2011년 6월 30일 목요일

သီချင်းဆိုပြိုင်ပွဲ ၀င်လိုသူများအတွက် သိစရာအချို့

မင်္ဂလာ
၂၀၁၁ ရွှေ့ပြောင်းသူတို့ အဆိုပြိုင်ပွဲကို ၀င်ပြိုင်လိုသူများအတွက် သိထားစရာ အချို့ကို တင်ပြလိုက်ပါတယ်။
သီချင်းဆိုပြိုင်ပွဲဝင်တဲ့သူအပေါ် အမှတ်ပေးစနစ်က
  1. သီဆိုနည်း
  2. သီဆိုဟန်
  3. ပရိသတ်ကို ဆွဲဆောင်နိုင်စွမ်း
ဆိုတဲ့ အချက်၃ချက်အပေါ် အဓိကထား အမှတ်ပေးပါတယ်။

၁) သီဆိုနည်း ဆိုတာကတော့
သီချင်းကို ပိုင်ပိုင်နိုင်နိုင် စနစ်တကျ သီဆိုတတ်ခြင်းကို ဆိုလိုတာပါ။

သီချင်းကို သီဆိုတဲ့အခါ
၁) ဟိန်သံ
၂) လေတွန်းအား
၃) တုန်ခါခြင်း၊
၎) တိုင်မင်၊ သံစဉ် ညီညာ မှန်ကန်ခြင်း
ဆိုပြီး အခြေခံအားဖြင့် သိထားသင့်တဲ့ အချက်လေးချက်ရှိပါတယ်။

၁) ဟိန်သဆိုတာ သီဆိုသူဟာ သီချင်းဆိုတဲ့ အခါ မည်သည့် အထောက်အကူပြု ကိရိယာမပါပဲ မိမိအသံကို ဟိန်သံ ထွက်အောင်သီဆိုနိုင်ရပါမယ်။
ဟိန်သံထွက်အောင် အလွယ်ဆိုနည်းကတော့ အသံကို နှာသံ အနည်းငယ်ရောပြီး   နှာဖူးနဲ့
မျက်လုံး ၀န်းကျင်ကနေပြီး အသံက ထွက်နေတယ်လို့ စိတ်မှာသွင်းပြီး လေ့ကျင့်သီဆိုပါ။

၂) လေတွန်းအား ဆိုတာ အသံကို ပါးစပ်ကနေ အပြင်ကို တွန်းပို့တဲ့ တွန်းအားကို ပြောတာပါ။
အသံဆိုတာ လေကိုစီးပြီး ပြင်ပကို ထွက်လာတာ ဖြစ်တဲ့အတွက် သီချင်းဆိုတဲ့အခါမှာလည်း အလားတူပါပဲ။
ဒီတော့ သီချင်းဆိုတဲ့အခါ လေတွန်းအားကို လိုသလောက်သာ မျှတ သုံးစွဲပြီး သီချင်းဆိုရပါတယ်။
ဆိုနေရင်း အမြင့်သံထုတ်တယ်ဆိုတာ မတရားအော်ဟစ်ခြင်းမဟုတ် လိုအပ်တဲ့လေတွန်းအား ပမာဏကို လိုသလောက် အသုံးပြုပြီး အသံကိုထုတ်တာ ဆိုတာကို သိထားသင့်ပါတယ်။
အဲဒီလိုမဟုတ်ပဲ အမြင့်သံထုတ်ရမှာဖြစ်လို့ ကုန်းအော်တာဟာ သီချင်းဆိုနည်းအမှန်မဟုတ်သလို နားထောင်ရတဲ့သူအတွက်လည်း အဆင်မပြေဖြစ်ရပါတယ်။ အမြင့်သံကို ဆိုနိုင်ဖို့ဆိုတာ နေ့စဉ်မှန်မှန်လေ့ကျင့်မှုဖြင့်သာ ရယူနိုင်တာကြောင့် နေ့စဉ်မှန်မှန်သီချင်းဆို လေ့ကျင့်နည်းကို ပြုလုပ်သင့်ပါတယ်။

