနည်းခဲ့တော့ဘူး။

မတွေးပါနဲ့.....မတွေးလိုက်ပါနဲ့

အခုတော့.....တကယ်ဝေးခဲ့ကြပြီမဟုတ်လား။

မိုင်တာဘယ်လောက်ဝေးခဲ့....ဝေးခဲ့'

သံယောဇဉ် ဆိုတဲ့ ဆွဲအား တစ်ခုက

နှလုံးသားတွေ ကြေမွနေပြီလားထင်ရတယ်

အရာအားလုံးဟာ ''' အဆင်ပြေကြပါစေ ''''' ဆိုတဲ့

စိတ်ဓါတ်ခွန်အားတွေနဲ့ ဖြေသိမ့်နေရပေမယ့်

ရင်ထဲမှာတော့ ဝေဒနာမီးတွေဟာ ဖွဲမီးတွေလို

တလှိုက်လှိုက်တောက်နေဆဲပါ..................။

=======
အမိမြေနဲ့ ဝေးကွာနေသူများအတွက်ရေးဖွဲ့ပါတယ်...

နိုင်မျိုးလွင်
5.6.2011  1:00am

댓글 없음:

댓글 쓰기