2012년 4월 26일 목요일

EPSအလုပ်သမားများကို သူတို့အလုပ်ရှင်က နိုင်ငံကို ပြန်ပို့နိုင်သလား

မေး။ အကိုခင်ဗျား။ ကျနော်က စက်ရုံမှာ အလုပ်ဝင်တာ ၃လလောက်ပဲ ရှိသေးတယ် အလုပ်က အရမ်းပင်ပန်းပြီး လူ၂ယောက်၊ ၃ယောက်လောက် မရတဲ့ ပစ္စည်းတွေကို ကျနော့်ကို တယောက်တည်း မခိုင်းတော့ တနေ့ခါးထိသွားပြီး အလုပ်မလုပ်နိုင်ဖြစ်နေပါတယ်။ အလုပ်ရှင်က ဆေးရုံကို နေ့စဉ်လိုက်ပို့ပေးပေမယ့် ခါး အရမ်းနာလို့ အလုပ် ဘယ်လိုမှ မလုပ်နိုင်တဲ့ ကျနော့်ကို သူ ဆေးဝါးခ ကုန်ကျတာ ၅သိန်းကျော်နေပြီ၊ မင်းကို မြန်မာပြည် ပြန်ပို့မယ် လို့လည်း ပြောနေပါတယ်။
ကိုရီးယားကို ရောက်တာ အခုမှ ၃လပဲရှိသေးပြီး အခုလို အခြေအနေနဲ့လည်း ကြုံရတော့ ကျနော် ဘယ်လို လုပ်ရင် ကောင်းမလဲ၊ အလုပ်ရှင်က ကျနော့်ကို မြန်မာပြည် တကယ် ပြန်ပို့နိုင်ပါသလား။
(ဂွမ်ဂျူးလေးက ညီငယ်)

ဖြေ။ အလုပ်ရှင်ဟာ ရွှေ့ပြောင်းအလုပ်သမားကို နိုင်ငံ လုံးဝ ပြန်ပို့ခွင့် မရှိပါ။ နိုင်ငံပြန်တယ် မပြန်ဘူးဆိုတာအလုပ်သမားက သူ့ကိုယ်ပိုင် ဆုံးဖြတ်ချက်နဲ့ လုပ်ခွင့်ရှိပါတယ်။
တိုင်းပြည်ပြန်တယ်ဆိုတဲ့ လုပ်ငန်းဆောင်တာတွေကလည်း လူဝင်မှုကြီးကြပ်ရေးရဲ့ အရာပါ။
အလုပ်ရှင်နဲ့ သက်ဆိုင်တာ မဟုတ်သလို အလုပ်ရှင်က အဲဒီလို လုပ်ပိုင်စွမ်းလည်း မရှိပါဘူး။

ဒီလိုအခြေအနေမျိုးကို ဖြေရှင်းဖို့အတွက် နည်းလမ်းကတော့ ဒေသတွင်းမှာ ရှိတဲ့ အလုပ်သမားဝန်ကြီးဌာနကို သွားပြီး အလုပ်ပြောင်းရွှေ့ခွင့်ကို တောင်းဆိုနိုင်ပါတယ်။

အလုပ်ရှင်က ဆက်တိုက် ပြန်ပို့မယ် တကဲကဲလုပ်နေရင်တော့ လုပ်ငန်းခွင် ထိခိုက်ဒဏ်ရာရမှုဆိုင်ရာ လျော်ကြေးတောင်းခံတဲ့ လျှောက်လွှာကိုတင်ပါ။




လုပ်ငန်းခွင် ထိခိုက်ဒဏ်ရာရရှိတဲ့အတွက် အလုပ်ပြောင်းချင်တယ်ဆိုပြီး အလုပ်သမားဝန်ကြီးဌာနမှာ
လျှောက်လွှာတင်ပါ။
ဘာသာစကား အခက်အခဲအရ နိုင်ငံခြားသားအလုပ်သမားစင်တာမှာ သွားရောက် အကူအညီတောင်းခံ
လို့လဲ ရပါတယ်။

ဂွမ်ဂျူးနိုင်ငံခြားသားအလုပ်သမားစင်တာ ၀က်ဘ်ဆိုဒ်ပါ။
http://www.msks.org/
ဖုန်းနံပါတ် ၀၃၁-၇၆၃-၁၀၀၄


ကိုယ့်ဘာသာဆောင်ရွက်မယ်ဆိုရင်တော့ သွားရမယ့် ဌာနဆိုင်ရာ လိပ်စာကို ရေးပေးလိုက်ပါတယ်။

