2011년 7월 16일 토요일

အဖမ်းအဆီးတိမ်းရှောင်ရင်း ထိခိုက်မှု၊ လုပ်ငန်းခွင် အာမခံ ရနိုင် မရနိုင် ပြဿနာ

"လ၀ကက ဖမ်းဖို့ လာစဉ် အထောက်အထားမဲ့အလုပ်သမားအနေနဲ့
အလုပ်ရှင်က ထွက်ပြေးခိုင်းလို့ ထွက်ပြေးရင်း ထိခိုက်မိပါက 
လုပ်ငန်းခွင်ထိခိုက်မှု အာမခံရရှိနိုင်၊
အခြားလူက ပြေးခိုင်းလို့ဆိုရင် အာမခံ မရနိုင်။"

တရုတ်လူမျိုး အထောက်အထားမဲ့ အလုပ်သမား ဆုံဟာ လွန်ခဲ့တဲ့ ၂၀၀၉ခုနှစ် ၂လ ၁၀၇က်က ဒုန်ရန်း ဆောက်လုပ်ရေးကုမ္ပဏီ လက်အောက်ခံ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အလုပ်နေရာ ရရှိခဲ့ပါတယ်။ အလုပ်စဆင်းတဲ့နေ့ ၁၁ရက်နေ့ မနက်၊ လုပ်ငန်းခွင်တွင်း ထမင်းဆိုင်မှာ နေ့လည် စာ စားနေချိန် လူဝင်မှုကြီးကြပ်ရေး ၀န်ထမ်းများ က အဖမ်းအဆီးပြုလုပ်ရန် ဆုံရဲ့ လုပ်ငန်းခွင် တွင်းသို့ဝင်ရောက်လာပါတယ်။
ဒါကို မြင်လိုက်တဲ့ အတူလုပ်ဖော်တဦးက ဆုံကို ထွက်ပြေးဖို့ အော်ဟစ် အသိပေးလိုက်တာကြောင့် ဆုံဟာ အထိတ်တလန့် ထွက်ပြေးရင်း ၃ထပ်တိုက်ပေါ်ကနေ ပြုတ်ကျခဲ့ပါတယ်။ ပြုတ်ကျမှုကြောင့် ဆုံဟာ ဘယ်လက်နဲ့ ခါးအရိုး ကျိုးကာ မျက်နှာတခုလုံး ဒဏ်ရာအပြည့် ရရှိသွားရုံတင်သာမက ခေါင်းကွဲပြီး ဦးနှောက်အစိတ်အပိုင်း အချို့ အထိပါ ပြင်းထန်စွာ ထိခိုက်ခဲ့ပါတယ်။
ဆုံဟာ အလုပ်သမားလူမှုဖူလှုံရေးဌာနထံ ဆေးဖိုးဝါးခအတွက် လျှောက်လွှာတင်တောင်းဆိုခဲ့ပေမယ့် လည်း အဖမ်းအဆီး တိမ်းရှောင် ထွက်ပြေးရင်း ထိခိုက်တာကြောင့် ကိုယ်ရေးကိုယ်တာကိစ္စဖြင့် ဒဏ်ရာရရှိခြင်း ဖြစ်ပြီး လုပ်ငန်းခွင်တွင်း ထိခိုက်ဒဏ်ရာရရှိခြင်း မဟုတ်ဟု ဆိုကာ ငြင်းပယ်လိုက်ပါတယ်။
(စကားချပ်။ ကိုရီးယားအလုပ်သမားဥပဒေအရ လုပ်ငန်းခွင်ဧရိယာအတွင်း ထိခိုက်ဒဏ်ရာရရှိသူဟာ အလုပ်သမားလူမှုဖူလှုံရေး ဌာနမှာ ဆေးဖိုးဝါးခကို လျှောက်ထားရယူနိုင်ပါတယ်။ အဲဒီလို လျှောက်ထားရာမှာ လူမှုဖူလှုံရေးဌာနအနေနဲ့ လုပ်ငန်းခွင် ဧရိယာ အတွင်း ထိခိုက်ဒဏ်ရာ ရရှိခြင်း ဟုတ် မဟုတ်ကို အရင် စစ်ဆေးပြီး မှန်ကန်ကြောင်း ထောက်ခံမှသာ အာမခံကြေးများကို ရရှိနိုင်ပါတယ်။)

ဒါကြောင့် ဆုံဟာ လူမှုဖူလှုံရေးဌာနကို တရားစွဲဆိုခဲ့ပါတယ်။ တရားသူကြီးက အထောက်အထားမဲ့နေထိုင် အလုပ်လုပ်ကိုင်သူဟာ အဖမ်းအဆီးကို တိမ်းရှောင်ရင်း ထိခိုက်ဒဏ်ရာရခဲ့သော် ဒါကို လုပ်ငန်းခွင်တွင်း ထိခိုက်ဒဏ်ရာရရှိခြင်းလို့ မသတ်မှတ်နိုင်ကြောင်း၊ သို့သော် အလုပ်ရှင်က ထွက်ပြေးခိုင်းလို့ ထွက်ပြေးရင်း ထိခိုက်ဒဏ်ရာရရှိတာမျိုးဆိုရင်တော့ အလုပ်ရှင်ရဲ့ ထိမ်းသိမ်းမှုအောက်မှာ ဖြစ်ပွားတဲ့ ထိခိုက်မှုရယ်လို့ သတ်မှတ်နိုင်တာကြောင့် လုပ်ငန်းခွင်တွင်း ထိခိုက်ဒဏ်ရာရရှိခြင်းလို့ သတ်မှတ် နိုင်ကြောင်း သုံးသတ်ခဲ့ပါတယ်။

ဆက်လက်ပြီး တရားသူကြီးက  ဆုံအနေနဲ့ အလုပ်ဆင်းတာ ၂ရက်ပဲ ရှိသေးတာကြောင့် ကုမ္ပဏီဘက်က သူ့ကို အထောက်အထားမဲ့အလုပ်သမားရယ်လို့ မသိသေးတဲ့အနေအထားဖြစ်ခဲ့တာရယ်၊ လုပ်ဖော်ကိုင်ဘက်က အော်ဟစ်ပြီး ထွက်ပြေးခိုင်းလို့ ထွက်ပြေးရင်း ထိခိုက်တာဖြစ်ပြီး လုပ်ငန်းရှင်က ထွက်ပြေးခိုင်းတာ မဟုတ်တာကြောင့် လုပ်ငန်းခွင်တွင်း ထိခိုက်ဒဏ်ရာရရှိခြင်းရယ်လို့ မသတ်မှတ်ကြောင်း စီရင်ချက် ချမှတ်ခဲ့ပါတယ်။

ချုံငုံပြီး ပြောရရင် အလုပ်ရှင်က ထွက်ပြေးခိုင်းလို့ ထွက်ပြေးရင်းထိခိုက်မှသာ လုပ်ငန်းခွင်တွင်း ထိခိုက်ဒဏ်ရာရရှိခြင်းရယ်လို့ ဥပဒေအရသတ်မှတ်မှာ ဖြစ်ပါတယ်။
သတင်း စိုးမိုးသူ

댓글 없음:

댓글 쓰기