၃) တုန်ခါခြင်း ဆိုတာ သီချင်းကို သီဆိုတဲ့အခါ အသံလှိုင်းများရဲ့ သဘာဝကျကျ တုန်ခါမှုကို လုပ်ယူပြီး
သီဆိုရပါတယ်။ တုန်ခါသီဆိုမှုက ဟုန်သံကိုလည်း အထောက်အကူပြုပါတယ်။ ဒါပေမယ့် တုန်ခါတိုင်းလည်း
ကောင်းတာမဟုတ်တဲ့အတွက် တုန်သင့်တဲ့အခါ တုန်မှကောင်းပါတယ်။ တုန်တဲ့အခါမှာလည်း တစက္ကန့်ကို ၄ကြိမ် ညီမျှစွာ တုန်တာက အကောင်းဆုံးပါ။ တုန်တဲ့အခါမှာလည်း အသံတခုနဲ့ တခုအကြား အကွာအဝေး ညီမျှစွာတုန်ပါ။ အဲလိုမှမဟုတ်ရင် တုန်သံဟာ ရယ်စရာဖြစ်နေပါလိမ့်မယ်။

၎) တိုင်မင်၊ သံစဉ် ညီညာ မှန်ကန်ခြင်းဆိုတာကတော့ အထူးပြောစရာ မလိုပါဘူး။ သီချင်းသီဆိုသူဟာ
ဘယ်လိုပဲ အသံက ကောင်းနေနေ၊ သီဆိုနည်းတွေ ကြွယ်ဝနေနေ တိုင်မင် မညီ၊ သံစဉ်မမှန်ရင် သီချင်းဟာ နားထောင်ဖွယ် မကောင်းပါဘူး။ လေ့ကျင့်ဖို့ အကောင်းဆုံးနည်းကတော့ သီချင်းဆိုတဲ့အခါ မိမိကိုယ်ကို
ဘယ်ရိမ်း ညာရိမ်းဖြင့်တိုင်မင်လိုက်ပြီး သီဆိုလေ့ကျင့်ပါ။


၂) သီဆိုဟန်
သီချင်းသီဆိုတဲ့အခါ စာသားကို အလွတ်ရယုံသာမက စာသားပါ အကြောင်းအရာတွေ အတိုင်းထပ်တူ ခံ
စားပြီး သီဆိုတတ်ရပါတယ်။ အလွမ်းဆိုလည်း တကယ်လွမ်းနေသူလို၊ ရော့ခ်သီချင်းဆိုတဲ့အခါမှာလည်း ရှေ့ကိုထိုးထွက် တိုက်ခိုက်တော့မယ့် သူရဲကောင်းလို ခံစားပြီး သီဆိုမှ သီချင်းရဲ့ အရသာက နားထောင်သူ
ဆီကို အပြည့်အ၀ရောက်မှာဖြစ်ပါတယ်။ သဏ္ဍာန်လုပ် သရုပ်တူဆိုတဲ့ စကားအတိုင်းပဲပေါ့။
သီချင်းဆိုကောင်းချင်ရင် သရုပ်ဆောင်ကောင်းလည်း ဖြစ်ရပါတယ်။ သီချင်းစာသားတွေကို သရုပ်ဖော်ကောင်းမှသာ သီချင်းဆိုကောင်းသူ အဖြစ် သတ်မှတ်တယ်ဆိုတာ သိထားစေချင်ပါတယ်။

၃) ပရိသတ်ကို ဆွဲဆောင်နိုင်စွမ်း

အပေါ်က ပြောခဲ့တဲ့ အချက်တွေ ပြည့်စုံရင် ပရိသတ်ကို ဆွဲဆောင်နိုင်ပါတယ်။ ဒါပေမယ့် မပြည့်စုံပါဘူး။
အဆိုတော်ဆိုတာ ဆိုစရာရှိတာဆိုတာပဲ ကိုယ့်ကိစ္စလို သဘောထားသူ၊
ပြီးတော့ တီးခတ်သူတွေက နောက်ဆုံးပိတ်တီးလုံး တီးနေတုန်း ဆိုစရာ စာသားပြီးသွားလို့ တီးလုံး အဆုံးထိတောင် မဆောင့်ပဲ မိုက်ကို မိုက်စတန်းမှာ ထိုးချိတ်ပြီး စင်ပေါ်က ဆင်းသွားတဲ့ မြန်မာပြည်က အဆိုတော်တွေ အချို့ရဲ့ ရုပ်ဆိုးတဲ့ လုပ်ရပ်မျိုးကို ရှောင်ကျဉ်ပါ။

