2011년 5월 12일 목요일

အီးပီအက်စ် အလုပ်သက်တန်းကုန်ဆုံးမည့်သူအများအပြား အထောက်အထားမဲ့ အလုပ်သမားများအဖြစ် ဆက်လက်နေထိုင်ဖွယ်ရှိ

အီးပီအက်စ်စနစ်ဖြင့် အလုပ်လုပ်ကိုင်သူ ရွှေ့ပြောင်းအလုပ်သမား ၄ဦးတွင် ၁ဦးကျ လုပ်ကိုင်ခွင့်ပြုကာလ သက်တန်းကုန်ဆုံးသွားသော်လည်း မိခင်တိုင်းပြည်သို့မပြန်ပဲ အထောက်အထားမဲ့ အလုပ်သမား အဖြစ် ဆက်လက်ပြီး အလုပ်လုပ်ကိုင်သွားမယ့် အနေအထားမှာ ရှိနေကြောင်း သိရှိရပါတယ်။
  
ဧပြီ ၂၉ရက်၊ အလုပ်သမားဝန်ကြီးဌာန၊ တရားရေးဌာနနှင့် နိုင်ငံခြားသားဆိုင်ရာစနစ်ဗဟိုဌာနရဲ့ အဆိုအရ အီးပီအက်စနစ်ဖြင့် အလုပ်လုပ်ကိုင်နေသူများအနက် လွန်ခဲ့တဲ့နှစ်က သက်တန်းကုန်ဆုံးသူ စုစုပေါင်း ၅၂၄၃ဦးရှိခဲ့ပါတယ်။ အဲဒီအနက် ၃၇၇၅ဦးသာ မိခင်နိုင်ငံသို့ ပြန်သွားခဲ့ပြီး ၁၂၆၀ဦးက အထောက် အထားမဲ့ အလုပ်သမားအဖြစ်ဖြင့် ဆက်လက် အလုပ်လုပ်ကိုင်နေထိုင်နေပါတယ်။
 ယခုနှစ်  ၁လပိုင်းတွင် သက်တန်းပြီးဆုံးသူ ၂၀၈၂ဦးအနက် ၄၉၄ဦး၊ ၂လပိုင်းတွင် ၁၄၄၈ဦး အနက် ၃၃၈ဦး တို့ဟာ မိခင်နိုင်ငံသို့ ထွက်ခွာခြင်း မပြုခဲ့ပါဘူး။

ပြည်တွင်းလုပ်ငန်းများမှာ နိုင်ငံခြားသားအလုပ်သမားများကို တရားဝင် အသုံးပြုနိုင်တဲ့ စနစ်အဖြစ် အီးပီအက်စ် စနစ်ကို လွန်ခဲ့တဲ့ ၂၀၀၄ခုနှစ် ၈လပိုင်းမှ စတင် ကျင့်သုံးခဲ့ပါတယ်။ အဲဒီ စနစ်အရ နိုင်ငံခြား သားအလုပ်သမားဟာ ကိုရီးယားတွင်း ၅နှစ်မှ ၆နှစ်အထိ အလုပ်လုပ်ကိုင်ခွင့်ရှိပြီး မနှစ်က ၇လပိုင်းမှာ သက်တန်းပြည့်သူများ စတင် ထွက်ပေါ်လာပြီး ဖြစ်ပါတယ်။
  
အီးပီအက်စ်စနစ် ကျင့်သုံးကာလ ၇နှစ်ပြည့်တဲ့ ဒီနှစ်ကစပြီး သက်တန်းပြည့်သူတွေ များလာတာနှင့်အမျှ အထောက်အထားမဲ့ နေထိုင်သူတွေကလည်း တိုးပွားလာမည့် အနေအထားဖြစ်နေပါတယ်။ အလုပ်သမား ၀န်ကြီးဌာနက သက်တန်းပြည့်လို့ နိုင်ငံတွင်းက ထွက်ခွာပေးရမယ့် အရေအတွက်ဟာ ဒီနှစ်မှာ ၃၃၈၉၇ဦး၊ နောင်နှစ်မှာ ၆၂၁၇၈ဦး ရှိမယ်လို့ ဆိုပါတယ်။
  