လုပ်ငန်းခွင်ပြောင်းရွှေ့ခွင့် လျှောက်လွှာတင်ဖို့အတွက်-
အလုပ်သမားဝန်ကြီးဌာန(ကိုရီးယားအခေါ်- နိုဒုန်ဘူးဂိုယုံဂျီဝန်း စင်တာ)
လိပ်စာ  경기도 광주시 역동 27-86
ဖုန်းအမှတ်  031-769-0168

လုပ်ငန်းခွင် ထိခိုက်ဒဏ်ရာရမှုဆိုင်ရာ လျော်ကြေးတောင်းခံတဲ့ လျှောက်လွှာကို
ဂုန်လိုဘို့ဂျီဂုန်ဒန် (근로복지공단) မှာ သွားရောက်လျှောက်ထားပါ။ 
လိပ်စာ 경기도 성남시 수정구 수진2동 4529
ဖုန်း 031-720-1600 
 အဲဒီဌာနကို သွားပြီး လျှောက်လွှာ-ယိုယန်းရှင်ချောင်းစော(요양신청서)
ကို တောင်းပြီး ဖြည့်ပါ။ 

လျှောက်လွှာကို ၃စောင်ဖန်တီးပြီး အလုပ်ရှင်၊ ဆေးရုံနဲ့ ဂုန်လိုဘို့ဂျီဂုန်ဒန်မှာ တင်ပြပါ။

လျှောက်လွှာကို
အလုပ်ရှင်ကို ပြရတဲ့ ရည်ရွယ်ချက်က အဲဒီလျှောက်လွှာမှာ အလုပ်ရှင်ရဲ့ လက်မှတ်လိုလို့ပါ။
အကယ်လို့ အလုပ်ရှင်က လက်မှတ်မထိုးပေးဘူးဆိုရင် မထိုးပေးနိုင်တဲ့ အကြောင်းကို စာတစောင်ရေးပြီး လျှောက်လွှာနဲ့တကွ ဂုန်လိုဘို့ဂျီဂုန်ဒန်မှာ တင်ပါ။ အလုပ်ရှင် လက်မှတ်
မထိုးပေးလည်း လျှောက်လွှာတင်နိုင်ပါတယ်။

ဆေးရုံကို ပြရတဲ့ ရည်ရွယ်ချက်က ဆေးမှတ်တမ်း(ချိုဂျန်ဆိုးဂယွန်ဆော- 초진소견서)၊ X- ray, CT, MRI ဖလင်ကတ်ကို တောင်းဖို့ပါ။ အဲဒါတွေရှိမှ လျှောက်လွှာတင်နိုင်တာမို့ပါ။


လိုအပ်တဲ့ အထောက်အထားတွေကတော့
၁) ဆေးမှတ်တမ်း   
၂) လုပ်ဖော်ကိုင်ဘက်ရဲ့ ထောက်ခံစာ သို့မဟုတ် မျက်မြင်သက်သေ ထောက်ခံစာ
၃) X- ray, CT, MRI ဖလင်ကတ်
၎) မိမိအလုပ်အပေါ်သုံးသပ်စာ(အလုပ်ချိန်၊ အလုပ်ပင်ပန်းမှုအတိုင်းအတာ အကြောင်း)


ဂုန်လိုဘို့ဂျီဂုန်ဒန်က အထောက်အထားတွေကို စစ်ဆေးပြီး လုပ်ငန်းခွင် ထိခိုက်ဒဏ်ရာရမှုဆိုင်ရာမှန်ကန်
ကြောင်း ဆုံးဖြတ်ရင် 
၁) ဆေးဖိုးဝါးခ၊ 
၂) လစာငွေ ၇၀ရာခိုင်နှုန်း
၃) ထိခိုက်မှုကြောင့် ပုံမှန်အခြေအနေ မရောက် မသန်မစွမ်းမှုကျန်ရစ်ပြီး ယင်းအတွက်လိုအပ်တဲ့ ဆေးကုသခ၊ အထောက်ကူပစ္စည်းစရိတ် 
 စတာတွေကို လက်ခံ ရရှိနိုင်ပါတယ်။


မြန်မာနိုင်ငံသားများ အားလုံး အန္တရာယ်ကင်းဝေးပြီး အလုပ်လုပ်နိုင်ကြပါစေ။

စိုးမိုးသူ








댓글 없음:

댓글 쓰기