2011년 9월 18일 일요일

စစ်တပ် အာဏာသိမ်းကာလ ၂၃နှစ်ပြည့် ကန့်ကွက် ဆန္ဒပြပွဲကျင်းပပြီးစီး

မြန်မာပြည်ကို လွန်ခဲ့တဲ့ ၁၉၈၈ခုနှစ် စက်တင်ဘာလ ၁၈ရက်နေ့ကစပြီး စစ်တပ်က အာဏာသိမ်းခဲ့တာ အခု ဆိုရင် ၂၃နှစ်ပြည့်ပြီ ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ ပြည်သူကို သေနတ်မိုးပြီး ဖိနှိပ်အုပ်ချုပ်လာခဲ့တဲ့ နအဖအစိုးရဟာ လက်ရှိမှာ အရပ်သားအစိုးရအဖြစ်ကို အသွင်ပြောင်းလဲ ဆက်လက် အုပ်စိုးလျှက် ရှိနေပါတယ်။
အရပ်သားအစိုးရ ရုပ်သွင်ကိုယူပြီးနောက် လက်ရှိမှာ ပြောင်းလဲမှုတွေ ပြုလုပ်နေသယောင် နိုင်ငံတကာရဲ့
မြင်ကွင်းမှာ ပုံစံမျိုးစုံကို ပြသဖို့ ကြိုးစားနေတဲ့ နအဖ အစိုးရကို ကိုရီးယားရောက် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူများက အယုံအကြည်မရှိကြောင်း ယနေ့ နအဖသံရုံးရှေ့ သတင်းစာရှင်းလင်းပွဲမှာ အတိအလင်းပြောကြားလိုက်ပါတယ်။
ယနေ့ စက်တင်ဘာ၁၈ရက် နေ့လယ် ၁၂နာရီက စတင်ပြီး ကိုရီးယားက နအဖသံရုံးရှေ့မှာ ၁နာရီကျော် ကျင်းပပြုလုပ်ခဲ့တဲ့ ၂၃နှစ်ပြည့်  စစ်တပ်အာဏာသိမ်းမှု ကန့်ကွက် သတင်းစာရှင်းလင်းပွဲမှာ ကိုရီးယားရောက် မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူများ စုဝေး တက်ရောက်ခဲ့ကြပါတယ်။
တက်ရောက်ကြသူများက လက်ရှိ နအဖ တဖြစ်လဲ အသွင်ပြောင်း ကြံ့ဖွတ်အစိုးရရဲ့ အပြောများပြီး အလုပ်မလုပ်မှုကို ပြစ်တင်ကာ စစ်မှန်တဲ့ ဒီမိုကရေစီတိုင်းပြည်ဖြစ်ဖို့အတွက် လက်ရှိ မတရား အကျဉ်းချခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားများကို ဦးစွာ ပထမ ချက်ချင်း လွှတ်ပေးရန်တောင်းဆိုကြပါတယ်။
 ဆက်လက်ပြီး မြန်မာပြည်ရဲ့ အသက်သွေးကြောဖြစ်တဲ့ သမိုင်းဝင် ဧရာဝတီမြစ်ကြီးကို မဖျက်ဆီးဖို့နဲ့ သဘာဝ ပတ်ဝန်းကျင်ကို ထိမ်းသိမ်းစောင့်ရှောက်ဖို့အလေးအနက်တောင်းဆိုခဲ့ကြပါတယ်။

သတင်း၊ ဓာတ်ပုံ   စိုးမိုးသူ

댓글 없음:

댓글 쓰기