2011년 7월 22일 금요일

အိမ်မပြန်မှာစိုးလို့ ပြန်ချင်အောင်လုပ်တော့မယ် အလုပ်သမားဝန် ကြီးဌာန

အလုပ်သမားဝန်ကြီးဌာနဟာ လွန်ခဲ့တဲ့ ဂျူလိုင် ၁၇ရက်နေ့က အလုပ်သမားဝန်ကြီးဌာန ခမ်းမဆောင် မှာ ပြည်တော်ပြန်မယ့် ဗီယက်နမ်အလုပ်သမား၃၀၀ကို ခေါ်ယူပြီး အစုလိုက်ပြည်တော်ပြန်ခြင်းနဲ့ ပတ် သက်တဲ့ ရှင်းလင်းပွဲ တခု ပြုလုပ်ခဲ့ပါတယ်။

အဲဒီရှင်းလင်းပွဲကို အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားအင်အားဖြည့် ဆည်းရေးဌာန(အီးပီအက်စ်အလုပ်သမားများ ခေါ်ယူခြင်းကို တာဝန်ယူတဲ့ ဌာန) နဲ့ ဗီယက်နမ်သံရုံးတို့က ပူးပေါင်းပြီး ကျင်းပခဲ့တာ ဖြစ်ပါတယ်။

ရှင်းလင်းပွဲမှာ ကိုရီးယားတွင်း အလုပ်စာချုပ်သက်တန်းကုန်ဆုံးပြီး ပြည်တော်ပြန်မယ့် ရွှေ့ပြောင်းအလုပ် သမားတွေ အနေနဲ့ အမိတိုင်းပြည်ကို အောင်မြင်စွာ ပြန်သွားနိုင်ရေးအတွက် သူတို့ရဲ့ ပြည်တော်ပြန်ပြင် ဆင်မှု အပေါ် လိုအပ်တာတွေကို အစိုးရက ထောက်ပံ့ပေးမယ့် အချက်အပေါ် မူတည်ပြုလုပ်ခဲ့ပါတယ်။


အလုပ်သမားဝန်ကြီးဌာနက ယခုအထိ ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ ကိုရီးယားနိုင်ငံအတွင်းကို မြန်မြန် ၀င်ရောက်အလုပ်လုပ်ကိုင်နိုင်မယ့် အပေါ်မှာသာ ဦးစားပေး လုပ်ဆောင်လာခဲ့ပေမယ့် ယခုနှစ် ကစပြီး ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ စာချုပ်သက်တန်း ၃နှစ်ပြည့်ပြီးတဲ့ နောက် အားလုံး အပြည့်အ၀ ပြည်တော်ပြန်နိုင်အောင် ၊ ပြည်တော်ပြန်ခြင်းကို အတိအကျ လိုက်နာနိုင်စေအောင် ပြည်တော်ပြန် ထောက်ပံ့ရေးတွေကို ဆောင်ရွက်သွားမယ်လို့ ပြောကြားလိုက်ပါတယ်။

လက်ရှိ ကိုရီးယားမှာ ရွှေ့ပြောင်းအလုပ်သမားတွေဟာ အီးပီအက်စ်(အလုပ်သမားတင်သွင်းတဲ့စနစ်)နဲ့ ၀င် ရောက်အလုပ်လုပ်ကိုင်လျှက်ရှိနေပါတယ်။ ကိုရီးယားနိုင်ငံရဲ့ ကလေးမွေးဖွားနှုန်း ကျဆင်းမှုဟာ စိုးရိမ်ရေ မှတ်ကိုရောက်ရှိလာတာ၊ အိုမင်းမစွမ်းတွေ များပြားလာပြီး အလုပ်သမားအရေအတွက် ကျဆင်းလာတာနဲ့ အန္တရယ်ရှိ၊ ခက်ခဲ၊ ညစ်ပတ်(3D- Dangerous, Difficult, Dirty)စတဲ့ လုပ်ငန်းခွင်တွေကို ကိုရီးယားအ လုပ်သမားတွေက အလုပ်မလုပ်ချင်ပဲ ရှောင်ရှားနေတာတွေကြောင့် ကိုရီးယားနိုင်ငံဟာ နှစ်စဉ် သောင်းနဲ့ ချီတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို ပြည်တွင်းကို ခေါ်ယူတင်သွင်း အလုပ်လုပ်ခိုင်း နေရပါတယ်။

ဒါပေမယ့် ကိုရီးယားအလုပ်ရှင်တွေရဲ့ အရင်းရှင်ဆန်မှုနဲ့ သွေးတက် ဘ၀င်မြင့်မှုတွေကြောင့် လစာနည်းပါး၊ လစာမရရှိ၊ အလုပ်ချိန်အလွန်ရှည်၊ ရိုင်းပြ၊ ခွဲခြားဆက်ဆံ စတာတွေကြောင့် ကိုရီးယားရောက်ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ ဘ၀ဟာ တွေးထင်ခဲ့သလို လက်တွေ့မှာ စိုပြေမှုမရှိဖြစ်နေတာဟာ လက်ရှိ အခြေအနေပါပဲ။

