2012년 4월 27일 금요일

ပညာရေး ဒဿန ဗဟုယဉ်ကျေးမှုဝါဒ(မောက္ခပညာရေး မဂ္ဂဇင်း)


ဗဟုယဉ်ကျေးမှုဝါဒနဲ့ ပတ်သတ်လာရင် ခေတ်သစ်နိုင်ငံရေးမှာ အရေးအကြီးဆုံးနဲ့ အခက်အခဲ အကျပ်အတည်း အဖြစ်ဆုံးမေးခွန်းတွေ၊ အဖြေတွေနဲ့ ယှဉ်ကြရတာချည်းပါပဲ။ 
ဗဟုဝါဒနဲ့ ပတ်သတ်တဲ့မေးခွန်းတွေဟာ နိုင်ငံရေး လူ့အဖွဲ့အစည်းအတွင်းက ပညာရေးအတွက် အခြေခံကျတဲ့ မေးခွန်းတွေလည်း ဖြစ်နေတယ်။  
                                                    
ဂျွန်လော့ခ်ရဲ့ လက်ရာအတွင်းက ထွက်လာတဲ့ လစ်ဘရယ်ဒီမိုကရေစီအပေါ် အသိဟာ  အစိုးရစနစ် တစ်ခုနဲ့ လုပ်ထုံးလုပ်နည်းအပေါ်အခြေခံတဲ့ အမြင်ဖြစ်တယ်။  ကောင်းမွန်သောဘ၀ကို ပိုင်ဆိုင်ရရှိရေး ဆိုတာ သက်သက်ထက် ကောင်းမွန်းတဲ့ဘ၀ကို ပိုင်ဆိုင်ရရှိဖို့ အစိုးရစနစ်နဲ့ စနစ်အတွင်းလုပ်ရမယ့် လုပ်ထုံးလုပ်နည်း အဆင့်ဆင့်အသုံးပြုရှာ ဖွေရေးအပေါ် အခြေခံထားတာပါပဲ။

နိုင်ငံသားတွေကြားထဲမှာ ဓမ္မဓိဌာန်ကျကျနဲ့ အပြန်အလှန်ဆက်ဆံရင်း ကောင်းမွန်တဲ့ ဘ၀ကို ရရှိရေး အတွက် လုပ်ရမယ်ဆိုတဲ့ လော့ခ်ရဲ့ အတွေးအခေါ်ဟာ ဗဟုဝါဒယဉ်ကျေးမှုနဲ့ အတိုင်းအတာ တစ်ခုအထိ ပဠိပက္ခ ဖြစ်လာတယ်လို့ ဆိုရမယ်။  

ယဉ်ကျေးမှုတွေ ပေါင်းစုံနေမယ်၊ အင်အားကြီးတဲ့ ယဉ်ကျေးမှု ၊ လူမျိုးနဲ အင်အားသေးတဲ့ ယဉ်ကျေးမှုနဲ့ လူမျိုးတွေကြားမှာ ဓမ္မဓိဌာန်ကျကျနဲ့ ဆက်ဆံရေး ဆိုတာ ဖြစ်နိုင်ပါ့မလား။ လွှမ်းမိုးကြီးစိုးနိုင်တဲ့ ယဉ်ကျေး မှုတစ်ရပ်ရဲ့ ကြားနေရေးဆိုတာ တခြားသောလူမျိုးတွေအပေါ် အသားစီးရနေရင်းက ဆိုနေတယ် ဆိုတာ ကို ကျွန်တော်တို့ မမေ့အပ်ဘူး။  

ကြားနေဆိုတာ ယနေ့ ကျွန်တော်တို့ဆီမှာ အမြော်အမြင်ကြီးတဲ့ နိုင်ငံရေးသမားတွေ ပြောဆိုနေတဲ့ စကား တစ်ခွန်း ရှိပါတယ်။ ဒီစကားက လူမျိုးကြီးတွေ (ယဉ်ကျေးမှုအရ အားကြီးသူတွေ) ဟာ ပိုပြီးသဘော ထားကြီးရတယ် ဆိုတာပါပဲ။ တနည်းအားဖြင့် တခြားသော ယဉ်ကျေးမှု အငယ်တွေ၊ လူမျိုးတွေ၊ လူမျိုး စုလေးတွေရဲ့ လိုအပ်မှုကို အနစ်နာခံပေးရတယ်ဆိုတဲ့ သဘောပါပဲ။

