2012년 6월 11일 월요일

သွေးကို သွေးနဲ့ ဆေးလို့ မရ၊ လူသတ်ဝါဒ ဆန့်ကျင်ကြ

Monday, June 11, 2012



သွေးကို သွေးနဲ့ ဆေးလို့ မရ၊ လူသတ်ဝါဒ ဆန့်ကျင်ကြ
(“ရွှေသမင် ဘယ်က ထွက်၊ သိန်းစိန်တာက ထွက်” ဆောင်းပါးရဲ့ အဆက်)
ဇော်ဝင်း (၈၈ ကျောင်းသားဟောင်း)

စစ်အစိုးရ၊ ကြံ့ဖွတ်အစိုးရဟာ လူမျိုးရေး အဓိကရုဏ်းတွေကို လှုံ့ဆော်ပေးနေတယ်။ သတင်းစာထဲမှာ “မွတ်ဆလင်ကုလားများက ရခိုင်အမျိုးသမီးအား ရည်ရွယ်ချက်ရှိရှိဖြင့် ရက်စက်ယုတ်မာ” ဆိုတဲ့ လူမျိုးရေး သွေးထိုးလှုံ့ဆော်တဲ့ စာသားကို ပြောင် ထည့်ရေးခဲ့တယ်။ သတိထား စဉ်းစားကြည့်ပါ။ သေသေချာချာ ဖတ်ကြည့်ပါ။ ဒီစကားဟာ ဘာရည်ရွယ်ချက်နဲ့ ရေးသလဲဆိုတာကို။ မတော်တဆ မှားပြီး ရေးတာ မဟုတ်ပါဘူး။ သတင်းစာတွေမှာရော၊ ရုပ်မြင်သံကြားတွေမှာရော ဒီအတိုင်း အားလုံးကြေညာ ရေးသားသွားတာပါ။ တခုတည်းမှာ ရေးရင်၊ ပြောရင် တယောက်ယောက်က မှားပြီး မတော်တဆ ရေးတယ်၊ ကြေညာတယ်လို့ ယူဆလို့ ရပါတယ်။ အားလုံးမှာ တခုတည်းသော၊ တထပ်တည်းသော စာသားနဲ့ ကြေညာသွားတယ်ဆိုတာကို ကြည့်ရင် အထက်လူကြီးဆီကနေ ဒီအတိုင်း ၏၊ သည် မရွေး ဖတ်ရမယ်၊ ရေးရမယ်ဆိုတဲ့ အမိန့်နဲ့လာတဲ့ သတင်းဖြစ်ကြောင်း ထင်ရှားပါတယ်။ သတင်းစာ၊ ရုပ်မြင်သံကြားဌာနတွေနဲ့ နီးစပ်သူတွေ ကောင်းကောင်းသိပါတယ်။ မနီးစပ်သူတွေလည်း ဆက်စပ် စဉ်းစားလို့ ရပါတယ်။

လူတွေက ဆန္ဒပြကြ၊ ဆူကြတော့မှ အမှားပြင်ဆင်ချက် ပြန်ထည့်ပါတယ်။ အမှားပြင်ဆင်ချက် ထည့်တာကလည်း ကုလားဆိုတဲ့ အသုံးကို ပြည်တွင်းနေ အစ္စလာမ်ဘာသာ ကိုးကွယ်သူဆိုပြီး ပြင်ပေးတာပါ။ တကယ်တမ်း စကားလုံးထက် အရေးပါတဲ့ အနှစ်သာရဖြစ်တဲ့ သွေးထိုးလှုံ့ဆော်တဲ့ အရေးအသားနဲ့ ပတ်သက်ပြီး ဘာမှ ပြင်ဆင်မပေးပါဘူး။ ဒါတွေ အားလုံးဟာ ကစားနေတာပါ။ ဟိုဘက်လှည့် မြှောက်ပေး၊ ဒီဘက်လှည့် မြှောက်ပေးလုပ်နေတာပါ။ တင်းလိုက် လျှော့လိုက်၊ ခြောက်လိုက် ချော့လိုက် လုပ်နေတာပါ။

“သမ္မတရုံးရဲ့ ညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးဇော်ဌေးဟာ ဖေ့စ်ဘုတ် (ဖဘ) မှာ မှူးဇော် ဆိုတဲ့ နာမည်နဲ့ အဓိကရုဏ်းတွေ ကြီးထွားလာအောင် မြှောက်ပေးနေပါတယ်။ ဖဘမှာရှိတဲ့ မွတ်ဆလင်ဆန့်ကျင်ရေး သွေးထိုးလှုံ့ဆော်မှုတွေကို ကြည့်လိုက်တိုင်းမှာ အရင်းအမြစ်ဟာ မှူးဇော်ဆီက လာတာက အများစုလိုလို ဖြစ်နေတာတွေ့ရပါတယ်။ သမ္မတရုံးရဲ့ ညွှန်ကြားရေးမှူး ဆိုတာဟာ ဒါမျိုးကို အထက်ညွှန်ကြားချက်မပါဘဲ ရေးလို့မရပါဘူး။ ဒါတွေဟာ အထက်ညွှန်ကြားချက်နဲ့ လုပ်နေတာပါ။ ပိုပြီး တိတိကျကျ ပြောရရင် သမ္မတဦးသိန်းစိန်ရဲ့ ညွှန်ကြားချက် ဒါမှမဟုတ် စစ်အာဏာရှင်ခေါင်းဆောင် ဦးသန်းရွှေရဲ့ ညွှန်ကြားချက် ဒါမှမဟုတ် ကာ/လုံအဖွဲ့ရဲ့ ညွှန်ကြားချက်နဲ့ လုပ်နေတာပါ။ သူ့ဖဘကို သွားကြည့်ကြပါ။”


