သမဂ္ဂခေါင်းဆောင်မီရှဲလ် |
တရားရေးဝန်ကြီးဌာနပိုင် ဆိုးလ်လူဝင်မှုကြီးကြပ်ရေးဌာနသည် ရွှေ့ပြောင်းအလုပ်သမား သမဂ္ဂ ခေါင်းဆောင် ဖိလစ်ပိုင်နိုင်ငံသား မီရှဲလ် ခါထူးအီလား(၃၉နှစ်)အား ဆက်လက်နေထိုင်ခွင့်ဗီစာ တိုးပေးခြင်းအား ငြင်းဆိုလိုက်ကြောင်း သိရှိရပါတယ်။
သမဂ္ဂခေါင်းဆောင်မီရှယ်ဟာ လွန်ခဲ့တဲ့ ဖေဖော်ဝါရီလ ၂ရက်နေ့က လူဝင်မှုကြီးကြပ်ရေးဌာနရဲ့ ၎င်းရဲ့ နေထိုင်ခွင့်အား ရုပ်သိမ်းခြင်းနှင့် နိုင်ငံမှ ထွက်ခွာသွားရန် အမိန့်ချမှတ်ခြင်း အပေါ် တရားစွဲဆိုခဲ့ရာ အနိုင်ရရှိခဲ့သော်လည်း ထပ်မံပြီး မတရားပြန်ပို့ခံရမည့် အခြေအနေကို ရင်ဆိုင်နေရခြင်းဖြစ်ပါတယ်။
ဆိုးလ်လူဝင်မှုကြီးကြပ်ရေးဌာန ရဲ့ မီရှဲလ်အား နေထိုင် ခွင့်သက်တမ်း တိုးပေးခြင်းအား ငြင်းဆိုတဲ့ ထုတ်ပြန်စာကို လွန်ခဲ့တဲ့ မတ်လ၁၇ရက်နေ့က လက်ခံရရှိခဲ့ကြောင်း ဆိုးလ်၊ ဂယောင်ဂီ၊ အင်ချွန်း ရွှေ့ပြောင်းအလုပ်သမားသမဂ္ဂမှ ဆိုပါတယ်။
အလုပ်သမားအသုံးပြုခွင့်စနစ်(အီးပီအက်စ်)ဖြင့် ကိုရီးယားသို့ ၀င်ရောက်လာခဲ့တဲ့ သမဂ္ဂခေါင်းဆောင် မီရှဲလ်ဟာ အရင် အလုပ်ကုမ္ပဏီနှင့် ချုပ်ဆိုခဲ့တဲ့ စာချုပ်က မတ်လ၇ရက်နေ့မှာ ဗီစာသက်တမ်း ကုန်ဆုံးခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ အလုပ်ကုမ္ပဏီအနေနဲ့ နိုင်ငံခြားသားအလုပ်သမားအသုံးပြုခွင့်အား ရုတ်သိမ်းခံလိုက်ရသည့်အတွက် ဂျန်န၀ါရီလ၃ရက်နေ့က သူဟာ အခြား အလုပ်သစ်ကို လျှောက်ထား ဆဲလည်းဖြစ်ပါတယ်။ အလုပ်သစ်လျှောက်ထားခွင့်ကာလ ၃လပြည့်မည့် ဧပြီလ၃ရက်နေ့အထိ နေထိုင်ခွင့် ဗီစာကို တိုးပေးဖို့ တောင်းဆိုခဲ့ရာ မှ အခုလို ငြင်းဆိုခံရခြင်း ဖြစ်ပါတယ်။
သူဟာ လူဝင်မှုဥပဒေကိုချိုးဖောက်ခဲ့ဖူးတာကြောင့် မတ်လ၃၁ရက်နေ့မှာ နိုင်ငံမှ ထွက်ခွာပေးဖို့ လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်တယ်လို့ သမဂ္ဂက ပြောပါတယ်။ လူဝင်မှုကြီးကြပ်ရေးဌာနဟာ ယခုကိစ္စမတိုင်မီ လွန်ခဲ့တဲ့ လ ၁၅ရက်နေ့ကလည်း မီရှဲလ်ဟာ အလုပ်လုပ်နေတယ်ဆိုတဲ့ စက်ရုံမှာ တကယ်မရှိဘူးလို့ ဆိုပြီး သူ့ရဲ့ နေထိုင်ခွင့်ကို ရုတ်သိမ်းပြီး မတ်လ၇ရက်နေ့မှာ ထွက်ခွာပေးဖို့ အမိန့်ထုတ်ခဲ့ပါတယ်။
