2011년 7월 15일 금요일

"ကျေးဇူးပြုပြီး အဖြစ်မှန်ပေါ်ပေါက်အောင် စုံစမ်းပေးပါ""ဒဲဂူးမြို့၌ နီပေါရွှေ့ပြောင်းအလုပ်သမား မိမိကိုယ်ကို သတ်သေသွား"



◀ ANC ▶
ဒဲဂူး မြို့ ဆောင်းဆောစက်မှုဇုန်အတွင်း အလုပ်လုပ်ကိုင်သူ နီပေါရွှေ့ပြောင်းအလုပ်သမားတဦးက သေတမ်းစာကိုရေးပြီး မိမိကိုယ်ကိုသတ်သေသွားခဲ့ပါတယ်။ သေတမ်းစာမှာ အဖြစ်မှန်ပေါ်ပေါက်အောင် လုံးဝ စုံစမ်းပေးဖို့ တောင်းဆိုထားပါတယ်။ ၉လတာ ကိုရီးယားတွင်းနေထိုင်ခဲ့သူ သူ့မှာ ဘယ်လို အဖြစ်အပျက်တွေ ရှိခဲ့သလိုဆိုတာကို တင်ပြပါ့မယ်။

◀ VCR ▶
ဒဲဂူး ဆောင်းဆောစက်မှုဇုန်အလုပ်သမားသမဂ္ဂ ယာယီဈာပနဆောင်

ယာယီပြင်ဆင်ထားတဲ့ ဈာပနဆောင်မှာ ကိုရီးယားတွင်း အလုပ်လုပ်ကိုင်နေကြတဲ့ အနယ်နယ်အရပ်ရပ်က နီပေါအလုပ်သမား အယောက်၇၀ဟာ နာရေးသတင်းမေးဖို့ရောက်ရှိနေကြပါတယ်။

ကွယ်လွန်သူ ဂါလဲ့ဒွန်ရာဂျူးဟာ မိသားစုထံ ပြန်သွားဖို့အတွက် လေယာဉ်လက်မှတ်ကို မကွယ်လွန်မီ ၀ယ်ထားခဲ့ပါတယ်။ ဒါပေမယ့် သူဟာ လက်မှတ်ဝယ်ပြီး ၂ရက်အကြာ ဂျွန်လ ၁၂ရက်နေ့မှာ သူငယ်ချင်းဖြစ်သူ နေအိမ် အိမ်သာတွင်းမှာ မိမိကိုယ်ကို လည်ပင်းကြိုးဆွဲချ သတ်သေခဲ့ပါတယ်။ သူဟာ စက်ရုံက မိမိကို လိမ်လည်ခဲ့တယ်ဆိုတဲ့ အကြောင်းအရာပါရှိတဲ့ အင်္ဂလိပ်၊ နီပေါဘာသာ သေတမ်းစာ၂စောင်ကို ချန်ထားခဲ့ပါတယ်။

ကိုရီးယားသို့ အီးပီအက်စ်စနစ်ဖြင့် ၀င်ရောက်လာသူ ဂါလဲ့ဟာ ဆောင်းဆောစက်မှုဇုန်ရှိ မွေ့ယာစက်ရုံမှာ စတင် အလုပ်လုပ်ကိုင်ခဲ့ပါတယ်။ အလုပ်ကြိုးစားသူရယ်လို့ ဂုဏ်သတင်းမွှေးသူ သူ့ထံ လွန်ခဲ့တဲ့ မတ်လကစပြီး ကံကြမ္မာဆိုးက ၀င်ရောက်မွှေနှောက်ခဲ့ပါတယ်။