စောစောက စာသားကို စဉ်းစားကြည့်ပါ။ မွတ်ဆလင်ကုလားများက ရခိုင်အမျိုးသမီးအား ရည်ရွယ်ချက်ရှိရှိဖြင့် ရက်စက်ယုတ်မာဆိုတဲ့ စကားကို တွေ့ရမြင်ရတော့ ဘယ်လိုခံစားကြရမလဲဆိုတာ။ ရခိုင်၊ မြန်မာ တိုင်းရင်းသားလူမျိုးပေါင်းစုံရဲ့ စိတ်ထဲမှာ မခံချင်စိတ်၊ နာကျည်းခံပြင်းစိတ်၊ ဒေါသစိတ်ဖြစ်ကြရမှာပါ။ ဒီလိုဖြစ်အောင် တမင်ဆွပေးတာပါ။ (ကျနော် မြန်မာလူမျိုးစစ်စစ်ပါ၊ ဘာသွေးမှ တစက်မှ မရောပါ) မိန်းကလေးတယောက်ကို ရက်ရက်စက်စက် ယုတ်ယုတ်မာမာ သတ်ဖြတ်တာမျိုးကို ဘယ်သူမှ မကြိုက်ပါဘူး။ လူမဆန်တဲ့ သိပ်မိုက်ရိုင်းတဲ့ လူသတ်မှုကြီးတခုကို ယဉ်ကျေးတဲ့လူ ဘယ်သူမဆို လက်မခံတာ သဘာဝကျပါတယ်။ ဒါပေမယ့် အစ္စလာမ်ဘာသာဝင်တွေဘက်ကရော ဘယ်လိုခံစားရမလဲ။ စဉ်းစားကြည့်ပါ။ မွတ်ဆလင်တွေ၊ ကုလားတွေဟာ ရည်ရွယ်ချက်ချက်ရှိရှိနဲ့ ရက်စက်ယုတ်မာတယ်လို့ သတင်းစာပါ စာသားက စွပ်စွဲထားတာ အထင်အရှားပါ။ ဝါးလုံးရှည်နဲ့ သိမ်းကျုံးပြီး မွတ်ဆလင်အားလုံး လူယုတ်မာ၊ မွတ်ဆလင်အားလုံး မုဒိမ်းကောင်ဖြစ်အောင် ပြောတာကို ဘယ်သူမှ ခံချင်ကြမှာ မဟုတ်ပါဘူး။ ဒီစာသားတွေဟာ လူမျိုးရေး အဓိကရုဏ်းတွေကို လှုံ့ဆော်ပေးတဲ့ စာသားတွေပါ။ ဒီစာသားတွေကို အစိုးရက ရေးတာဟာ လူမျိုးရေး သွေးထိုးလှုံ့ဆော်တာပါလို့ ပြီးခဲ့တဲ့ ဆောင်းပါးမှာ ကျနော်က ထောက်ပြတော့ တချို့ ရခိုင်အမျိုးသားတွေကပါ မကျေမနပ်ဖြစ်ပြီး ဆဲကြတာကို တွေ့ရပါတယ်။ ခေါင်းအေးအေးထားပြီး စဉ်းစားကြပါ။ အစိုးရက ဒီစာသားတွေ ရေးတာဟာ အစိုးရက ရခိုင်ဘက်က နာလို့ ရေးတာမဟုတ်ပါဘူး။ ရခိုင်တွေနဲ့ မွတ်ဆလင်တွေကို ရန်တိုက်ပေးနေတာပါ။ ရခိုင်တွေရော၊ မွတ်ဆလင်တွေပါ သွေးချောင်းစီးအောင် လုပ်နေတာပါ။ စစ်အာဏာရှင်စနစ်ကို ပိုမိုကြံ့ခိုင်အောင် အင်္ဂတေနဲ့ မွမ်းမံရာမှာ အဲဒီအင်္ဂတေကို ရခိုင်၊ မွတ်ဆလင်တွေရဲ့ သွေးနဲ့ ဖျော်ဖို့ ကြံစည်နေတာပါ။ ရခိုင်တွေ သွေးချောင်းစီးအောင်ရေးတဲ့ စာသားကို ရခိုင်ဘက်ကနေ ရေးတယ်လို့ ထင်ရင်တော့ အမှားကြီးမှားပါလိမ့်မယ်။

မသီတာထွေးကို မုဒိန်းကျင့် သတ်ဖြတ်တဲ့ လူတွေဟာ လူသတ်သမားတွေ၊ လူယုတ်မာတွေပဲ။ ဒီလူတွေကို ထိထိရောက်ရောက် အရေးယူ အပြစ်ပေးရမှာပဲ။ ရိုးမသစ္စာ ကားပေါ်က လူတွေကို သတ်တဲ့ လူတွေဟာလည်း လူသတ်သမားတွေ၊ အစွန်းရောက်တွေပဲ။ အဲဒီလူတွေကိုလည်း ဖော်ထုတ် အရေးယူရမှာပဲ။ အဲဒီ့ထက် အဆတသိန်း ယုတ်မာတဲ့ လူတွေကတော့ အစိုးရသတင်းစာ၊ အစိုးရရုပ်မြင်သံကြားနဲ့ အများသုံး အင်တာနက်ကနေ လူတွေ သတ်အောင်၊ ဖြတ်အောင် သွေးထိုးလှုံ့ဆော်ပေးနေတဲ့သူတွေပဲ။ ဒီသွေးထိုးလှုံ့ဆော်သူတွေဟာ တယောက်တလေမှ ကိုယ်ထိလက်ရောက် သတ်ချင်မှ သတ်ဖူးမယ်။ ဒါပေမယ့် အခုသတ်ဖြတ် သေကြေမှုတွေအားလုံး သူတို့ လက်ချက်ကြောင့်၊ သူတို့ ပယောဂကြောင့်လို့ ဆိုလို့ရတယ်။

