2011년 5월 1일 일요일

ရွှေ့ပြောင်းအလုပ်သမားတွေလည်း အလုပ်သမားဖြစ်တယ်(၁၂၁နှစ်ပြည့် အလုပ်သမားနေ့ဆန္ဒပြပွဲကျင်းပပြီးစီး)


မေလ၁ရက်နေ့မှာ ကျရောက်တဲ့ ၁၂၁နှစ်ပြည့် ကမ္ဘာ့အလုပ်သမားနေ့ အထိမ်းအမှတ်အဖြစ် ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေးတောင်းဆို ဆန္ဒပြပွဲအား ဆိုးလ်မြို့လယ် ဘိုရှင်ဂါ့လွင်ပြင်တွင် ကျင်းပခဲ့ပါတယ်။
နေ့လယ် ၁နာရီမှာ စတင်ခဲ့တဲ့ ဆန္ဒပြပွဲကို ကိုရီးယားရောက်ရွှေ့ပြောင်းအလုပ်သမား သမဂ္ဂ၊ ကိုရီးယား အလုပ်သမား သမဂ္ဂ၊ ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ ကိုရီးယားလူမှုအဖွဲ့အစည်းများ၊ အပြည်ပြည် ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့နဲ့ ကျောင်းသား အဖွဲ့အစည်းများ စုစုပေါင်း အင်အား ၅၀၀ကျော် တက် ရောက်ခဲ့ကြပါတယ်။

ဆန္ဒပြပွဲဖွင့်ပွဲကို ကိုရီးယားနိုင်ငံ ဒီမိုကရက်တစ်အလုပ်သမား သမဂ္ဂခေါင်းဆောင်မှ အဖွင့်အမှာ စကားပြောကြားပြီး ရွှေ့ပြောင်းအလုပ်သမား သမဂ္ဂခေါင်းဆောင်နှင့် ရွှေ့ပြောင်းအလုပ်သမားများ အသီးသီးမှ တက်ရောက်ကာ မိမိတို့ရဲ့ ကိုရီးယား နိုင်ငံတွင်း တွေ့ကြုံခံစားနေကြရသော အလုပ်သမား အခွင့်အရေး၊ လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုများကို တင်ပြကြပြီး ဖိနှိပ်မှုများ ချက်ချင်း ရပ်ဆိုင်းရန် တောင်းဆိုခဲ့ကြပါတယ်။ ၁နာရီကြာ ဆန္ဒပြပွဲကို ကျင်းပပြီးနောက် ဆိုးလ် မြို့တော်ခမ်းမရှေ့ မြက်ခင်းပြင်မှာ ကျင်းပမယ့်နိုင်ငံလုံးဆိုင်ရာ ကိုရီးယားအလုပ်သမားများဆန္ဒပြပွဲသို့ ချီတက် ပူးပေါင်းခဲ့ကြပါတယ်။

ကိုရီးယားနိုင်ငံတွင်းနေထိုင်သူ ရွှေ့ပြောင်းသူဦးရေ ၁၂သန်းရှိသည့်အနက် ၇သိန်းဟာ ရွှေ့ပြောင်းအလုပ် သမားများ ဖြစ်ကြပါတယ်။ ကိုရီးယားတွင်း ရွှေ့ပြောင်းအလုပ်သမားများ ၀င်ရောက်နေထိုင် အလုပ်လုပ်ကိုင် သည့်နှစ်မှာ အနှစ်၂၀ကျော် ကြာခဲ့ပြီဆိုပေမယ့် အလုပ်သမားအခွင့်အရေး၊ လူ့အခွင့်အရေးချိုးဖောက်ခံနေ ရမှုများကလည်း ယနေ့ထိတိုင် ပြောင်းလဲသွားခြင်း မရှိသေးပါဘူး။

လုပ်ငန်းခွင်တွင်း၊ ပြင် လူသားချင်းခွဲခြားဆက်ဆံခံနေရမှုများ၊ အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံနေ ရမှုများက ဆက်တိုက် ဖြစ်ပွားနေသလို ကိုရီးယားအစိုးရကလည်း ဥပဒေဖြင့် ရွှေ့ပြောင်းအလုပ်သမားတို့ရဲ့ အခွင့်အရေးများကို ကန့်သတ်ခြင်းနှင့် ခွဲခြား ခြင်းတို့ကို ပြုလုပ်လျှက်ရှိနေပါတယ်။

လူဝင်မှုကြီးကြပ်ရေးဌာန၀န်ထမ်းတွေက အထောက်အထားမဲ့ရွှေ့ပြောင်းအလုပ်သမားများအား အတင်း အကြပ် ဖမ်းဆီး ပြန်ပို့ခြင်းများကို ပြင်းထန်စွာ ပြုလုပ်နေတာကြောင့် ဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုများအပေါ် နိုင်ငံတော် လူ့အခွင့်အရေးဌာနကတောင် ကန့်ကွက်နေရတဲ့ အခြေအနေမှာ ရှိနေပါတယ်။
ရွှေ့ပြောင်းအလုပ်သမားများကိုယ်တိုင် ဖွဲ့စည်းတည်ထောင်ထားတဲ့ ရွှေ့ပြောင်းအလုပ်သမား သမဂ္ဂ မှာလည်း အစိုးရရဲ့ နည်းမျိုးစုံ ဖိနှိပ်မှုအောက်မှာ ရှိနေပြီး မကြာမီကလည်း ရွှေ့ပြောင်းအလုပ်သမား သမဂ္ဂခေါင်းဆောင်အား နိုင်ငံတွင်းမှ ချက်ချင်း ထွက်ခွာမိန့်ကို ထုတ်ပြန်ခဲ့ပါတယ်။

တကမ္ဘာလုံးရှိ အလုပ်သမားအားလုံးဟာ တမျိုးတည်းဖြစ်တယ်ဆိုတဲ့ ခံယူချက်ကို ခေါင်းစည်းတင် ဖော်ထုတ်ဆန္ဒပြသနေတဲ့ ကိုရီးယားရောက်ရွှေ့ပြောင်းအလုပ်သမားများရဲ့ လှုပ်ရှားမှုကို ကိုရီးယား လူမှုအဖွဲ့အစည်းများတင်မက ကိုရီးယားရောက် ရွှေ့ပြောင်းအလုပ်သမားများအနေနဲ့လည်း အာရုံစိုက် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်နေသေးကြောင်း တင်ပြလိုက်ရပါတယ်။

သတင်းထောက် စိုးမိုးသူ

댓글 없음:

댓글 쓰기