သီချင်းဆိုတဲ့သူဟာ သီချင်းအစကနေပြီး အဆုံးအထိ သေသပ်စွာ သီဆိုဖျော်ဖြေရမည့် တာဝန်ရှိ ပါတယ်။ အတီးသမားက တီးလံုးတီးနေစဉ် ကိုယ်နဲ့မဆိုင် ဘေးထွက် ငူငိုင်မနေသင့်ပါဘူး။ တီးလုံးအပေါ် ပရိသတ်ခံစားနိုင်အောင် အနှေးသီချင်းမျိုးဆိုရင် တီးလုံးတီးနေစဉ် ပရိသတ်ကို လက်များ အသာ အယာ
ဝှေ့ရမ်းစေခြင်း၊ အမြန်သီချင်းမျိုးဆိုရင် တီးသူဘေးသွားပြီး တီးသူနဲ့အတူတကွ တီးလုံးအလိုက်အတိုင်း ကိုယ်ကို လှုပ်ခါခြင်း၊ ပရိသတ်ကို သံပြိုင် အော်ဟစ်စေခြင်းဖြင့် ပရိသတ်ပါ သီချင်းသီဆိုမှုထဲမှာ အတူ ပါဝင်လာအောင် ပုံစံအမျိုးမျိုးနဲ့ ဆွဲဆောင်နိုင်ရပါတယ်။
သီဆိုသူနဲ့ ပရိသတ် အပေးအယူမျှမျှ ဖြစ်အောင်ဖန်တီးနိုင်တဲ့ အဆိုတော်ကသာ အဆိုတော်ကောင်းဖြစ် ပါတယ်။ သီချင်းဆိုကောင်းတာ အရေးကြီးသလို မိမိသီဆိုနေစဉ် ပရိသတ်ကို ပျော်ရွှင်စရာကောင်းတဲ့ သီချင်းသီဆိုနားထောင်ချိန်ဖြစ်အောင် ဦးဆောင်သွားနိုင်တာက ပိုပြီး အရေးကြီးကြောင်း သိထားစေချင်ပါတယ်။

အထက်ပါ အချက်တွေကို ညက်ညက်ကြေအောင် မှတ်သားပြီး သီချင်းလေ့ကျင့်ပါ။

ပြိုင်ပွဲဝင်သီချင်းဟာ ဘယ်နိုင်ငံသီချင်းဖြစ်ဖြစ် ရတယ်ဆိုပေမယ့်။ ဖြစ်နိုင်ရင် ကိုရီးယားသီချင်းနဲ့ အင်္ဂလိပ် သီချင်းကို သီဆိုစေချင်ပါတယ်။ သီချင်းကို ရွေးခြယ်တဲ့အခါမှာလည်း သီဆိုနည်းပေါကြွယ်ခြင်း၊ ပရိသတ်ကို ဆွဲဆောင်နိုင်ခြင်း၊ မြူးမြူးကြွကြွသီချင်းဖြစ်ဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် မိမိ ရွေးထားတဲ့ သီချင်းက နာမည်ကြီး သီချင်းကောင်းဆိုပေမယ့်လည်း မိမိက အဆိုကောင်းဖို့က ပိုအရေးကြီးပါတယ်။

အမှတ်ပေးမယ့် ဒိုင်လူကြီးတွေက ကိုရီးယားတွေဖြစ်တာကြောင့် ကိုရီးယားသီချင်းတွေထဲက အဆင့်ရှိတဲ့ သီချင်းမျိုးရွေးခြယ်လေ့ကျင့်ပြီး ယှဉ်ပြိုင်စေချင်ပါတယ်။

သီချင်းသီဆိုနည်းနဲ့ ပတ်သက်ပြီး သိထားစေချင်တာတွေကတော့ အများကြီးပါ။
လောလောဆယ် ဒီလောက်သိထားရင် လုံလောက်မယ်ထင်ပါတယ်။

ဆိုးလ်မြို့ သီချင်းဆိုပြိုင်ပွဲမှာ ကျနော်က ဒိုင်လူကြီးအဖြစ် ဆောင်ရွက်မှာဖြစ်ပါတယ်။
မြန်မာနိုင်ငံသားတွေ များများ ၀င်ပြိုင်စေချင်ပါတယ်။
အားလုံး တေးသီချင်းသီဆိုခြင်းဖြင့် ဘ၀ပင်ပန်းမှုအပေါင်း ပြေပျောက်နိုင်ကြပါစေ။
စိုးမိုးသူ

댓글 없음:

댓글 쓰기