အရင်တုန်းကလည်း ကျနော်တို့ နိုင်ငံမှာ နိုင်ငံရေး လှုပ်လှုပ်ရှားရှားရှိတိုင်း ကုလား-ဗမာအဓိကရုဏ်း ဖန်တီးပြီး အာရုံပြောင်းတတ်တာ လုပ်ရိုးလုပ်စဉ် အစဉ်အလာပါ။ ၈၈ အရေးအခင်ကြီးတုန်းကလည်း ခေါင်းဖြတ်သတ်တဲ့ လူသတ်မှုတွေ ပေါ်ပေါက်လာအောင် ဗိုလ်ချုပ်ခင်ညွန့်ရဲ့ စစ်ထောက်လှမ်းရေးကပဲ နောက်ကွယ်ကနေ ဖန်တီးခဲ့တာပါ။ အဲဒီဖန်တီးမှုတွေမှာ ထောက်လှမ်းရေးနဲ့ သတင်းပေးတွေကနေ နောက်ကွယ်ကနေ ဒလျှိုဒလန်အဖြစ် ပါဝင်ပြီး သွေးထိုးလှုံ့ဆော်ကြ၊ ကောလဟလ ဖြန့်ချိကြတဲ့ နည်းတွေနဲ့ လုပ်တာပါ။ မသိမသာ စပေး၊ လုပ်ပေးပြီး တကယ်တန်း အဓိကရုဏ်းတွေ ကြီးထွားလာတဲ့အခါ ဒလျှိုဒလန်တွေက ကိုယ်ယောင်ဖျောက် ရှောင်ထွက်သွားတတ်ကြပါတယ်။ ဒီတော့ အဲသလို သွေးထိုးလှုံ့ဆော်မှုတွေ လုပ်တဲ့အခါ လက်ဆုပ်လက်ကိုင် ပြစရာ သက်သေရှာရ ခက်တတ်ပါတယ်။ ဘယ်သတင်းထောက်မှလည်း ဒါမျိုးသတင်းတွေနောက်ကို လိုက်ပြီး မစုံစမ်းရဲကြပါဘူး။

ဒါပေမယ့် အခုကိစ္စမှာတော့ သူတို့ဘက်က သိပ်ရဲတင်းပြီး သိပ်ပြောင်ကျကျ လုပ်လာတဲ့အတွက် လက်သည်ကို ကျနော်တို့ လက်ပူးလက်ကြပ် ထုတ်ပြလို့ ရလာပါပြီ။ ပြီးခဲ့တဲ့ ဆောင်းပါးမှာ ဖော်ပြခဲ့သလိုပဲ သမ္မတရုံးရဲ့ ညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးဇော်ဌေးဟာ ဖေ့စ်ဘုတ် (ဖဘ) မှာ မှူးဇော် ဆိုတဲ့ နာမည်နဲ့ အဓိကရုဏ်းတွေ ကြီးထွားလာအောင် မြှောက်ပေးနေပါတယ်။ ဖဘမှာရှိတဲ့ မွတ်ဆလင်ဆန့်ကျင်ရေး သွေးထိုးလှုံ့ဆော်မှုတွေကို ကြည့်လိုက်တိုင်းမှာ အရင်းအမြစ်ဟာ မှူးဇော်ဆီက လာတာက အများစုလိုလို ဖြစ်နေတာတွေ့ရပါတယ်။ သမ္မတရုံးရဲ့ ညွှန်ကြားရေးမှူး ဆိုတာဟာ ဒါမျိုးကို အထက်ညွှန်ကြားချက်မပါဘဲ ရေးလို့မရပါဘူး။ ဒါတွေဟာ အထက်ညွှန်ကြားချက်နဲ့ လုပ်နေတာပါ။ ပိုပြီး တိတိကျကျ ပြောရရင် သမ္မတဦးသိန်းစိန်ရဲ့ ညွှန်ကြားချက် ဒါမှမဟုတ် စစ်အာဏာရှင်ခေါင်းဆောင် ဦးသန်းရွှေရဲ့ ညွှန်ကြားချက် ဒါမှမဟုတ် ကာ/လုံအဖွဲ့ရဲ့ ညွှန်ကြားချက်နဲ့ လုပ်နေတာပါ။ သူ့ဖဘကို သွားကြည့်ကြပါ။ ထပ်ပြီး ကြော်ငြာပေးလိုက်ပါဦးမယ်။

https://www.facebook.com/hmuu.zaw

သွားကြည့်ကြပါ။ ဖတ်ကြည့်ကြပါ။ ပြည်ပကနေ အင်တာနက်ကို မြန်မြန်ဆန်ဆန် သုံးခွင့်ရကြသူတွေအနေနဲ့ သူရေးထားသမျှကို ပြန်မဖျက်ခင် screen shot ယူပြီး သိမ်းထားပေးကြပါလို့လည်း မေတ္တာရပ်ခံပါရစေ။ ဒီလူဟာ လူမျိုးရေးအဓိကရုဏ်းကို သွေးထိုးလှုံ့ဆော်မှုနဲ့ တရားစွဲဆို အပြစ်ပေးရမယ့်သူပါ။ အခုသေတဲ့ လူသတ်မှုတွေ၊ မီးရှို့မှုတွေနဲ့ ဖြစ်လတ္တံ့၊ လာလတ္တံ့သော အမှုတွေအတွက် သူ့မှာ အလွန်ကြီးကြီးမားမား တာဝန်ရှိပါတယ်။ သူ့ကို တရားစွဲနိုင်အောင်လည်း ဆက်ပြီး ကြိုးစားပါမယ်။ တခြားသူများကိုလည်း ကြိုးစားကြဖို့ တိုက်တွန်းချင်ပါတယ်။


“လူအများအပြားရဲ့အရေး လူအများအပြားရဲ့ ကံကြမ္မာကို ဆုံးဖြတ်မယ့်အရေးမှာ ကိုယ့်အထင်၊ ကိုယ့်အသိလောက်နဲ့ လွယ်လွယ် ပြောဖို့မသင့်ဘူး။ အရင်ကလည်း နိုင်ငံရေးသမား အဆက်ဆက်ဟာ ရိုဟင်ဂျာကို ကိုယ့်အကျိုးစီးပွားအတွက် ကိုယ့်သဘောနဲ့ကိုယ် လိုသလို အသုံးချခဲ့လို့ အခုလို အရှုပ်အထွေးတွေ ပေါ်လာခဲ့၊ ကျန်နေခဲ့တာကို သတိရသင့်တယ်။ အခု ရိုဟင်ဂျာတွေကို မုန်းလှချည်ရဲ့ဆိုတဲ့ စစ်ဗိုလ်စစ်သားတွေထဲက ရဲမှူးခင်ရီ (အခု လဝကဝန်ကြီး) က ရိုဟင်ဂျာတွေကို ဘာပေးပါမယ်၊ ညာပေးပါမယ် ဆိုပြီး ကတိတွေ ဗရပွ ပေးပြီး ၂၀၁၀ မှာ မဲဆွယ်မဲဝယ်သွားခဲ့တာကိုလည်း သတိရသင့်ကြပါတယ်။”