လုပ်သလောက်မရတာကြောင့် အလုပ်သက်တန်းကာလ ကုန်ဆုံးသွားပေမယ့်လည်း ကိုရီးယားက မထွက် သွားပဲ အထောက်အထားမဲ့အလုပ်သမားဘ၀နဲ့ ဆက်လက် လုပ်ကိုင်သွားမည့်သူ အရေအတွက်ကလည်း ယခုနှစ်အတွင်းနဲ့ ရှေ့နှစ်အတွင်း မနည်းပါ။

ကိုရီးယားအစိုးရဟာ သူ့နိုင်ငံထဲက အထောက်အထားမဲ့ အလုပ်သမားအရေအတွက်ကို ထင်သလို မလျှော့ချနိုင်နေတဲ့ အခြေအနေမှာ ထပ်ပြီး နောက်ထပ် တိုးပွားလာမယ့် အထောက်အထားမဲ့ အလုပ်သမား အရေအတွက်အပေါ် အထူး ခေါင်းစားနေပါတယ်။

အထောက်အထားမဲ့ အလုပ်သမားတွေဟာ ကိုရီးယားရဲ့ လိုအပ်တဲ့ အလုပ်အင်အားကို ဖြည့်ဆည်းပေး နေတာကြောင့် လွှင့်ပြစ်ရမှာလဲ အဆီတ၀င်းဝင်းဖြစ်နေပေမယ့် နိုင်ငံတွင်း အကျမရှိ တိုးပွားလာနေဆဲ အထောက်အထားမဲ့ အလုပ်သမားအရေအတွက်ကို လျှော့ချရမယ် တာဝန်ကလည်း တဘက်က ရှိနေတဲ့ အတွက် အထောက်အထားမဲ့ အလုပ်သမားကိစ္စဟာ ကိုရီးယားအစိုးရအနေနဲ့ ဖြေရှင်းရန်ခက်ခဲတဲ့ ပုစ္ဆာတပုဒ်ပါပဲ။

အထောက်အထားမဲ့ အလုပ်သမားတွေကို အတင်းအကြပ်ဖမ်းဆီးပြန်ပို့ရာကနေ ဖြစ်ပွားတဲ့ ထိခိုက်မှု၊ သေဆုံးမှုတွေကလည်း နှစ်စဉ် ကိုရီးယားအစိုးရရဲ့ လူ့အခွင့်အရေးတိုးတက်မှုနှုန်းပြ မြားကို နောက်ပြန်ဆုတ် စေပါတယ်။ နိုင်ငံတွင်း လူ့အခွင့်အရေးအဖွဲ့တွေရဲ့ ကန့်ကွက်မှု၊ ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မ ရှင်နဲ့ အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့တွေရဲ့ ကိုရီးယားအစိုးရက ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ လူ့အခွင့် အရေး၊ အလုပ်သမားအခွင့်အရေး ချိုးဖောက်နေတဲ့ အပေါ် ထောက်ပြ ကန့်ကွက်နေတာတွေ ကြောင့် ကိုရီးယားနိုင်ငံဟာ ချမ်းသာပြီး စိတ်ပုပ်တဲ့ နိုင်ငံတခုအဖြစ် နိုင်ငံတကာမှာ ကျော်ကြားနေပါတယ်။

ကိုရီးယားအစိုးရဟာ ကမ္ဘာကို လွှမ်းချင်လွန်းလို့ စိတ်ဝင်စားဖွယ်၊ ကြည့်စရာကောင်းဖွယ် တီဗွီရုပ်သံ ဇာတ်လမ်းတွဲများ၊ နုရွလှပတဲ့ ငယ်ရွယ်သူ အနုပညာရှင်များကို အားကုန် ထောက်ပံ့ပေးခြင်းနဲ့ အာရှတ၀ှမ်း ယဉ်ကျေးမှု နယ်ချဲ့မှုကို အောင်မြင်စွာ ပြုလုပ်နိုင်နေပေမယ့် လူ့အခွင့်အရေး စစ်တမ်းများအရတော့ အမြဲ ကြိမ်းမောင်းခံနေရတာကြောင့် ဒီတကြိမ် အလုပ်သမားဝန်ကြီးဌာနရဲ့ ခြေလှမ်းဟာ အောင်မြင်တဲ့ ချည်းကပ် မှု ဖြစ်မဖြစ် စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

အစိုးရဟာ အလုပ်သမားနဲ့ လူ့အခွင့်လှုပ်ရှားသူတွေက အမြဲ တောင်းဆိုနေတဲ့ ရွှေ့ပြောင်းအလုပ်သမား တွေအနေနဲ့ ကိုယ်နှစ်သက်ရာအလုပ်ကို ရွေးခြယ်ပိုင်ခွင့်၊ လွတ်လပ်စွာ အလုပ်လုပ်ပိုင်ခွင့် စနစ်(Work Permit)ကို ကျင့်သုံးခြင်း၊ ဆင်းရဲ၊အင်အားနဲ၊ အသားအရောင်ကွဲ လူတန်းစားအပေါ် လေးစားတတ်တဲ့ စိတ်ထားကို ကျင့်သုံးခြင်း မရှိသရွေ့တော့ မျက်နှာသနပ်ခါး ပေါင်သေးစီးကြောင်း ဘ၀ပဲ အမြဲ ဖြစ်နေဦးမှာ ဖြစ်ကြောင်း သုံးသပ်တင်ပြလိုက်ပါတယ်။
စိုးမိုးသူ

댓글 없음:

댓글 쓰기