ဒါပေမယ့် မီရှဲလ်က သူဟာ စာချုပ်အတုဖြင့် အလုပ်လုပ်ကိုင်ခဲ့ခြင်းမရှိကြောင်း ငြင်းဆိုလိုက်ပြီး ဆိုးလ်မြို့နယ် တရားရုံးသို့ တရားဆွဲဆိုခဲ့ပါတယ်။ တရားရုံးက တရားဆွဲဆိုချက်ကို လက်ခံကာ မီရှဲလ်ကို တရားခွင် ဆုံးဖြတ်ချက်ထွက်တဲ့ ကာလအထိ ကိုရီးယားနိုင်ငံတွင်း ဆက်လက် နေထိုင်ခွင့်ပေးရန် ဆုံးဖြတ်ခဲ့ပြီး လာမယ့် မတ်လ၂၈ရက်နေ့မှာ ပထမအဆင့် တရားခွင်ကြားနာခြင်းကို ပြုလုပ်မှာဖြစ်ပါတယ်။
တရားရေးဌာန အရာရှိက တရားခွင်ဆုံးဖြတ်ချက်ဟာ ကြားကာလတခုအတွက်သာဖြစ်ပြီး တရားခွင်အမိန့်မထွက်မီ ကာလအတွင်း မီရှဲလ်ဟာ နိုင်ငံခြားသားအလုပ်သမားတယောက်လို့ သတ်မှတ်ဖို့ ခက်ခဲတာကြောင့် အခုလို နေထိုင်ခွင့်ဗီစာတိုးမြင့်ပေးခြင်းကို ခွင့်မပြုနိုင်တာဖြစ်ကြောင်း ပြောဆိုပါတယ်။
သမဂ္ဂဘက်မှ တရားခွင်ဆုံးဖြတ်ချက်အရ တရားရုံးအမိန့်ထုတ်ပြန်တဲ့အထိ မီရှဲလ်အနေနဲ့ နေထိုင်ခွင့်ရရှိရမှာဖြစ်ပြီး လုပ်ထုံးလုပ်နည်းအရ နေထိုင်ခွင့်တိုးမြင့်ပေးရမှာဖြစ်ကြောင်း၊ လူဝင်မှုဌာနဟာ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ငြင်းဆိုပြီး သမဂ္ဂကို အဆုံးအထိ တိုက်ခိုက်ဖို့ လုပ်တာလို့ မြင်ကြောင်း ထုတ်ပြန်ပါတယ်။ဆက်လက်ပြီး သမဂ္ဂအနေဖြင့် မီရှဲလ်အပေါ် အခုလိုငြင်းဆိုခြင်းအား ထပ်မံတရားဆွဲရန် စီစဉ်နေကြောင်းလည်း ထုတ်ပြန်ခဲ့ပါတယ်။
ဖိလစ်ပိုင်နိုင်ငံသား မီရှဲလ်ဟာ လွန်ခဲ့တဲ့ ၂၀၀၆ခုနှစ်မှာ အီးပီအက်စ်အလုပ်သမားအနေဖြင့် ၀င်ရောက်ပြီး တရားဝင် အလုပ်လုပ်ကိုင်ခဲ့ကာ၂၀၀၉ခုနှစ် ဂျူလိုင်မှာ ရွှေ့ပြောင်းအလုပ်သမားသမဂ္ဂဥက္ကဌအဖြစ် ၂နှစ်ကြာ တာဝန်ယူဆောင်ရွက် နေခြင်း ဖြစ်ပါတယ်။ အီးပီအက်စ်စနစ်အရ သူဟာ ၂၀၁၂ခုနှစ် ဖေဖော်
ဝါရီလအထိ ကိုရီးယားနိုင်ငံအတွင်း နေထိုင် ခွင့်ရှိကြောင်း သိရှိရပါတယ်။
MWTVသတင်းထောက်-စိုးမိုးသူ
댓글 없음:
댓글 쓰기