ဒီဇော်ဌေး ဆိုတဲ့သူက ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးဆိုတဲ့ အကြမ်းဖက်သမားတွေဟာ လက်နက်တွေနဲ့ နယ်စပ်ကို ဖြတ်ကျော်ပြီး ပြည်ပကနေ ကျူးကျော်နေပြီဆိုပြီး မမှန်သတင်းကို တွင်တွင် ဝါဒဖြန့်ချိခဲ့ပါတယ်။ အခုကိစ္စဟာ ဘာသာရေးပြဿနာ မဟုတ်တော့ဘူး၊ ပြည်ပကျူးကျော်မှုဆိုပြီး ပြောတယ်။ ဘယ်နေရာမှာများ စစ်တပ်နဲ့ ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးတပ်တွေ အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်နေသလဲ။ ပြောစမ်းပါ။ ဒီလောက်ဓာတ်ပုံတွေ တင်နေတဲ့ အထဲမှာ တပုံတလေ တင်လိုက်စမ်းပါ။ အမှန်တကယ် ဘင်္ဂလားဒေ့ရှ်က လူတွေ ကျူးကျော်ဝင်လာနေပြီဆိုရင် ဘာလို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တရားဝင် မကန့်ကွက်သလဲ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကျူးကျော်နေပြီဆိုရင် သမ္မတ သိအောင် အကြောင်းမကြားဘူးလား။ ဒီည သမ္မတ ပြောသွားတဲ့ မိန့်ခွန်းထဲမှ ဘာမှ မပါပါလား။

ဒီည ဇွန်လ ၁၀ ရက်ညမှာပဲ သမ္မတက မိန့်ခွန်းပြောသွားပါတယ်။ ထူးထူးခြားခြားဘာမှ မပါပါဘူး။ ဒါပေမယ့် လူမျိုးရေး မုန်းတီးသတ်ဖြတ်မှုတွေ ဆက်မပြန့်ပွားဖို့ ပြောသွားတာဖြစ်တဲ့အတွက် ကောင်းပါတယ်။ ဒါပေမယ့် တခြားတဘက်မှာ သူ့ရဲ့ သမ္မတရုံး ညွှန်ကြားရေးမှူးက လူမျိုးရေး အဓိကရုဏ်းကို ဝါဒဖြန့် လှုံ့ဆော်နေတဲ့အတွက်၊ ဆက်လက် လှုံ့ဆော်နေဆဲ ဖြစ်တဲ့အတွက် အယုံရခက်ပါတယ်။ ရှေ့မှာ အကောင်းတွေ ပြောပြီး နောက်ကွယ်က မဟုတ်တရုတ် လုပ်နေတဲ့ အချက်ဟာ ယုံကြည်ထိုက်စရာ မရှိပါဘူး။ စောစောက ပြောသလို နိုင်ငံတော်သတင်းစာထဲကနေ သွေးထိုးလှုံ့ဆော်ခဲ့တဲ့ အချက်ကိုလည်း ထည့်မတွက်လို့ မရပါဘူး။ ဒါ့အပြင် ဖဘမှာ ရိုဟင်ဂျာတွေကို သတ်ကြဖြတ်ကြလို့ ပြောနေကြတဲ့သူတွေထဲမှာ စစ်ဗိုလ်စစ်သားတွေ အများဆုံးပါနေတာကလည်း သံသယဝင်စရာ အချက်ဖြစ်ပါတယ်။ စစ်အာဏာရှင်တွေကို အမြဲထောက်ခံပြီး ဒေါ်အောင်ဆန်းစုကြည်ကို အမြဲ မမှန်သတင်းတွေနဲ့ သိက္ခာချ စော်ကားတတ်တဲ့ http://www.myanmarexpress.net/ ဟာလည်း အခု အရေးအခင်းမှာ အဓိက သွေးထိုးလှုံ့ဆော်သူထဲက တဖွဲ့ ဖြစ်ပါတယ်။ ဗမာစစ်အာဏာရှင်တွေကို ဖက်ဆစ်တွေလို့ ပြောတာဟာ မုန်းလို့ သိက္ခာချဖို့ ပြောနေတာမဟုတ်ပါဘူး။ သူတို့မှာ ဖက်ဆစ်အတွေးအခေါ်၊ ဖက်ဆစ်လုပ်ရပ်တွေရှိလို့ ပြောတာပါ။ ကိုယ့်လူမျိုးကလွဲပြီး တခြားလူမျိုးကို လူမထင်တာဟာ ဖက်ဆစ်စရိုက်ပါ။ စစ်အာဏာရှင်တွေဟာ စစ်ဗိုလ်စစ်သားတွေကို အဲဒီမျက်ကန်းမျိုးချစ် စိတ်ဓာတ်ရိုက်သွင်းပေးထားပါတယ်။ ဒါ့ကြောင့် ဖဘပေါ်က လူမျိုးရေးလှုံ့ဆော်သူတွေထဲမှာ သူတို့တွေ အများအပြား ပါဝင်နေတာဖြစ်ပါတယ်။ ရခိုင်ကို ထိလို့ မခံချင်စိတ်ဖြစ်ပြီး ရိုဟင်ဂျာတွေကို သတ်ချင်ဖြတ်ချင်တဲ့ ရခိုင်တွေ အများအပြားလည်း ပါဝင်ပါတယ်။ အဲသလို ရိုးရိုးသားသား ရခိုင်လူမျိုးတွေကို ပြောချင်တာကတော့ ဒီလိုပြဿနာမျိုးကို လက်စားချေတဲ့နည်းနဲ့ ဖြေရှင်းရင် မပြေလည်ရုံသာမက ပိုဆိုးလာရုံပဲ ရှိတတ်တယ်ဆိုတဲ့ အချက်ပါ။