နောက်ထပ် ပုံစံတစ်ခုက လူဦးရေများပြားတဲ့ ဗမာလူမျိုးပင့် ဖြစ်လင့်ကစား “ ဗမာကိုလည်း တိုင်းရင်သား အဖြစ် သတ်မှတ်ပေးပါ” ဆိုတဲ့ စကာမျိုးတွေပဲ။ ဒါဟာ ဗဟုဝါဒကို လစ်ဘရယ်အမြင်အတွင်ကနေ အကောင်အထည်ဖော်နိုင်တဲ့ သဘောထားမျိုးပဲ။

လော့ခ်ဆိုခဲ့ သလို လူမျိုးကြီးနဲ့ လူမျိုးငယ် ၊ လူမျိုးစုတွေကြား ၊ အကျိုးအမြတ်အုပ်စုကြီးနဲ့ အကျိုးအမြတ် အုပ်စုငယ်တွေကြားထဲမှာ ဆက်ဆံရေးဟာ အလိုလိုနေရင်း ဓမ္မဓိဌာန်ကျနေမှာတော့ မဟုတ်ဘူး ဆိုတာ ကိုလည်း ထင်သာမြင်သာစေတယ်။

ယဉ်ကျေးမှုအားကြီးသူနဲ့ လူမျိုးစုတွေရဲ့ ယဉ်ကျေးမှုအကြား လူမျိုးကြီးတွေရဲ့ အနစ်နာခံ ဆက်ဆံမှုက သာလျင် ဓမ္မဓိဌာန်ကျကျ ဆက်ဆံရေးဆိုတာကို ဖြစ်ပေါ်စေမှာ ဖြစ်တယ်။  ဗဟုဝါဒယဉ်ကျေးမှုအမြင် အတွက်တော့ ညီမျှမှုဆိုတာ အနစ်နာခံခြင်း ၊ သဘောထားကြီးခြင်း အခြေအနေတစ်ရပ်မှာ အကြုံးဝင် တယ်လို့ ဆိုရမယ်။     
                                               
သာမန်အားဖြင့်ကြည့်ရင်တော့ လစ်ဘရယ်ဝါဒမှာ နိုင်ငံသားတွေရဲ့ ကိုယ့်ကိုယ်ကို ပိုင်စိုးမှု နဲ့ နိုင်ငံ သားတွေ ရဲ့ ညီမျှမှုဟာ ဗဟုဝါဒယဉ်ကျေးမှုအတွက် လူမျိုးကြီးတွေက သဘောထားကြီးပေးပုံနဲ့ ဆန့်ကျင်နေတာတော့ အမှန်ပဲ။ ဒါဟာ လစ်ဘရယ်နိုင်ငံတိုင်းမှာ ဗဟုဝါဒယဉ်ကျေးမှုနဲ့ ပတ်သတ်လာရင် ဘယ်လို လုပ်ထုံးလုပ်နည်းတွေနဲ့ ပတ်သတ်နေသလဲ ဆိုတဲ့ အမြင်တစ်ရပ်ပေါ်ထွက်လာစေတာပါပဲ။

တကယ်က လစ်ဘရယ်နိုင်ငံမှန်ရင် ကိုယ့်ကိုယ်ကိုယ်ပိုင်စိုးမှုအတွက် ပြုစုပျိုးထောင်ရေးသာမကဘူး၊ သူ့ရဲ့ နိုင်ငံသားတွေကို ညီမျှတဲ့ အသိအမှတ်ပြုမှုပေးရေးဆိုတာပါတယ်။ ဒီနေရာမှာ ညီမျှတဲ့ အသိအမှတ်ပြုမှု ဆိုတာ အရေးကြီးတယ်။

