2011년 8월 11일 목요일

မြန်မာနိုင်ငံသားတဦး အလုပ်ခွင်တွင်း ထိုးကြိတ်ခံရ




အင်ချွန်း နမ်ဒေါင်း စက်မှုဇုန်မှာ အလုပ်လုပ်နေသူ ကိုSဟာ မနေ့က ညနက်အထိ အချိန်ပို အလုပ်လုပ်ခဲ့တာ ကြောင့် ပင်ပန်းနွမ်းနယ်နေတဲ့ ကိုယ်ခန္ဓာကို အားတင်းပြီး စက်ရုံထဲကို အလုပ်လုပ်ဖို့ တလှမ်းချင်း ၀င်လာ ခဲ့ပါတယ်။

စက်ရုံထဲ ခြေလှမ်းချချခြင်း အတူ အလုပ်လုပ်သူ ကိုရီးယားသားက သူ့ကို အော်ဟစ်ပြီး ပြောဆိုလိုက်သံကို ကြားလိုက်ရပါတယ်။ မနေ့က သူ အခြောက်ခံခဲ့တဲ့ ကယ်မီကယ်လ်အမှုန့်တွေ မခြောက်သေး လို့ ဆိုပြီး သူ့ကို အော်ဟစ် ဆူပူလိုက်တာ ဖြစ်ပါတယ်။
အဲဒီ ကိုရီးယားအလုပ်သမားထက် အများကြီး လုပ်သက်ရှိတဲ့ သူ့အနေနဲ့ စိတ်ထဲမှာ ဒါကို ဘ၀င်မကျဖြစ် ပေမယ့်လည်း နေ့တိုင်း စက်ရုံတွင်း နိုင်ငံခြားသားအလုပ်သမားတွေကို ဆရာကြီးလုပ်ပြီး ဟိုဒီခိုင်းနေတဲ့ အဲဒီ ကိုရီးယားသားရဲ့ အကျင့်ကို သိထားတာမို့ အရင်အတိုင်း အံကြိတ် သည်းခံလိုက်ပြီး အတူ အလုပ်လုပ် သူ မြန်မာနိုင်ငံသားကို အမှုန့်တွေ ပျက်စီးသွားသလားလို့ မေးကြည့်လိုက်ပါတယ်။ ဘာမှ ပျက်စီးသွားခြင်း မရှိတာကြောင့် သူက အဲဒီ ကိုရီးယားကို အမှုန့်တွေ မပျက်စီးဘူးလို့ ပြန်ပြောလိုက်ပါတယ်။

သွေးနားထင်ရောက်နေတဲ့ ကိုရီးယားက သူ့ကို ဒီလိုပြန်ပြောရကောင်းသလားဆိုပြီး အနားရှိ အမှုန့်ခတ်တဲ့ သံခွပ်နဲ့ ကိုSရဲ့ ခေါင်းကို ရုတ်တရက် ရိုက်လိုက်ပါတယ်။ ပြင်းထန်တဲ့ ရိုက်ချက်ကြောင့် ခေါင်းကနေ  သွေး တွေ  အများကြီး စီးထွက်လာသလို ခန္ဓာကိုယ်ကလည်း ခေါင်းမူးတဲ့ ဒဏ်ကြောင့် ပြစ်လဲသွားရပါတယ်။

မူးဝေနေတဲ့သူက အားတင်းပြီး  ပြန်အထမှာ အခဲမကြေသေးတဲ့ ကိုရီးယားက သူ့မျက်နှာကို ဆက်ထိုး ပြန် ပါတယ်။ ပြင်းထန်တဲ့ လက်သီးဒဏ်ကြောင့်  မျက်လုံးအောက်သားကွဲသွားသလို မျက်လုံး တခုလုံး နီစပ် နာကျင်သွားခဲ့ရတဲ့သူက ဒီ အဖြစ်အပျက်ကို အခြားသူတွေကို အသိပေးဖို့ စက်ရုံ အပြင်ကို ဒယီးဒယိုင်  ထွက်လာခဲ့ပါတယ်။

စက်ရုံတွင်း အလုပ်သမားတွေနဲ့ အလုပ်ရှင်က အဲဒီတော့မှ အခြေအနေတွေကို သိသွားပြီး သူ့ကို ဆေးရုံကို လိုက်ပို့ပါတယ်။ ပြင်းထန်စွာ ရရှိသွားတဲ့ ဒဏ်ရာကို ဆေးကုသနေရင်း သူ့မျက်လုံးတွေဟာ ဒဏ်ရာ နာ ကျင်မှုကြောင့်လား၊ အဝေးတိုင်းတပါးမှာ မိသားစုအတွက် တဦးတည်း ရုန်းကန်နေရသူ သူ့ဘ၀ရဲ့ လက်ရှိ အခြေအနေကြောင့်လား ဆိုတာကို ဝေခွဲဖို့ ခက်ခဲတဲ့ မျက်ရည်တွေက တသွင်သွင် စီးကျလာပါတယ်။ နီစပ် ရောင်ကိုင်းနေတဲ့ သူမျက်လုံးထဲမှာ မြင်သမျှဟာေ၀၀ါးလို့လည်း နေပါတယ်။

ဆေးကုသပြီး စက်ရုံကို ပြန်ရောက်တော့ အလုပ်ရှင်က ဖြစ်ပျက်တဲ့ ကိစ္စထက်၊ သူ့ခန္ဓာကိုယ်က ဒဏ်ရာ တွေထက်  မနေ့က သတ်မှတ်နာရီထက် အချိန် ပိုအလုပ်ကို ဘာကြောင့် ပိုလုပ်ခဲ့သလဲ ဆိုပြီး သူ့ကို ကြိမ်းမောင်း ဆူပူပြန်ပါတယ်။ ပြီးတော့ အရာရာကြောင့် နာကျင်မှုတွေ နဲ့ ပြည့်နှက်နေတဲ့ သူ့ကို ဘာမှ စီစဉ်မပေးပဲ အခန်းထဲ သွားနားနေခိုင်းပါတယ်။

လက်ရှိသူက အတူနေ မိတ်ဆွေများရဲ့ ဆက်သွယ်ပေးမှုကြောင့် သက်ဆိုင်ရာ ကိုရီးယား၊မြန်မာ အဖွဲ့ အစည်းများရဲ့ အကူအညီကို ရယူကာ ရဲဌာနတိုင်ကြားခြင်းကို ပြုလုပ်နိုင်ခဲ့ပြီး ဥပဒေအရ သက်ဆိုင်ရာ နစ်နာကြေး တွေကိုလည်း ရရှိနိုင်ဖို့ လိုအပ်တာတွေကို ပြင်ဆင်လျှက်ရှိနေပါတယ်။

သတင်း  စိုးမိုးသူ

댓글 없음:

댓글 쓰기