အခု ရခိုင်ပြည်နယ်ကို အရေးပေါ်အခြေအနေ ကြေညာလိုက်ပါတယ်။ အခြေခံဥပဒေ ပုဒ်မ ၄၁၂၊ ၄၁၃ တို့အရ ကြေညာလိုက်တာလို့ ဆိုပါတယ်။ ကာဖျူးမိန့်နဲ့တင် မနိုင်တော့လို့ အရေးပေါ်အခြေအနေ ကြေညာလိုက်တာလို့ ဆိုပါတယ်။ ခုလို ဘရုတ်ဘရက် ကာလကြီးမှာ အရေးပေါ်အခြေအနေ ကြေညာတာကို သိပ်အပြစ်တင်စရာ မရှိပေမယ့် ကာဖျူးအမိန့်လောက်နဲ့ နိုင်အောင် မထိန်းနိုင်ဘူးဆိုတာ ရှက်စရာပါ။ ယုံစရာလည်း မရှိပါဘူး။ သူတို့ ဒီလိုလုပ်တာ ရည်ရွယ်ချက် ရှိပါတယ်။ အခြေခံဥပဒေ အခန်း ၁၁ ကို ထုတ်သုံးပြတာပါ။ အခြေခံဥပဒေ အခန်း ၁၁ ဟာ အာဏာသိမ်းခွင့် ပါတဲ့ အခန်းပါ။ စစ်အာဏာရှင်စနစ်ကို အပီပြင်ဆုံး ဖော်ပြထားတဲ့ အခန်းပါ။ တနည်းအားဖြင့် ဒီနေ့ ဗမာပြည်ဟာ စစ်အာဏာရှင်စနစ် တရားဝင် ထူထောင်ထားတဲ့ နိုင်ငံဖြစ်နေတာဟာ အဲဒီ အခန်း ၁၁ ကြောင့်လို့ ဆိုနိုင်ပါတယ်။ အခုပြောတဲ့ ပုဒ်မ ၄၁၂၊ ၄၁၃ တို့ဟာ သမ္မတ တယောက်တည်းသဘောနဲ့ ထုတ်ပြန်လို့ရတဲ့ အမိန့်တွေ မဟုတ်ပါဘူး။ ကာ-လုံအဖွဲ့ရဲ့ သဘောတူညီချက်နဲ့သာ ထုတ်လို့ရတဲ့အမိန့် ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီအမိန့်တွေဟာ ကာ-လုံအဖွဲ့ရဲ့ ဘီလူးစွယ်ကို ထုတ်ပြတဲ့ အမိန့်လို့ ပြောရင်လည်း မမှားပါဘူး။ တနည်းအားဖြင့် ပြောရရင် ခေတ်ပြောင်း အိပ်မက်မက်ပြီး စိတ်ကူးယဉ်နေကြသူတွေ အလန့်တကြား ဖြစ်သွားအောင် ဘီလူးက အစွယ်ပြ ခြိမ်းခြောက်လိုက်တာ ဖြစ်ပါတယ်။ စောင့်နားထောင်ပါ။ ကြားလာရပါလိမ့်မယ်။ သမ္မတကြီးရဲ့ ပြုပြင်ပြောင်းလဲရေးတွေ မထိခိုက်ရအောင် တောင်းပွဲ တိုက်ပွဲတွေ ရပ်ကြပါလို့ ပြောသူတွေ ထပ်ပေါ်လာပါလိမ့်ဦးမယ်။ အာဏာသိမ်းမှာ ကြောက်လွန်းလို့ အလုပ်သမားတွေ အငတ်ခံကြပါလို့ ပြောတဲ့သူတွေ ထပ်ပေါ်လာပါလိမ့်ဦးမယ်။ ဒါပေမယ့် အဲဒီစိတ်ကူးယဉ် အိပ်မက်သမားတွေ သိထားဖို့အချက်က အခု ပုဒ်မ ၄၁၂၊ ၄၁၃ ထုတ်ပြန်ချက်အရ၊ ကျနော်တို့ဟာ ၂၀၀၈ အခြေခံဥပဒေနဲ့အညီ စစ်တပ်က အာဏာသိမ်းထားတဲ့ အခြေအနေအောက်မှာ အခုလက်ရှိကိုပဲ ရောက်နေတယ်ဆိုတဲ့ အချက်ပါ။

အခု ရခိုင်အရေးမှာ ရခိုင်ဘက်ကရော၊ မွတ်ဆလင်ဘက်ကရော သတ်ဟယ် ဖြတ်ဟယ် ကြွေးကြော်နေကြသူတွေ လှုံ့ဆော်နေကြသူတွေကို သတိပေးပါရစေ။ သွေးကို သွေးနဲ့ ဆေးကြောလို့ မသန့်စင်နိုင်ပါဘူး။ လူတွေကို သတ်လို့ ဖြတ်လို့ ဘာမှ အကျိုးမရှိပါဘူး။ လူတွေ သေကြ ကြေကြလို့ ဘာမှ အကျိုးမရှိပါဘူး။ ဘာသဘောနဲ့ သတ်ခိုင်းဖြတ်ခိုင်းနေကြတာလဲ။ ရခိုင်တွေ သေလို့ ဘာအကျိုးရှိမလဲ။ မွတ်ဆလင်တွေ သေလို့ရော ဘာအကျိုးရှိမလဲ။ ရခိုင်တွေရော၊ မွတ်ဆလင်တွေရောဟာ ခင်ဗျားတို့ ကျနော်တို့လိုပဲ မိသားစုနဲ့ သံယောဇဉ်နဲ့ ခံစားတတ်၊ ဝမ်းနည်းတတ်၊ ချစ်တတ်၊ မုန်းတတ်တဲ့ လူတွေပဲဆိုတာ သတိရပါ။ လူသတ်ဝါဒကို စွန့်လွှတ်ကြပါ။ လူသတ်ဝါဒ ကြွေးကြော်သူ၊ လှုံ့ဆော်သူ မှန်သမျှကို ရှုတ်ချကြပါ။ ဒီနေရာမှာ နိုင်ငံခြားကနေ မြှောက်ပေးနေတဲ့သူတွေကို အထူးသတိပေးချင် အပြစ်တင်ချင်ပါတယ်။ နိုင်ငံခြားကနေ နိုင်ငံရေးစကား မပြောကြနဲ့ဆိုတဲ့ စကားမျိုးကို ကျနော် ဘယ်တုန်းကမှ မပြောခဲ့ဖူးပါဘူး။ နိုင်ငံခြားကလူတွေမှာလည်း ပြောဆိုခွင့် စည်းရုံးခွင့် ရှိတယ်လို့ ယုံကြည်တဲ့အတွက် မပြောတာပါ။ ဒါပေမယ့် အခုကိစ္စမှာတော့ ပြောပါရစေ။ ကိုယ်က လွတ်ရာကျွတ်ရာမှာ ရောက်နေပြီး ရခိုင်တွေ မွတ်ဆလင်တွေကို သတ်ကြဖြတ်ကြအောင် မြှောက်ပေးနေကြသူတွေကို ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်။ ခင်ဗျားတို့ရေးတဲ့ စာလုံးတလုံးကြောင့် လူတယောက် ပိုသေသွားနိုင်တယ်ဆိုတာ မမေ့ပါနဲ့။ ခင်ဗျားတို့ ရေးတဲ့ စာလုံးတလုံးဟာ သွေးစွန်းတဲ့ စာလုံးဖြစ်သွားနိုင်ပါတယ်။