ဗဟုယဉ်ကျေးမှုကို လစ်ဘရယ်ဒီမိုကရေစီနဲ့ ပေါင်းစပ်နိုင်ကြိုးစားတဲ့ ဘက်မှာ ကြည့်ရင်တော့ ညီမျှတဲ့ အသိအမှတ်ပြုမှုဆိုတာ သူ့နိုင်ငံသားတွေရဲ့ သက်ဆိုင်ရာယဉ်ကျေးမှုတွေကိုပါ အသိအမှတ်ပြုနိုင်ဖို့ စနစ်ကျတဲ့ လုပ်ထုံးလုပ်နည်းတွေကနေ တစ်ဆင့်ကြိုးစားပေးတာ ဖြစ်တယ်။ သက်ဆိုင်ရာ ယဉ်ကျေး မှုတွေကို အသိအမှတ်ပြုတဲ့နေရာမှာ ယဉ်ကျေးမှုအရလွှမ်းမိုးကြီးစိုးသူတွေက သူတို့နိုင်ငံသားတွေရဲ့ အဖိနှိပ်ခံ ယဉ်ကျေးမှုကို တတ်နိုင်သမျှ သဘောထားကြီးကြီးနဲ့ ရှုမြင်ပေးရတာ၊ အကာအကွယ်ပေး ရတာတွေ လုပ်ပေးရမှာတော့ အမှန်ပဲ ။                                                                                                                         
တစ်ဖက်မှာ အဲဒီလိုအကာအကွယ်ပေးမှုတွေမှာ အခွင့်အရေးအရပြဿနာရှိနေတာတွေကိုလည်း လစ်ဘရယ် ဒီမိုကရေစီကို ယုံကြည်သက်ဝင်တဲ့ လူ့အဖွဲ့အစည်းတစ်ရပ်အနေနဲ့မမေ့အပ်ဘူး။
ကနေဒီယန်းကွီးဘတ်ဒေသတွင်းမှာ  ယဉ်ကျေးမှုကြီးမားတဲ့ အင်္ဂလိုအမေရိကန် ယဉ်ကျေးမှုအောက်က အားနည်းတဲ့ ပြင်သင်စကားပြောယဉ်ကျေးမှုတွေကို အကာအကွယ်ပေးဖို့ ကြိုးစားတယ်။ ဒီလို လုပ်လိုက် မယ်ဆိုရင် လစ်ဘရယ်ဒီမိုကရေစီမှာ သက်ဝင်နေတဲ့ လူအများစုရဲ့ လွတ်လပ်မှု နဲ့အခွင့်အရေးတွေကို ချိုးဖောက်နေသလို ဖြစ်နေပြန်ရော။ ဒါကြောင့် ဗဟုဝါဒ ယဉ်ကျေးမှုအတွင်း လစ်ဘရယ်ဒီမိုကရေစီနဲ့ အညီဖြေရှင်းရမယ် ပြဿနာတွေ အမြောက်အမြား ရှိနေတယ်။ ပြဿနာတွေဟာလည်း အခွင့်အရေးနဲ့ လွတ်လပ်မှုကိုအခြေခံတယ်။                                                                                                                      
အထက်ပါပြဿနာရပ်နဲ့ ပတ်သတ်ပြီး ကိုင်တွယ်ဖြေရှင်းဖို့ ကြိုးစားထားတဲ့ စာတမ်းတစ်ခုက ဒဿနပညာရှင် ချားလ်တေလာရဲ့ The Politics of Recognition (1994) စာတမ်းပဲ။  စာတမ်းမှာ တေလာက လစ်ဘရယ်နိုင်ငံတွေမှာ ဖြစ်တတ်တဲ့ “လွတ်လပ်စွာပြောဆိုမှု” နဲ့ “ဘာသာရေး လွတ်လပ်မှု ” ကြားထဲက ပြဿနာကို ဘယ်လိုကိုင်တွယ်မလဲ ဆိုတာကို မဖော်ပြထားဘူး။
တေလာကို ဝေဖန်သူတွေက လူမျိုး၊ ယဉ်ကျေးမှုနဲ့ အခွင့်အရေးကြားထဲက ပြဿနာကို ကိုင်တွယ်ဖို့ အတွက် တေလာဟာ ပညာရေးကနေ ဖြေရှင်းပေးဖို့ မကြိုးစားတာပဲ။ လူအဖွဲ့အစည်းအတွင်း တတ်လေ့ တတ်ထရှိတဲ့ ယဉ်ကျေးမှုနဲ့ လူမှုရေးဆိုင်ရာ ပြဿနာတွေဟာ ပညာရေးအင်စတီကျူးရှင်းမှာလည်း လာတတ်လေ့ရှိတယ်။