ဒါပေမယ့် အဲဒီ လူတွေအနက် ဘယ်နှစ်ဦးက တိုင်းပြည်တွင်းက ထွက်ခွာသွားလိမ့်မယ်ဆိုတာ မသိနိုင်တဲ့ အနေအထားပါ။ ကိုရီးယားတွင်း ၅နှစ်ကျော် ၆နှစ်နေထိုင်ခဲ့သူတွေဖြစ်တဲ့အလျှောက် နေထိုင်မှု အသား ကျနေပြီးဖြစ်ခြင်း အလုပ်ကျွမ်းကျင်ပြီး ဖြစ်လို့ ငွေစတင်စုဆောင်းနိုင်မယ့် အနေအထားဖြစ်ပြီး တိုင်းပြည်သို့  ပြန်ပါက အလုပ်အကိုင်မရှိခြင်းတို့ကြောင့် ကိုရီးယားတွင်း ဆက်လက်နေထိုင်သွားမယ့်သူ များပြားနိုင်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ကြပါတယ်။

လက်ရှိ အထောက်အထားမဲ့နေထိုင်သူအရေအတွက်ဟာ ဒီနှစ်မှာ ၈၁၀၀ဦး၊ နောင်နှစ်မှာ ၁၅၀၀၀ဦး စသဖြင့် ၂နှစ်အတွင်း ၂သောင်း၃ထောင်ကျော်ဟာ ထပ်မံတိုးပွားလာမယ့် အနေအထားပါ။ ဆမ်ဆောင်း စီး ပွားရေးသုတေသနဌာနက အီးပီအက်စ်စနစ်ရဲ့ လက်ရှိအနေအထားနဲ့ တိုးတက်စေရန် နည်းလမ်းများ လို့ ခေါ်တဲ့ စာတမ်းမှာ တရားမ၀င်နေထိုင်သူများ တိုးပွားလာနေတဲ့ အကြောင်းအရာများကို ခြုံငုံ ကြည့်ခြင်းဖြင့် အထောက်အထားမဲ့နေထိုင်သူဟာ နောင်နှစ်အထိ ၄၅၀၀၀ကျော် ဖြစ်လာနိုင်ချေ ရှိကြောင်းခန့်မှန်းထားပါတယ်။
  
အထောက်အထားမဲ့နေထိုင်သူများ တိုးပွားလာရင် ဥပဒေအရ၊ စီမံခန့်ခွဲမှုအရ စာရင်းမပါ မတည်ရှိသောသူ များအဖြစ်သာမက သူတို့အပေါ် မတရားခေါင်းပုံဖြတ်မည့် အလုပ်ရှင် ဆိုးများကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှုများဖြစ်ပွားက လူမှုအသိုင်းအ၀န်းအတွင်းပြဿနာများလည်း တိုးပွားလာမည်ဖြစ်ပါတယ်။
  
တရားရေးဌာနနှင့် နိုင်ငံခြားသားစနစ်ဗဟိုဌာနရဲ့ ထုတ်ပြန်ချက် စစ်တမ်းအရ ဒီနှစ် ၁လပိုင်း အထိ အထောက်အထားမဲ့ အလုပ်လုပ်ကိုင်နေထိုင်သူ စုစုပေါင်း ၁သိန်း၆သောင်း၉ထောင်၈ရာ၎ဆယ့်၅ဦးရှိပြီး ၂လပိုင်းမှာ ၁သိန်း၇သောင်း၂ရာ၈ဆယ့်၎ဦး ထိတိုးပွားလာပါတယ်။
 
အထောက်အထားမဲ့နေထိုင်သူဦးရေဟာ ၂၀၀၂ခုနှစ်တုန်းက ၃သိန်းအထိရှိခဲ့ပြီးနောက် ၂သိန်းအထိ လျော့ ကျခဲ့ပါတယ်။ ၂၀၀၈ခုနှစ်မှ စပြီး အစိုးရက ကျင့်သုံးတဲ့ ၅နှစ်စီမံချက်အရ တဖြည်းဖြည်း လျော့နည်းလာခဲ့ ပါတယ်။ ၂၀၀၈ခုနှစ် ၁လပိုင်းမှာ ၂သိန်း၂သောင်း၎ထောင်ကျော်ရှိခဲ့ရာမှ မနှစ်က နှစ်ကုန်အထိ ၁သိန်း၆သောင်း၈ထောင်ကျော် ၄ပုံ၁ပုံ လျော့သွားခဲ့ပါတယ်။
  ဒီနေရာမှာ တရုတ်နဲ့ ရုရှားမှာ ရှိတဲ့ ကိုရီးယားနွယ်ဝင်တွေအတွက်သာ ကျင့်သုံးတဲ့ အလည်အပတ် အလုပ်လုပ်ကိုင်ခွင့်စနစ်ရဲ့ သက်တန်းပြီးဆုံးတဲ့ ကိစ္စကိုပါထည့်သွင်းမယ်ဆိုရင် ပိုပြီး ဆိုးဝါးလာမှာကို တွေ့ရမှာဖြစ်ပါတယ်။
 