သူက မတ်လကစပြီး စက်ရုံက သူ့အပေါ်ဆက်ဆံတာဟာ အရင်ပုံစံနဲ့ မတူတဲ့အကြောင်း အသိများထံ ပြောဆိုခဲ့ပါတယ်။ အဲဒီအတွက် သူဟာ စက်ရုံနဲ့ ဆက်ဆံရေးပြေလည်ဖို့အတွက်လည်း ၂ကြိမ်တိုင်တိုင် အထက်လူများထံ စာရေးသားပေးပို့ခဲ့ဖူးပါတယ်။သူမှာ့ အခြားစက်ရုံကို ပြောင်းရွှေ့လိုစိတ် မရှိခဲ့ပါဘူး။

ဂါလဲ့ရဲ့ စက်ရုံဘက်ကလည်း ဂါလဲ့က မိမိတို့အပေါ် ဘာကို အထင်လွဲပြီး ကိုယ့်ကိုယ်ကို သတ်သေတဲ့အထိ လုပ်သွားရသလဲဆိုတာကို နားမလည်နိုင်ကြောင်း ပြောဆိုပါတယ်။

◀ INT ▶
ချာဆန်းဟန်း ဂါလဲ့စက်ရုံ တာဝန်ခံ
ကိုရီးယားမှာ ဘယ်အချိန်ပဲဖြစ်ဖြစ် စက်ရုံပြောင်းလုပ်နိုင်ပြီး မကျေနပ်တာရှိရင်လည်း အလုပ်သမားသမဂ္ဂကတဆင့် ပြောရင် စက်ရုံဘက်ကလည်း စုံစမ်းစစ်ဆေးပေးလေ့ရှိပါတယ်။ ဒါပေမယ့် ဘာလို့ ဒီလိုဖြစ်သွားရသလဲဆိုတာ မေးစရာတွေဖြစ်နေပါတယ်။ ပြဿနာရှိရင် အလုပ်သမားသမဂ္ဂကိုသွားပြောရင် အကုန်ဖြေရှင်းပေးလေ့ရှိပြီး၊ အိမ်ပြန်လေယာဉ်လက်မှတ်ကိုတောင်ဝယ်ထားပြီးတဲ့သူက ဘာလို့ ဒီလိုလုပ်ရသလဲ။ အခြားအလုပ်ပြောင်းပေးဖို့ လျှောက်လွှာလည်း တင်ထားပြီးတော့
ထာဖား ကွယ်လွန်သူဂါလဲ့မိတ်ဆွေ နီပေါအလုပ်သမား

အလုပ်ပြောင်းတဲ့အခါ အနဲဆုံး ၃၊ ၄လလောက်ကြာအောင် အခြားစက်ရုံကို ရှာရလေ့ရှိပြီး အလုပ်ရပြန်တော့လည်း အလုပ်က မကောင်းဘူး ဆိုရင် ဘယ်လိုလုပ်မလဲ၊ စက်ရုံဘက်ကသာ သူ့အပေါ်ကောင်းမယ်ဆိုရင် တခြားစက်ရုံမပြောင်းပဲ အလုပ် လုပ်ဖို့ ဂါလဲ့မှာ ဆန္ဒရှိခဲ့ပါတယ်။
ချာဆန်းဟန်း ဂါလဲ့စက်ရုံ တာဝန်ခံ

ဂါလဲ့က ကျနော့ဆီလာတော့ ဘယ်လိုလုပ်မှာလဲလို့မေးတော့ တခြားစက်ရုံပြောင်းမယ်လို့ သူက ဖြေပါတယ်။ ပုံမှန်အရ စက်ရုံပြောင်းမယ် ဆိုရင် တလ၊ နှစ်လ ကြိုတင်ပြောရပါတယ်။ ဒါပေမယ့် ဂါလဲ့က ကြိုတင်မပြောပဲ ရုတ်တရက် ပြောင်းမယ် လို့ပြောတာကြောင့် ပြောင်းရတဲ့အကြောင်းရင်းကို ရေးခိုင်းမှဖြစ်မယ်လို့ စဉ်းစားခဲ့ပါတယ်။