ဒါကို ပညာရေးပြဿနာရပ်တွေအနေနဲ့ပညာရေးအဆောက်အအုံအတွင်း ဖြေရှင်းပေးဖို့ ကြိုးစားတာဟာ လစ်ဘရယ်ဒီမိုကရေစီ လူ့အဖွဲ့အစည် အားကောင်းမောင်းသန် သွားနိုင်ဖို့ရာ အစဦး ခလုတ်ဆူးညှောင့်တွေ ကို ဖြေရှင်းထားခြင်းသာ ဖြစ်တယ်။ ဥပမာ ကွီးဘတ်လူ့အဖွဲ့အစည်းက သူတို့ရဲ့ ပြဿနာကို ပညာရေးစနစ် အတွင်း ကနေ ဖြေရှင်းထားပုံကို ကြည့်ရင် သိနိုင်တယ်။                                                                                                                                                      
ယဉ်ကျေးမှုဆိုင်ရာ ဗဟုဝါဒအတွက် ပညာရေးအတွင်း ပြဿနာအတတ်ဆုံးက ဘာသာစကားကိစ္စပဲ ။ ပညာရေးရဲ့ အခြေခံအကျဆုံးယူနစ်တစ်ခုက ဘာသာစကားပဲ။ ဘာသာစကားဟာလည်း ယဉ်ကျေးမှု ဆိုင်ရာ ကိစ္စဖြစ်နေတယ်။  တစ်နိုင်ငံလုံးက ကွဲပြားခြားနားတဲ့ လူမျိုး၊ဘာသာစကားတွေကြားမှာ ဗမာဘာသာစကားနဲ့ သာသင်ကြားနေရတဲ့ ကိစ္စဟာ တစ်ချို့သော လူမျိုးတွေအတွက် ပြဿနာကြီး တစ်ခုဖြစ်မှာတော့ အမှန်ပဲ။

တစ်ခြားသော ယဉ်ကျေးမှုနဲ့ လူမျိုးတွေမှာ ပညာရေးအခြေခံ ဘာသာစကားအတွက် ရွေးချယ်မှုမရှိတာဟာ ဒီမိုကရေစီရဲ့ သဘောနဲ့ ချွတ်ယွင်းတိမ်းပါးနေတယ်။  ဒါပေမယ့် လည်း တစ်ဖက်မှာ ဘာသာစကား၊ သင်ရိုးညွှန်းတမ်း ရွေးချယ်မှုတွေကို ဒေသခံလူမျိုးစုတွေကို  ရွေးချယ်ပေးလိုက်မယ်ဆိုရင်  ပြည်ထောင်စုနိုင်ငံ  အဖြစ်သွားမယ့် နိုင်ငံတစ်နိုင်ငံရဲ့ နိုင်ငံရေးရာ ဆောင်ရွက်မှုတွေကို လှိုက်စားခံနေရမယ့် သဘောရှိတယ်။

သင်ရိုးညွန်းတမ်းဘာသာရပ်တွေမှာ သင်္ချာလို ဘာသာရပ်တွေက ဘာသာစကားဆိုင်ရာ ဘက်လိုက်မှု ကင်းတယ်လို့ ယူဆနိုင်ပေမယ့်  စာပေ၊ အနုပညာ၊ သမိုင်းနဲ့ သိပ္ပံပညာရပ်တွေမှာ ဘာသာစ ကားပြဿနာက ၀င်ရောက်လာတယ်။ အဆုံးသတ်မှာ ဘယ်လိုစာပေ နဲ့ အနုပညာတွေကို ထည့်ဝင်မလဲက အစ ၊ ဘယ်လိုရေးသားထားတဲ့ သမိုင်း၊ ဘယ်သူတွေ အကြောင်းရေးသားထားတဲ့ သမိုင်းမျိုးကို သင်ကြား မလဲဆိုတာ မြို့ပြနိုင်ငံဖြစ်ထွန်းတိုးတက်မှုအတွက်ကြည့်ရင် ပြဿနာပေါင်းများစွာ ရှိနေတယ်။
                                    