မွတ်ဆလင်ဘာသာဝင်တွေအနေနဲ့လည်း လူစုလူရုံးနဲ့ တိုက်ခိုက် မီးရှို့သတ်ဖြတ်မှုတွေ ရပ်တန်းက ရပ်ကြပါ။ ဂလဲ့စားချေလို့ အကျိုးမရှိပါဘူး။ ခင်ဗျားတို့က လူနည်းစုပါ။ နာချင်းနာရင် ခင်ဗျားတို့ဘက်က ပိုနာပါလိမ့်မယ်။ မူဆလင်တွေက အင်အားပိုများတဲ့ နေရာတွေလည်း ရှိပါလိမ့်မယ်။ အင်အားပိုများလို့ အနိုင်ရလိုက်ရင်လည်း ဘာမှအကျိုးမရှိပါဘူး။ ရခိုင်တွေအနေနဲ့လည်း လက်စားချေ တုန့်ပြန်တဲ့ လုပ်ရပ်တွေဟာ အလားတူပဲ အကျိုးမရှိဘူး ဆိုတာကို နားလည်ကြပါ။ လူသတ်တဲ့လူဟာ လူသတ်သမားပါပဲ။ ဘာအကြောင်းကြောင့်မှ လူတယောက်ကို ဥပဒေမဲ့ သတ်ဖြတ်ခွင့်မရှိပါဘူး။ လူသတ်တဲ့ လုပ်ရပ်မှန်သမျှကို ဆန့်ကျင်ကြပါ။ မီးရှို့ဖျက်ဆီးတဲ့ လုပ်ရပ်မှန်သမျှကို ဆန့်ကျင်ကြပါ။

ရိုဟင်ဂျာအရေးကို ကျနော် တခါမှာ မရေးဖူး၊ မပြောဖူးပါဘူး။ ရိုဟင်ဂျာအရေးကို တခါမှ မထောက်ခံဖူးသလို တခါမှလည်း မဆန့်ကျင်ဖူးပါဘူး။ ဘာ့ကြောင့် မပြောသလဲဆိုတော့ ကျနော့်မှာ ပြောရေးဆိုခွင့် (authority) ရှိတယ်လို့ မထင်လို့ပါ။ အခုတော့ ရိုဟင်ဂျာအရေးဟာ မပြောမဖြစ်တဲ့ အခြေအနေကို ရောက်လာပြီမို့ ကိုယ်ပြောခွင့်ရှိတယ် ထင်သလောက် ပြောပါမယ်။

“တစုံတခုကို အများဆန္ဒနဲ့အညီ၊ လူ့သိက္ခာ လူ့ကျင့်ဝတ်နဲ့အညီ ပြတ်ပြတ်သားသား ဆုံးဖြတ်ချက် မချနိုင်သေးခင်မှာတော့ ကိုယ့်နိုင်ငံထဲမှာ ရှိနေရင် လူမှန်သမျှကို လူလို ဆက်ဆံဖို့ လိုတယ်။ စစ်အစိုးရခေါင်းဆောင်တွေ၊ ဗိုလ်မှူးဇော်ဌေးလို လူတွေအနေနဲ့လည်း လူလို သိတတ်ကြဖို့ လိုပါတယ်။”