◀ VCR ▶
ဂါလဲ့ဟာ ဂျွန်လ ၈ရက်နေ့က စာတစောင်မှာ လက်မှတ်ရေးထိုးခဲ့ဖူးပါတယ်။ ဒါပေမယ့် သူက အဲဒီစာဟာ စက်ရုံပြောင်းခွင့်ပြုတဲ့စာလို့ သူ့ကို ပြောလို့ လက်မှတ်ထိုးပေးခဲ့တာဖြစ်ကြောင်း၊ သူ့ကို အားလုံး လိမ်ကြတယ်၊ ဒီအဖြစ်မှန်ကို လုံးဝ ပေါ်ပေါက်အောင်စုံစမ်းပေးပါလို့ အင်္ဂလိပ်လို ရေးတဲ့ သေတမ်းစာမှာ ပါရှိပါတယ်။ ဒါပေမယ့် စက်ရုံဘက်ကတော့ အဲဒီစာဟာ ဂါလဲ့က အလုပ်ပြောင်းရခြင်းအကြောင်းကို သူကိုယ်တိုင်ရေးခဲ့တဲ့ စာဖြစ်တယ်လို့ ထွက်ဆိုပါတယ်။

ရဲဌာနက နှစ်ဘက် ဆက်ဆံရေးမပြေလည်မှုကို ထိုးကြိတ်ခံရမှု၊ လစာမရမှုလို ပြဿနာတွေမျိုးကတဆင့် ရှာဖွေဖို့ ခက်ခဲတာကြောင့် စိတ်ပိုင်း ဝေဒနာကြောင့် မိမိကိုယ်ကို သတ်သေခြင်းဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။ ဒါပေမယ့် အလုပ်သမားသမဂ္ဂဘက်ကတော့ ဂါလဲ့ကို သေတွင်းထိခေါ်ဆောင်သွားတဲ့ အကြောင်းရင်းကို အတိအကျ သိရတဲ့အထိ စုံစမ်းစစ်ဆေးမယ်လို့ ကြေညာထားပါတယ်။ စက်ရုံ အလုပ်ထွက်တဲ့အထိ ကာလအတွင်း ပြောပြရန်ခက်တဲ့ အခြားကိစ္စတခုခု ရှိလိမ့်မယ်လို့ ယူဆရပါတယ်။

◀ INT ▶
ထာဖား ကွယ်လွန်သူဂါလဲ့မိတ်ဆွေ နီပေါအလုပ်သမား
ဂါလဲ့က ပြောပါတယ်။ လုပ်ဖော်ကိုင်ဘက်တွေက သူ့ကို စကားလည်းမပြောဘူး၊ ထမင်းလဲအတူမစားဘူး၊ ထမင်းဆိုင်မှာလည်း အတူထမင်းစားဖို့ သွားထိုင်ရင် အားလုံး ထသွားကြတယ်၊ မန်နေဂျာနဲ့ သူငယ်ချင်းတွေကလည်း အရင်က ထမင်းအတူစားလေ့ရှိပြီးတော့ အခုတော့ အဲဒီလို မဟုတ်ကြတော့ဘူး၊အားလုံးက သူ့ကို ကြောက်ရွံ့တဲ့ မျက်လုံးတွေနဲ့ ကြည့်ကြတယ်။ သူက ဘာမှလည်း မလုပ်ပဲနဲ့ ဘာလို့ လူတွေက သူ့အပေါ် ဒီလိုဆက်ဆံကြသလဲဆိုတာ မသိဘူးလို့ ပြောပါတယ်။

◀ VCR ▶
ဂျွန်လ၃၀ရက်နေ့မှာ ဂါလဲ့ရဲ့ ညီက ကိုရီးယားကို ၀င်ရောက်လာပြီး အမှုစုံစမ်းရေးမှာ ပူးပေါင်းပါ
ဝင်လိုက်ပါတယ်။

