2011년 8월 11일 목요일

၂၃နှစ်ပြည့် ၈လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ သတင်းစာရှင်းလင်းပွဲ ကျင်းပပြီးစီး

လွန်ခဲ့တဲ့ ၁၉၈၈ခုနှစ် ၈လ ၈ရက်၊ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးကို လိုလားသူ မြန်မာပြည်သူအပေါင်းက တခဲနက် တောင်းဆို ဆန္ဒပြခဲ့တဲ့ သမိုင်းဝင် ၈လေးလုံး မြန်မာ့ဒီမိုကရေစီ အရေးတော်ပုံ ၂၃နှစ်ပြည့် အထိမ်းအမှတ် အဖြစ် ကိုရီးယားရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများက ကိုရီးယားရှိ မြန်မာသံရုံးရှေ့မှာ သတင်းစာရှင်းလင်းပွဲကို ပြုလုပ်ခဲ့ပါတယ်။

သြဂုတ်လ ၇ရက်နေ့ နေ့လယ်၁၂နာရီက စတင်ပြီး နေ့လယ် ၁နာရီခွဲအထိ ပြုလုပ်ခဲ့တဲ့ အဲဒီ သတင်း စာရှင်းလင်းပွဲကို မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှား နေတဲ့ အဖွဲ့အစည်းများနဲ့ တသီးပုဂ္ဂလများ ပူးပေါင်း ဆင်နွှဲခဲ့ကြပါတယ်။

သတင်းစာရှင်းလင်းပွဲ တလျှောက် တက်ရောက်သူ များက မိမိတို့ ရင်တွင်းရှိ စကားများကို အလှည့်ကျ ပြောကြားကြပြီးနောက် အဖွဲ့အစည်းများရဲ့ ပူးတွဲ ထုတ်ပြန်ကြေညာချက်ကို ဖတ်ကြားခဲ့ပါတယ်။


ကြေညာချက်တွင် လက်ရှိ အရပ်သားအစိုးရဟာ စစ်ဗိုလ်ချုပ်များရဲ့ အမည်ခံ အစိုးရဖြစ်တာကြောင့် လုံးဝ လက်မခံနိုင်ကြောင်း၊ အစိုးရဟာ တိုင်းရင်းသားများကို ဆက်လက် ဖိနှိပ်နေပြီး ပြည်တွင်းစစ်မီးကိုသာ ပိုမို တောက်လောင်အောင် ပြုလုပ်နေကြောင်း၊ နိုင်ငံတကာဖိအားကို ရှောင်ရှားလို၍ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရုပ်ပြတွေ့ဆုံနေကြောင်း ပါရှိပါတယ်။

ဒါကြောင့် အစိုးရအနေနဲ့ တိုင်းပြည်ရဲ့ အထွေထွေပြသနာများကို စစ်မှန်စွာ ဖြေရှင်းနိုင်ရန် အတွက် ဒီမိုကရေစီခေါင်းဆောင်များနှင့်အတူ နိုင်ငံရေးစားပွဲဝိုင်းတွင် အတူထိုင်ကာ ဆွေးနွေးရန် တိုက်တွန်းလိုက် ပါတယ်။

ဆက်လက်ပြီး ယုံကြည်ချက်ကြောင့် အကျဉ်းကျခံ နိုင်ငံရေးအကျဉ်းသားများကို ချက်ချင်း လွှတ်ပေးရန်၊ နယ်စပ်ဒေသ တိုင်းရင်းသားများအပေါ် မတရား ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းကို ရပ်ဆိုင်းရန်၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များကို တိကျသော အချိန်ဇယားများအတိုင်း ဒီမိုကရေ စီအင်အားစုများနဲ့အတူ အမြန်ဆုံး တွေ့ဆုံဆွေးနွေးရန်တို့ကို တောင်းဆိုလိုက်ပါတယ်။

သတင်း စိုးမိုးသူ

댓글 없음:

댓글 쓰기