ရိုဟင်ဂျာကို နိုင်ငံသား ပေးသင့် မပေးသင့် ဆိုတာကို ဘယ်သူတဦးတယောက်မှ၊ တဦးတယောက်သဘောနဲ့ ဆုံးဖြတ်ခွင့် မရှိပါဘူး။ ကိုယ့်အမြင်ကို ကိုယ်ပြောတယ် ဆိုရင်ဖြင့် ပြောချင်ပြောပါ။ တဦးတယောက်သဘောနဲ့တော့ ဆုံးဖြတ်လို့ မရပါဘူး။ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီးက ရိုဟင်ဂျာဟာ တိုင်းရင်းသားမဟုတ်ဘူးလို့ မကြာခင်ရက်ပိုင်းက ပြောသွားတာ ကြားလိုက်ပါတယ်။ ဒီလို ပဋိပက္ခကာလမျိုးမှာ ဒီစကားထွက်ပြောတာဟာ အမြော်အမြင်နည်းတယ်လို့ပဲ ဆိုချင်ပါတယ်။ ၂၀၁၅ မှာ ရွေးကောက်ပွဲ ဝင်ချင်လို့များ ကြိုပြီး မဲဆွယ်နေသလားလို့တောင် အထင်သေးစရာ ဖြစ်နေပါတယ်။ ရိုဟင်ဂျာကို နိုင်ငံသားအဖြစ် လက်ခံသင့် မခံသင့်ဆိုတာ ကိုကိုကြီးတင်မကဘူး၊ ဦးသိန်းစိန်တောင်မှ တယောက်တည်းသဘောနဲ့ ထင်တိုင်းပြောလို့ မရဘူး။ (ကျနော်လည်း ထင်ရာမြင်ရာ မပြောပါဘူး။ ကန့်လည်း မကန့်ကွက်ပါဘူး။ ထောက်လည်း မထောက်ခံပါဘူး။) ဒါပေမယ့် ရိုဟင်ဂျာလည်း လူတွေပါ။ သိန်းနဲ့ချီတဲ့ လူတွေပါ။ ဒီလိုလူတွေရဲ့အရေးကို နိုင်ငံရေးခေါင်းဆောင်တယောက်အနေနဲ့ ပေါ့ပေါ့တန်တန်နဲ့ လက်လွတ်စပယ် မပြောကောင်းဘူး။ ရိုဟင်ဂျာအရေးအတွက် ဆုံးဖြတ်ချက်ချမယ်ဆိုရင် သမိုင်းပညာရှင်တွေ၊ စာပေပညာရှင်တွေ၊ နိုင်ငံရေးသမား ကြီးငယ်တွေ၊ ရခိုင်လူမျိုး အကြီးအကဲတွေ၊ ရိုဟင်ဂျာအကြီးအကဲတွေ တခြားသက်ဆိုင်သူတွေအားလုံး အညီအညွတ်ဆွေးနွေး တိုင်ပင်တဲ့ နိုင်ငံရေး ညီလာခံကြီး ကျင်းပဖို့ လိုပါတယ်။ ဒေသခံ သာမန်ပြည်သူတွေရဲ့ ဆန္ဒခံယူပွဲ လုပ်ဖို့လိုရင် လုပ်ရပါမယ်။ ဒီ့ထက် ပိုလိုအပ်ရင် တနိုင်ငံလုံးဆန္ဒခံယူပွဲ လုပ်သင့်ရင် လုပ်ရပါလိမ့်မယ်။ လူအများအပြားရဲ့အရေး လူအများအပြားရဲ့ ကံကြမ္မာကို ဆုံးဖြတ်မယ့်အရေးမှာ ကိုယ့်အထင်၊ ကိုယ့်အသိလောက်နဲ့ လွယ်လွယ် ပြောဖို့မသင့်ဘူး။ အရင်ကလည်း နိုင်ငံရေးသမား အဆက်ဆက်ဟာ ရိုဟင်ဂျာကို ကိုယ့်အကျိုးစီးပွားအတွက် ကိုယ့်သဘောနဲ့ကိုယ် လိုသလို အသုံးချခဲ့လို့ အခုလို အရှုပ်အထွေးတွေ ပေါ်လာခဲ့၊ ကျန်နေခဲ့တာကို သတိရသင့်တယ်။ အခု ရိုဟင်ဂျာတွေကို မုန်းလှချည်ရဲ့ဆိုတဲ့ စစ်ဗိုလ်စစ်သားတွေထဲက ရဲမှူးခင်ရီ (အခု လဝကဝန်ကြီး) က ရိုဟင်ဂျာတွေကို ဘာပေးပါမယ်၊ ညာပေးပါမယ် ဆိုပြီး ကတိတွေ ဗရပွ ပေးပြီး ၂၀၁၀ မှာ မဲဆွယ်မဲဝယ်သွားခဲ့တာကိုလည်း သတိရသင့်ကြပါတယ်။

လူတွေကို အမှိုက်ပုံထဲ စွန့်ပစ်လိုက်လို့ ရတာမဟုတ်ဘူး။ လူမပြောနဲ့။ ခွေးမွေးကင်းစကလေးတောင် အမှိုက်ပုံပေါ် သွားပစ်ရင် ယဉ်ကျေးတဲ့ လူအဖွဲ့အစည်းက ရှုတ်ချပြစ်တင်တတ်သေးတယ်။ ရိုဟင်ဂျာလည်း လူပဲ။ နိုင်ငံသားဖြစ်ခွင့်ရှိမရှိဆိုတာ စောစောက ပြောသလို အများသဘောနဲ့ ဆုံးဖြတ်ဖို့သာဖြစ်တယ်။ ဒါပေမယ့် လူမှန်ရင် နိုင်ငံသားပဲဖြစ်ဖြစ် နိုင်ငံခြားသားပဲဖြစ်ဖြစ် လူ့အခွင့်အရေးတော့ ရှိရမယ်။ အသားမဲမဲ၊ ဖြူဖြူ၊ မြန်မာစကား တတ်တတ် မတတ်တတ် လူမှန်ရင် လက်ထပ်ခွင့် ရှိရမယ်။ ခရီးသွားခွင့် ရှိရမယ်။ ပညာသင်ခွင့် ရှိရမယ်။ ဒီအခွင့်အရေးတွေကို စစ်အာဏာရှင်တွေက ချုပ်ချယ်တာဟာ လူ့အခွင့်အရေး ချိုးဖောက်တာပဲ။ တစုံတခုကို အများဆန္ဒနဲ့အညီ၊ လူ့သိက္ခာ လူ့ကျင့်ဝတ်နဲ့အညီ ပြတ်ပြတ်သားသား ဆုံးဖြတ်ချက် မချနိုင်သေးခင်မှာတော့ ကိုယ့်နိုင်ငံထဲမှာ ရှိနေရင် လူမှန်သမျှကို လူလို ဆက်ဆံဖို့ လိုတယ်။ စစ်အစိုးရခေါင်းဆောင်တွေ၊ ဗိုလ်မှူးဇော်ဌေးလို လူတွေအနေနဲ့လည်း လူလို သိတတ်ကြဖို့ လိုပါတယ်။

အခုချိန်မှာ ရခိုင်ဘက်ကနေ မွတ်ဆလင်ကို သတ်ဖို့ မြှောက်ပေးနေသူတွေရော၊ မွတ်ဆလင်ဘက်ကနေ ရခိုင်တွေကို သတ်ဖို့ မြှောက်ပေးနေသူတွေရော အဲဒီနှစ်မျိုးစလုံးဟာ လူသတ်ဝါဒဖြန့်ချိသူတွေ ဖြစ်ပါတယ်။ လူတွေ သေအောင် လုပ်နေသူတွေပါ။ ရခိုင်ဘက်ကနေ မွတ်ဆလင်တွေကို သတ်ကွာ၊ ချကွာလို့ အဝေးကနေ ပြောနေသူတွေ၊ အင်တာနက်ကနေ ပြောနေသူတွေကို ရခိုင်ဘက်သားလို့ မထင်ပါနဲ့။ သေစရာရှိရင် သူတို့ လာသေမှာ မဟုတ်ပါဘူး။ သာမန်အပြစ်မဲ့လူတွေပဲ သေကြမှာပါ။ မွတ်ဆလင်ဘက်ကနေ မြှောက်ပေးနေသူတွေဟာလည်း အလားတူပါပဲ။ သူတို့ကိုလည်း မွတ်ဆလင် အကျိုးကို အမှန်လိုလားသူလို့ သတ်မှတ်လို့မရပါဘူး။

