2011년 8월 7일 일요일

EPS စနစ် ကိုရီးယား အလုပ်အကိုင်အတွက် အေဂျင်စီ ဝန်ဆောင်ခ ရှစ်သိန်းမှအပ အပိုကြေး ပေးရန်မလို ဟုဆို

ရန်ကုန်၊ မေ ၁၅ အရွယ်ကောင်း နိုင်ငံသား အများအပြား နိုင်ငံပြင်ပသို့ သွားရောက် လုပ်ကိုင်မှု မြင့်တက်လာသော မြန်မာနိုင်ငံမှ ကိုရီးယားနိုင်ငံသို့ EPS (Employment Permit System)စနစ်ဖြင့် မြန်မာ အလုပ်သမားများ သွားရောက် အလုပ် လုပ်ရာတွင် အလုပ်သမား တစ်ဦးအတွက် အေဂျင်စီ ဝန်ဆောင်ခငွေ ကျပ်ရှစ်သိန်းမှအပ အပိုငွေကြေး တစ်စုံတစ်ရာ ပေးအပ်ရန် မလိုကြောင်း အလုပ်သမား ဝန်ကြီးဌာန၊ အစိုးရ ပြည်ပအလုပ်အကိုင် အေဂျင်စီ၏ အုပ်ချုပ်မှု ဒါရိုက်တာ ဦးမျိုးအောင်က ပြောကြားသည်။

ကိုရီးယားနိုင်ငံသို့ သွားရောက်ရန် အပိုငွေကြေး တောင်းခံမှုများ ရှိခဲ့လျှင် တိုင်ကြားနိုင်ပြီး အပိုငွေကြေး တောင်းခံမှုများကို အရေးယူမည် ဖြစ်ကြောင်း၊ ထို့ပြင် ငွေကျပ်ရှစ်သိန်း ပေးပြီးနောက် ကျန်းမာရေး စစ်ဆေးသောအခါ ဆေးကျပြီး ကိုရီးယားသွားခွင့် မရခဲ့လျှင်လည်း ဝန်ဆောင်ခ ရှစ်သိန်းကို ပြန်လည် ပေးအပ်မည် ဖြစ်ကြောင်း ဦးမျိုးအောင်က ဆိုသည်။

EPS စနစ်ဖြင့် ကိုရီးယားနိုင်ငံသို့ မြန်မာ အလုပ်သမားများ သွားရောက် အလုပ် လုပ်နိုင်ရန် ကိုရီးယား ဘာသာစကား အရည်အချင်းစစ် စာမေးပွဲ အောင်မြင်ထားရန် လိုအပ်ပြီး ကိုရီးယား အလုပ်ရှင်က ခေါ်ယူချိန်အထိ စောင့်ဆိုင်းရမည် ဖြစ်ကြောင်း၊ ကိုရီးယား အလုပ်ရှင်က ခေါ်ယူလာသော အခါမှသာ ဝန်ဆောင်ခ ကျပ်ရှစ်သိန်း ပေးအပ်ရမည် ဖြစ်ကြောင်း အစိုးရ ပြည်ပအလုပ်အကိုင် အေဂျင်စီထံမှ စုံစမ်းသိရှိရသည်။

"မလေးရှား သွားရင်တောင် အခုက ရှစ်သိန်းထက်မနည်း ကုန်တယ်။ စင်ကာပူနိုင်ငံဆိုရင် သိန်းနှစ်ဆယ် အနည်းဆုံး ကုန်တယ်။ စင်ကာပူရော မလေးရှားရော အခြေခံ အလုပ်သမားအဖြစ် အလုပ်လုပ် ရတာပဲ။ ဒါပေမဲ့ လစာက ကိုရီးယားမှာ လုပ်လို့ရတဲ့ လစာက ပိုများတယ်။ နောက်ပြီး ရှစ်သိန်းလောက်နဲ့ ကိုရီးယား သွားလို့ရတယ် ဆိုတာက ပြည်ပအလုပ်အကိုင် စိတ်ဝင်စားတဲ့ လူငယ်တွေအတွက် အခွင့်အလမ်းကောင်းပဲ" ဟု ကျောက်တံတား မြို့နယ်မှ ပြည်ပ အလုပ်အကိုင် အေဂျင်စီ ၏ အုပ်ချုပ်မှုဒါရိုက်တာ တစ်ဦးက သုံးသပ် ပြောကြားသည်။

ကိုရီးယား နိုင်ငံတွင် မြန်မာ အလုပ်သမား တစ်ဦးအနေနှင့်အခြေခံလစာ ကိုရီးယားငွေ ဝမ်ကိုးသိန်း (အမေရိကန်ဒေါ်လာ ကိုးရာဝန်းကျင်) ရရှိမည်ဖြစ်ပြီး အချိန်ပိုအလုပ် ရရှိမည်ဆိုလျှင် တစ်လ လုပ်ခလစာ တောင်ကိုရီးယားဝမ် ၁၅ သိန်းမှ ၁၆ သိန်းအထိ (အမေရိကန်ဒေါ်လာ ၁၅၀၀ ဝန်းကျင်မှ ၁၆၀၀ ဝန်းကျင် အထိ) ရရှိနိုင်ကြောင်း သက်ဆိုင်ရာမှ စုံစမ်း သိရှိရသည်။

ကိုရီးယား နိုင်ငံသည် ၂နှစ်အတွင်း မြန်မာ အလုပ်သမား ၅၁၀ဝ ဦး ခေါ်ယူသွားမည် ဖြစ်ကြောင်း အစိုးရ ပြည်ပအလုပ်အကိုင် အေဂျင်စီထံမှ စုံစမ်း သိရှိရသည်။

The Voice weekly မှ တဆင့် ကူးယူဖော်ပြပါတယ်။

댓글 없음:

댓글 쓰기