၂၀၀၇ခုနှစ် ၃လပိုင်းမှ စတင်ကျင့်သုံးခဲ့တဲ့ အလည်အပတ်အလုပ်လုပ်ခွင့်စနစ်ဟာလည်း နောင်နှစ်မှာ ၅နှစ် ပြည့်မှာဖြစ်လို့ နောင်နှစ်က စပြီး အဲဒီစနစ်နဲ့ ၀င်လာတဲ့ တရုတ်လူမျိုးတွေဟာလည်း မိခင်တိုင်းပြည် သို့ ထွက်ခွာပေးရမှာဖြစ်ပါတယ်။
  
အလည်အပတ်အလုပ်လုပ်ကိုင်ခွင့်စနစ်အောက် တရုတ်လူမျိုး ကိုရီးယားနွယ်ဝင်များ အရေအတွက်ဟာ စုစုပေါင်း ၂သိန်း၉သောင်းရှိပြီး အီးပီအက်စ်စနစ်အောက် အလုပ်လုပ်ကိုင်နေထိုင်သူ နိုင်ငံခြားသားအလုပ် သမားအရေအတွက် ၁သိန်း၉သောင်းထက် အဆမတန်များပြားလှပါတယ်။
သတင်း-ယွန်ဟပ်
ဘာသာပြန် - စိုးမိုးသူ

(စကားချပ်၊
ဗီစာမရှိ အလုပ်လုပ်ကိုင်သူ နိုင်ငံခြားသား အလုပ်သမားများကို ကိုရီးယားအစိုးရက တရားမ၀င် အလုပ်သ မား၊ ဥပဒေချိုးဖောက်အလုပ်သမား စသဖြင့် ခေါ်ဝေါ်နေကြပါတယ်။
ဒါပေမယ့် သူတို့ဟာ  မိမိဘ၀၊ မိမိမိသားစုအတွက် ရိုးသားစွာ သမာအာဇီဝအလုပ်လုပ်ကိုင်နေခြင်း၊ ကိုရီးယားတွင်း အမှန်တကယ် လိုအပ်နေပြီး ညစ်ပတ်သော၊ ပင်ပန်းသော၊ အန္တရာယ်များသော စတဲ့ ကိုရီးယားနိုင်ငံသား မည်သူမှ မလုပ်တဲ့ အလုပ်တွေကို လုပ်ကိုင်နေခြင်း၊
ထိုသို့လုပ်ကိုင်ပေးခြင်းဖြင့် ကိုရီးယားနိုင်ငံ စီးပွားရေး တိုးတက်လာရခြင်း၊ မိမိတိုင်းပြည်ရဲ့ နိုင်ငံရေးယိုယွင်းမှု၊ ခေတ်သစ်အရင်းရှင်စနစ်ရဲ့ ခေါင်းပုံဖြတ် အနိုင်ကျင့်တဲ့ စနစ်ဆိုးကြောင့် တိုင်းတပါး ကိုသွားရောက်ပြီး ပင်ပန်းဆင်းရဲစွာ အလုပ်လုပ်ကိုင်ဖြစ်ရတဲ့ အချက်တွေကို ထောက်ရှုခြင်း အားဖြင့်  ရွှေ့ပြောင်းအလုပ်သမားရဲ့ အပြစ်မဟုတ် သဖြင့် သူတို့အား လေးစား အသိအမှတ်ပြုတဲ့အနေနဲ့ ကုလသမဂ္ဂမှ သတ်မှတ် ခေါ်ဝေါ်တဲ့ ရွှေ့ပြောင်း အလုပ်သမားဟုလည်းကောင်း၊ အထောက်အထားမဲ့ အလုပ်သမားများ(미등록 노동자)လို့ ခေါ်ဆိုလိုက် ဘာသာပြန်လိုက်ပါတယ်။)

댓글 없음:

댓글 쓰기