2011년 5월 25일 수요일

ထပ်မံ အနင်းချေခံလိုက်ရပြန်တဲ့ ကိုရီးယားအိပ်မက်တခု

ကိုရီးယားမှာ နေထိုင်တာ ၉လပဲ ရှိသေးတဲ့ ရွှေ့ပြောင်းသူအိမ်ထောင်သည် ဗီယက်နမ်အမျိုးသမီးတဦး ခင်ပွန်းဖြစ်သူရဲ့ သတ်ဖြတ်ခြင်းကို ခံလိုက်ရကြောင်း သတင်းရရှိပါတယ်။
မေလ၂၄ရက်နေ့ အာရုဏ်၁နာရီ ၁၀မိနစ်၊ ဂယောင်ဘို့ဂ် ချောင်းဒိုဂုန် အခန်းငယ်လေးတခုမှာ ခင်ပွန်းသည်ကိုရီးယားနိုင်ငံသား အင်မ်(အသက်၃၇)က ဇနီးသည် ဗီယက်နမ်သူ ဟိုအန်း(အသက်၂၃)ကို သေစေနိုင်တဲ့ လက်နက်နဲ့ အကြိမ်ကြိမ် ထိုးနှက် သတ်ဖြတ်လိုက်ပါတယ်။

ရဲများက အခင်းဖြစ်ပွားရာ မီတာ၂၀၀အနီးရှိ မြေအောက်ခမ်းတခုတွင်း အတွင်းခံအင်္ကျီဝတ်ဖြင့် လက်နက်ကို ကိုင်ဆောင်ကာ ဆုတောင်းဝတ်ပြုနေတဲ့ အင်မ်ကို ဖမ်းဆီးလိုက်ပြီးနောက် အခင်းဖြစ်ပွားပုံ အသေးစိတ်ကို စုံစမ်းနေပါတယ်။
ရဲအရာရှိအဆိုအရ ခင်ပွန်းသည် အင်မ်ဟာ လင်မယားရန်ဖြစ်စဉ် ဇနီးဖြစ်သူက ကွာရှင်းမယ်လို့ ပြောတဲ့အတွက်ဒေါသထွက်ကာ လက်နက်ဖြင့် ထိုးသတ် သတ်ဖြစ်ခဲ့တာဖြစ်တယ်လို့ ထွက်ဆိုကြောင်းသိရှိရပါတယ်။

သေဆုံးသွားသူ ဟိုအန်းဟာ ၂၀၁၀ခုနှစ် ဧပြီလက ဗီယက်နမ်မှာ အင်မ်နဲ့ လက်ထပ်ကာ သြဂုတ်လ၃ရက်နေ့ က ကိုရီးယားကို ၀င်ရောက် နေထိုင်ခဲ့ပါတယ်။ ဟိုအန်းဟာ အိမ်ထောင်သည်တယောက်အဖြစ် နေထိုင်ရင်း အိမ်ထောင်သည်ရွှေ့ပြောင်းသူများထောက်ပံ့ရေးစင်တာရှိ ကိုရီးယားစကားပြောသင်တန်းကို ကြိုးကြိုးစားစား တက်ရောက်ခဲ့သူလည်းဖြစ်ပါတယ်။

ဟိုအန်းဟာ ရွှေ့ပြောင်း အမျိုးသမီး နားခိုရာအဆောင်မှာ အိမ်ထောင်ရေးပြဿနာကြောင့် ၂၀၁၀ခုနှစ် ၁၀လနဲ့ ၁၁လ ၊၂လတာကြာ ခိုလှုံနေထိုင်ခဲ့ဖူးပါတယ်။

နားခိုဆောင် တာဝန်ရှိသူရဲ့ အဆိုအရ အခြားကိစ္စတခုကြောင့် အိမ်ထောင်ရေးပြဿနာဖြစ်ခဲ့ပေမယ့် ခင်ပွန်းရဲ့ ထိုးကြိတ်မှုစတာတွေတော့ ထိုစဉ်က မရှိခဲ့ကြောင်း၊ ရဲများရဲ့ အကူအညီနဲ့ နားခိုဆောင်မှာ လာရောက် နေထိုင်ခဲ့ပြီးနောက် ခင်ပွန်းသည်နဲ့အတူ ပြန်နေဖို့ ပြန်သွားခဲ့ကြောင်း သိရှိရပါတယ်။

ဟိုအန်းဟာ နားခိုဆောင်က ထွက်လာပြီးနောက် အခန်းငယ်တခုငှားပြီး ခင်ပွန်းဖြစ်သူနဲ့ ခွဲနေခဲ့ကာ ယခုနှစ်မေလမှာ သားငယ်ကို မွေးဖွားခဲ့ပါတယ်။

ကိုရီးယားနိုင်ငံဟာ လူဦးရေကျဆင်းလာခြင်း၊ အိုမင်းမစွမ်းဖြစ်သူများ များပြားလာခြင်းနဲ့ အလုပ်လုပ်နိုင်သူ လျော့ကျခြင်းဆိုတဲ့ အခက်အခဲတွေကို ရင်ဆိုင်နေရပါတယ်။ ဒါကြောင့် အိမ်ထောင်မပြုနိုင်သေးတဲ့ ကိုရီးယားနိုင်ငံသား အမျိုးသားများက ဗီယက်နမ်၊ ကင်ပူးချား၊ ဖိလစ်ပိုင် စတဲ့ အာရှနိုင်ငံသူများနဲ့ လက်ထပ်တဲ့အခါ ကိုရီးယားတွင်း ကောင်းစွာ နေထိုင်နိုင်ဖို့အတွက် ကိုရီးယားစကားပြော၊ ယဉ်ကျေးမှုကို သင်ကြားပေးခြင်းနဲ့ အခြား အမျိုးမျိုးသော အထောက်အပံ့များကို ပြုလုပ်ပေးနေပါတယ်။ ဒါပေမယ့် တဦးအပေါ်တဦး မေတ္တာသက်ဝင်မှုကြောင့် ဖြစ်ပေါ်ခဲ့တဲ့ အိမ်ထောင်များဟာ နည်းပါးတဲ့အတွက်ကြောင့် အိမ်ထောင်ရေးပြဿနာများ ပေါ်ပေါက်ကာ ကွာရှင်းပြတ်စဲမှုတွေကလည်း များပြားလာနေပါတယ်။

လွန်ခဲ့တဲ့နှစ်ကလည်း ဘူဆန်မြို့ရှိ ဗီယက်နမ်သူ ထာ့တီဟူအန်းအို့ဂ်ဟာ စိတ်မနှံ့သူခင်ပွန်းသည်ရဲ့ သတ်ဖြတ်မှုကို ခံလိုက်ရပါတယ်။ အဲဒီ အမှုက ဖြစ်ပြီးတာ ၁၀လပဲ ရှိပါသေးတယ်။ အခုတခါ ထပ်မံဖြစ်ပြန်တဲ့အတွက်ကြောင့် အိမ်ထောင်တခုပြုရာမှ မိမိခင်ပွန်းသည်ရဲ့ အကြောင်းကို စေ့စေ့စုံစုံလေ့လာခြင်း မပြုပဲ ကိုရီးယားကို ရောက်ရင် ဘ၀ဟာ အဆင်ပြေပြီလို့ ယူဆနေသူ အမျိုးသမီးများအနေနဲ့ သတိပြုရန် လိုကြောင်း တင်ပြလိုက်ပါတယ်။
သတင်း- စိုးမိုးသူ

댓글 없음:

댓글 쓰기