သူဟာ ဈာပနဆောင်တွင်း အကိုဖြစ်သူရဲ့ ဓာတ်ပုံကို မြင်မြင်ချင်း ချုံးပွဲချငိုကြွေးလိုက်ပါတယ်။
◀ INT ▶
ဘင် ရာဂျူးဂါလဲ့ ကွယ်လွန်သူရဲ့ ညီ
အကိုက စက်ရုံမှာ ပင်ပန်းတယ်လို့ ဖုန်းထဲမှာ ပြောဖူးပါတယ်၊ ဒါကြောင့် ကျနော်က တခြားစက်ရုံပြောင်းပါလို့ ပြောခဲ့ပါတယ်။ အကိုက ရှာကြည့်မယ်လို့ပြောပါတယ်။ အကိုက သူမသေမီ တနာရီအလိုမှာ ကျနော့ဆီ ဖုန်းဆက်ခဲ့ပေမယ့် ကျနော်က ဖုန်းသံကို အတုန်အဖြစ်ပြောင်းထားတာမို့ မကိုင်လိုက်မိပါဘူး။ အကိုက ကျနော့်ဆီ ဖုန်း၃ခါတောင်ဆက်ထားတာ တွေ့ရပါတယ်။

◀ VCR ▶
ကျန်ရစ်သူမိသားစုက ရဲဌာနထံ ဂါလဲ့ရဲ့ နီပေါဘာသာဖြင့် ရေးထားတဲ့ သေတမ်းစာကို ပေးဖို့ တောင်းဆိုတာကို ရဲဌာနက မလိုက်လျောပဲ အချိန်ဆွဲနေတာကြောင့် နားမလည်နိုင်ဖြစ်ပြီး မကျေမနပ်ဖြစ်နေကြပါတယ်။ အဲဒီ နီပေါဘာသာ သေတမ်းစာမှာ ဂါလဲ့က သေဆုံးရတဲ့ အကြောင်းရင်းမှန် ပါလိမ့်မယ်လို့ ယူဆနေကြပါတယ်။

◀ INT ▶
အင်မ်ဘို့နမ်း ဆောင်းဆောစက်မှုဇုန် အလုပ်သမားသမဂ္ဂ ရွှေ့ပြောင်းသူအရေးတာဝန်ခံမှူး

ဂါလဲ့သေဆုံးရခြင်းရဲ့ အဖြစ်မှန်ကို အဖြစ်မှန်စုံစမ်းရေးအဖွဲ့ ဖွဲ့စည်းလှုပ်ရှားပေမယ့်လည်း အဖြေမှန်ရှာဖို့ ခက်နေပါတယ်။ဒါပေမယ့် ဒီအမှုကို ကြည့်ခြင်းဖြင့် ကိုရီးယားကို လာရောက်အလုပ်လုပ်ကိုင်သူ ရွှေ့ပြောင်းအလုပ်သမားတွေဟာ ဘယ်လောက်တောင် ပင်ပန်းဆင်းရဲကြတယ်၊ အဲလို ပင်ပန်းဆင်းရဲတဲ့ ဘ၀ကိုပြေ လည်စေဖို့အတွက် အားကိုးရာနေရာကလည်း မရှိဆိုတဲ့ ပြဿနာဟာ ဘယ်လောက်တောင် ဆိုးဝါးနေတယ်ဆိုတာကို လူ့အဖွဲ့အစည်းအကြား ကျယ်ကျယ်ပြန့်ပြန့်အသိပေးဖို့လိုအပ်နေတယ်လို့ ယူဆပါတယ်။

◀ VCR ▶
ဆောင်းဆောစက်မှုဇုန်အတွင်းမှာ စက်ရုံအရေအတွက်၁၅၀၀ကျော်နဲ့ အလုပ်သမား ၄သောင်း၅ထောင်ကျော်ရှိပါတယ်။ အစိုးရက ဒီအမှုကို ဘယ်လိုဖြေရှင်းမလဲဆိုတဲ့ အပေါ် ရွှေ့ပြောင်းအလုပ်သမားတွေကလည်း စိတ်ဝင်စားနေကြပါတယ်။
 
သတင်း စိုးမိုးသူ

댓글 없음:

댓글 쓰기