ဒီအချိန်မှာ လုပ်သင့်တာက ကိုယ့်လူမျိုးကိုယ် ထိန်းသိမ်းစောင့်ရှောက်ကြဖို့ ကာကွယ်ကြဖို့ပါ။ အင်္ဂလိပ်ခေတ်က ကုလား-ဗမာအဓိကရုဏ်းမှာ အစပိုင်းမှာ ကျောင်းသားတွေ မျက်ကန်းမျိုးချစ်စိတ်နဲ့ ကုလားတွေကို လိုက်ရိုက်ခဲ့ကြပါတယ်။ နောက်ပိုင်း အမြင်မှန်ရသွားတဲ့ အချိန်မှာ လုပ်သင့်လုပ်ထိုက်တဲ့ ကောင်းရာမွန်ရာ အလုပ်တွေ လုပ်ပြခဲ့ဖူးတဲ့ သာဓကတွေ ရှိပါတယ်။ အဲဒီသာဓကတွေကို ကျနော်တို့ အတုယူကြရမှာပါ။ မြန်မာ၊ ရခိုင်နဲ့ တိုင်းရင်းသားလူမျိုးတွေအနေနဲ့ ရခိုင်လူမျိုးတွေထဲက ဒုက္ခရောက်သူတွေကို အစားအသောက်အဝတ်အစားနဲ့ လိုအပ်တဲ့ပစ္စည်းတွေ အကူအညီပေးဖို့ လိုပါတယ်။ ပြည်ပနေ တိုင်းရင်းသားတွေအနေနဲ့လည်း ရန်ပုံငွေတွေ ပေးပို့လှူဒါန်းပြီး ရခိုင်လူမျိုး ဒုက္ခရောက်သူတွေကို ကူညီသင့်ပါတယ်။ မွတ်ဆလင်ဘာသာရေး အဖွဲ့အစည်းနဲ့ မွတ်ဆလင် အသိုင်းအဝိုင်းတွေအနေနဲ့လည်း ကိုယ့်လူမျိုးဒုက္ခရောက်သူတွေကို ကိုယ့်ဘာသာ ကူညီစောင့်ရှောက်သင့်ပါတယ်။

ရဲနဲ့ စစ်တပ် လုံခြုံရေးအဖွဲ့အစည်းတွေအနေနဲ့လည်း အကာအကွယ် လိုအပ်တဲ့ ကျေးရွာနဲ့ ပြည်သူတွေရှိရာ နေရာတွေမှာ သွားရောက် စောင့်ရှောက်ပေးဖို့ လိုပါတယ်။ ရခိုင်ပြည်နယ်မှာ လက်ရှိ ရှိနေတဲ့ လုံခြုံရေးနဲ့ မလုံလောက်ရင် တနိုင်ငံလုံးမှာရှိတဲ့ ရဲတွေ စစ်သားတွေနဲ့ အင်အားဖြည့်ဖို့ လိုပါတယ်။ အစိုးရမှာရှိတဲ့ ရဲနဲ့ စစ်သား အသက်ပြည့်သူ အသက်မပြည့်သူတွေ အားလုံးပေါင်းလိုက်ရင် ရိုဟင်ဂျာတယောက် လုံခြုံရေးတယောက်တောင် ချဖို့လောက်ပါလိမ့်မယ်။

အခုတော့ အစိုးရလုပ်ရပ်က လူရှေ့ထွက် စကားကောင်းပြော၊ နောက်ကွယ်က မြှောက်ပေး၊ ဒလျှိုဒလန်ထည့် သွေးထိုး၊ မဖြစ်ရင် ဖြစ်အောင် ဖွပေး၊ ဖွပေးလို့ ဖြစ်လာရင် မကြီးသင့်တာကို ကြီးလာအောင် ဟပေး၊ အချိန်လွန်တော့မှ နာမည်ကောင်းဝင်ယူ ဆိုတာမျိုး ဖြစ်နေပါတယ်။

တနိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေရဲ့ လျှပ်စစ်မီးရရှိရေးလှုပ်ရှားမှု၊ အလုပ်သမားအခွင့်အရေး၊ လယ်သမားအခွင့်အရေး လှုပ်ရှားမှုတွေကို အာရုံလွှဲဖို့အတွက် အစိုးရကိုယ်တိုင် မြှောက်ပင့်ပေးနေတဲ့ လူမျိုးရေးအဓိကရုဏ်းတွေကို ရပ်တန့်နိုင်အောင် နိုင်ငံသားတိုင်း ဝင်ရောက်ကူညီကြပါ။ ဒုက္ခရောက်သူတွေကို ကူညီစောင့်ရှောက်ကြပါ။ မငြိမ်သက်တဲ့ ဒေသက ပြည်သူတွေရဲ့ အသက်အန္တရာယ် လုံခြုံရေးကို တတ်နိုင်သမျှ အကာအကွယ်ပေးကြပါ။ သွေးကို သွေးနဲ့ ဆေးလို့မရပါ။ ဂလဲ့စားချေတဲ့ နည်းဟာ မီးကို ရေနဲ့ ငြှိမ်းတာ မဟုတ်ဘဲ မီးလောင်ရာ လေပင့်တဲ့ နည်းသာဖြစ်ပါတယ်။ လူသတ်တာကို ဆန့်ကျင်ကြပါ။ ဖက်ဆစ်အာဏာရှင်စနစ်နဲ့ လူသတ်ဝါဒကို ဆန့်ကျင်ကြပါ။

ဇော်ဝင်း (၈၈ ကျောင်းသားဟောင်း)
ဇွန်လ ၁၀ ရက် - ၂၀၁၂

댓글 없음:

댓글 쓰기