အင်္ဂလိပ်နဲ့ အမေရိကန်မှာ ဗဟုယဉ်ကျေးမှုဝါဒနဲ့ပတ်သတ်ပြီး အမြင်တစ်ရပ်ရှိတယ် ။ ယဉ်ကျေးမှုတိုင်းဟာ သူတို့ရဲ့ ပညာရေးစနစ်တိုင်းမှာ တူညီတဲ့ တန်ဖိုးစံတွေရှိရမယ်။ ပညာရေးစနစ်ဟာ ယဉ်ကျေးမှုဆိုင်ရာ ကွဲပြားခြားနားမှုတွေကို မြေတောင်မြှောက်ပေးရမယ်ဆိုတဲ့ အမြင်ပဲ။ ပြန်လည်မေးခွန်းထုတ်ကြသူက ယဉ်ကျေးမှုတိုင်းဟာ တကယ်ပဲ တူညီတဲ့ တန်ဖိုးစံရှိသလား၊ ပညာရေးစနစ်အတွင်း ညီမျှတဲ့ တန်ဖိုးစံ အဖြစ်နဲ့ လုပ်ပေးလို့ရတယ်ဆိုတာ လက်တွေ့ကကျပါ့မလား ဆိုတဲ့ မေးခွန်းပဲ။ ဒါဟာ ယဉ်ကျေးမှုကို အသိအမှတ်ပြုပေးတာထက်ပိုပြီး လွန်ကဲတဲ့ အနေအထားတစ်ရပ်ဆီကို ရောက်သွားစေတယ်လို့လည်း မှတ်ချက်ပေးကြတယ်။ 

ဒါဟာ ပညာရေး၊ လစ်ဘရယ်ဝါဒနဲ့ ယဉ်ကျေးမှု ဗဟုဝါဒအတွင်း ဖြေရှင်းရခက်ခဲတဲ့ ပြဿနာရပ် တစ်ခုအဖြစ်အမြဲတည်ရှိနေတာ။ ဒါပေမယ့် တစ်ဖက်မှာလည်း တခြားသော တိုင်းရင်းသားတွေ၊ တစ်ချို့သောအုပ်စုတွေရဲ့ ယဉ်ကျေးမှုတွေကို လစ်လျူထား၊ ဘေးဖယ်ထုတ်ထားတဲ့ ပညာရေးဟာ လူအဖွဲ့အစည်းကွဲပြားခြားနားမှုရောက်တဲ့ အတွက် လစ်ဘရယ်ဒီမိုကရေစီ လူ့အဖွဲ့အစည်း ရဲ့  မျှော်မှန်းချက်တွေနဲ့ ဆန့်ကျင်ကွဲလွဲနေတဲ့ ပညာရေးမျိုးဆိုတာတော့ ဘယ်သူမှ ငြင်းပယ်မှာ မဟုတ်ဘူး။

ဗဟုဝါဒ ယဉ်ကျေးမှုကို လစ်ဘရယ်ဒီမိုကရေစီအပေါ် သက်ဝင်ယုံကြည်သူများက သဘောထားကြီးကြီးနဲ့ ပညာရေးပေါ်လစီအတွင်း အကောင်းဆုံး ထည့်သွင်း ထုတ်ဖော်သွားဖို့ ဟာ အရေးကြီးတဲ့ ပေါ်လစီ စီမံကိန်းတစ်ရပ်ပဲ။

ဒီလို ပေါ်လစီကိုမေ့ပျောက်ထားမယ်ဆိုရင် လူ့အဖွဲ့အစည်းအတွင်း ယဉ်ကျေးမှု ပေါင်းစုံ၊ လူမျိုးပေါင်းစုံ၊ လူအုပ်စုပေါင်းစုံဟာ အမြဲထိပ်တိုက်တွေ့ဖို့ ပြင်ဆင်နေမှာ ဖြစ်တယ်။ လူ့အဖွဲ့အစည်းဟာ ယဉ်ကျေးမှု အားဖြင့် ပြင်းထန်တဲ့ ပဋိပက္ခတွေကို ဖော်ဆောင်မယ့် နိုင်ငံရေးသွင်ပြင် တစ်ရပ်ဆီ  ရွေ့လျားသွားမှာ
 ဖြစ်တယ်။             
မင်းခက်ရဲ

댓글 없음:

댓글 쓰기